
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့ ထိစပ်နေသည့် ယောဒေသတွင် တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေကာ စစ်ကောင်စီတပ်က ဒေသခံများ၏ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးလျက်ရှိသည်။
ယောဒေသမြောက်ပိုင်းဖြစ်သော ဂန့်ဂေါမြို့နယ်အပြင် အခြားမြို့နယ်များတွင်လည်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် ယောနယ်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ အနည်းဆုံး ၇၀ ခန့်ရှိပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဒဏ်ရာရသူသာရှိပြီး သေဆုံးမှုမရှိသလောက်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
“ယောဒေသမှာ တိုက်ပွဲအခြေအနေကတော့ နေရာအသီးသီးမှာ ဖြစ်နေတယ်လို့ ပြောရမှာဗျ။ ဂန့်ဂေါနယ်မြောက်ပိုင်း၊ ဂန့်ဂေါနယ်တောင်ပိုင်း၊ ထီးလင်း၊ ကျောက်ထု၊ ဆော အကုန် နေရာအသီးသီးမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်ဗျ” ဟု YDF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ဒေသခံများ သတ်ဖြတ်ခံရကာ နေအိမ်များ ဆက်တိုက်မီးရှို့ခံရ
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် ထိစပ်နေသော ယောဒေသတွင် စက်တင်ဘာ ၉ ရက်မှစ၍ ဒေသခံ PDF အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဂန့်ဂေါမြို့နယ်အတွင်း စက်တင်ဘာ ၉ နှင့် ၁၀ ရက်က ထိပ်တိုက်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
ထိုသို့ အထိနာခဲ့သော စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဂန့်ဂေါမြို့နယ် နှမ်းခါးနှင့် ထယ်လှော်ရွာတို့တွင် နေအိမ်အလုံး ၁၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည့်အပြင် မြင်သားကျေးရွာ၌ ဒေသခံ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရသည်။ အများစု မှာ ၁၈ နှစ်အရွယ် လူငယ်များဖြစ်သည်။
“ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တဲ့အခါ စစ်ကောင်စီတပ်သားတွေက သူတို့မနိုင်တဲ့အခါ ကျေးရွာတွေကို ဝင်ပြီး မီးရှို့တယ်။ လူနေအိမ်တွေကိုလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ အဲလိုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေတော့ ရှိတယ်ဗျ။ အဲဒါကတော့ တော်တော်များများ ကြုံရတယ်ဗျ” ဟု YDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
နှမ်းခါးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ နှင့် ၁၃ ရက်များတွင် နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်သည်။
ယနေ့ (စက်တင်ဘာ ၁၄) တွင်လည်း ဂန့်ဂေါမြို့နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်း ကလေးမြို့နယ်အစပ်ရှိ ကျောက်ဆည်ရွာ၌ စစ်ကောင်စီတပ်က နေအိမ်နှစ်လုံးကို မီးရှို့ခဲ့သည့်အပြင် ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သက်ကြီးပိုင်းအရွယ်နှစ်ဦးကို သတ်ဖြတ်ခံထားရသည်ကို တွေ့ခဲ့ရသည်ဟု YDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
နယ်မြေချင်းထိစပ်နေသည့် ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာနှင့် ကလေးမြို့နယ်မှ ကျောက်ဆည်ရွာအကြားရှိ မေတ္တာမြစ်ကူးကြိုးတံတားအနီး ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောက်ဆည်ရွာ၌ တပ်စွဲထားသည့် စစ်တပ်က ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“ကျောက်ဆည်ရွာက မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေက ဘုန်းကြီးကျောင်းထဲမှာ နေခဲ့တာ။ သန်သန်မာမာလူတွေကတော့ တောထဲတောင်ထဲ ပြေးကြတာ။ အသတ်ခံရတဲ့အထဲ ဦးသောင်းမြင့်ကိုတော့ အတည်ပြုလို့ရပြီ။ နောက်တစ်ယောက်ကတော့ အတည်ပြုလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က စက်တင်ဘာ ၁၃ တွင် သတ်ဖြတ်ခဲ့သူတစ်ဦးမှာ ကျောက်ဆည်ရွာမှ အသက် ၅၅ နှစ်အရွယ် ဦးသောင်းမြင့်ဖြစ်ကြောင်း၊ ယမန်နေ့က မေတ္တာမြစ်ကူးကြိုးတံတားအနီး စစ်ကောင်စီယာဉ်တန်းကို ကလေးမြို့ပြောက်ကျားတပ်ဖွဲ့က ချုံခိုတိုက်ခိုက်ရာတွင် စစ်သားနှစ်ဦး သေဆုံးခဲ့ကြောင်းလည်း YDF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ကျောက်ဆည်ရွာမှ ယနေ့ နံနက် ၈ နာရီတွင် နေအိမ်တစ်လုံးနှင့် ၁၀ နာရီတွင် အခြားနေအိမ်တစ်လုံး မီးလောင်နေသည်ကို တိမ်းရှောင်နေသော ရွာသားများက အဝေးမှ မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ပျူစောထီးအဖွဲ့၏ ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိ

စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျက်ရှိသော ယောဒေသတွင် စက်တင်ဘာ ၁၁ ရက်က ဂန့်ဂေါ မြို့တောင်ဘက် ၁၅ မိုင်ခန့် အကွာရှိ မင်းရွာရဲစခန်းကို YDF အဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ထိုသို့ ဆုတ်ခွာလာရင်း စစ်ကောင်စီဘက်တော်သား ပျူစောထီးအဖွဲ့၏ ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ထားရာနေရာတစ်ခုကို YDF က သိမ်းပိုက်ရရှိခဲ့သည်။
မင်းရွာရဲစခန်းနှင့် ငါးမိုင်အကွာ ဂန့်ဂေါမြို့နယ် ခေါက်ကူရွာအနီးရှိ ပျူစောထီးအဖွဲ့၏ သိုလှောင်ရေးစခန်းကို YDF အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကာ ကာလတန်ကြေး ကျပ်သိန်း ၇၀ ဖိုးရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် ခေါက်ချိုးသေနတ်ကျည်များ သိမ်းဆည်းရမိခဲ့ကြောင်း YDF အဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။
ပျူစောထီးအဖွဲ့၏ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပုံနှင့် ပတ်သက်၍ YDF ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက ခေါက်ကူကျေးရွာနားရောက်တော့ ပျူစောထီးတပ်တွေက လက်နက်စခန်းတစ်ခု ဝှက်ထားတယ်လို့ သတင်းအရင်ကြိုရထားတာရှိတယ်။ နေရာအတိအကျ မသိဘူး။ ဒီနားတဝိုက်ဆိုတော့ တောနင်းပြီးရှာကြတာ” ဟု ပြောသည်။
ပျူစောထီးအဖွဲ့ သိုမှီးထားသည့် ပစ္စည်းများတွင် တစ်တောင့်ထိုးကျည်နှင့် ကျောက်မိုင်းခွဲရာတွင် အသုံးပြုသော ပေါက်ကွဲအားပြင်းပစ္စည်းများ ပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီက ယောဒေသတိုက်ပွဲများအတွင်း ပျူစောထီးအဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးကာ အသုံးပြုလျက်ရှိသည်ဟုလည်း YDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“အမြဲတမ်းကြီး လက်နက်ပေးမကိုင်ထားဘူး။ စစ်ကြောင်းထွက်တဲ့အချိန်မှာပဲ သူတို့ကို လက်နက်ပေးကိုင်တယ်လို့ ကြားရပါတယ်။ လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဝင်ခိုင်းတယ်။ ကျရင်လည်း ပျူစောထီးတွေဘက်က ကျတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီယာဉ်တန်းကို ဒေသခံ PDF များ ပူးပေါင်းတိုက်ခိုက်
ယောဒေသနှင့် ဆက်စပ်လျက်ရှိသည့် ဆောမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီယာဉ်တန်းကို ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က YDF နှင့် ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကျောက်ထု စသည့်မြို့နယ်များနှင့် ဆက်စပ်နေသည့် ဆောမြို့နယ်အတွင်းရှိ ကံချောင်းနှင့် ခူးချောင်း စသည့်ရွာများအနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယောနှင့်ဆော ဒေသ PDF များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂန့်ဂေါ – ကျောက်ထု လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သော ထိုတိုက်ပွဲမှာ နံနက် ၁၁ နာရီဝန်းကျင်မှ ညနေ ၄ နာရီအထိ ကြာမြင့်ခဲ့သည်ဟု ဆော PDF အဖွဲ့ခေါင်းဆောင် ယောပဒူဆိုသူက Myanmar Now ကို ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေသခံတော်လှန်ရေးသမားတစ်ဦးဖြစ်သူ ယောပဒူမှာ အသက် ၆၀ အရွယ် ရှိပြီဖြစ်ကြောင်း သိရသည်။ ပဒူဆိုသည်မှာ ဒေသအခေါ်အဝေါ်ဖြစ်ပြီး အဆိပ်ပြင်းသော ပျားသဏ္ဌာန်အကောင်ဖြစ်သည်။
စစ်ကောင်စီတပ်သည် ကျေးရွာများကို ဝင်ရောက်စီးနင်းနေသဖြင့် ထိုသို့ဝင်ရောက်တိုက်ခြင်းဖြစ်သည်ဟု ဆော PDF အဖွဲ့ခေါင်းဆောင် ယောပဒူက ဆိုသည်။
ဆောမြို့နယ် ကျောက်စက်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က အနီးဝန်းကျင်းကျေးရွာများတွင် သေနတ်ပစ်ဖောက်ပြီး ဆောမြို့သို့အပြန် လမ်းခုလတ်၌ ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“အဝေးပစ်တွေနဲ့ပဲ အပြန်လှန်ထုနေကြတာ။ ကိုယ်ကလည်း လက်နက်ကြီးနဲ့၊ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ အပြန်အလှန်ထုနေကြတာ။ တစ်နာရီလောက်ကြာပြီ။ ဖြစ်တာကတော့ သူတို့ဘက်က ဆောဘက်ရွှေ့ဖို့ လုပ်နေလို့ လက်နက်ကြီးနဲ့ လှမ်းထုတာ” ဟု ယောပဒူက ပြောသည်။
ထိုသို့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ မသိရပေ။
သို့သော် စက်တင်ဘာ ၁၁ ရက်က ဆောမြို့နယ် ကံချောင်းရွာနှင့် လယ်ကြီးအိုင်ရွာကြားတွင် စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခဲ့ရာ ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိသော်လည်း စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးခဲ့သည်ဟု ယောပဒူက ဆိုသည်။
ဖြစ်စဉ်မှာ ထိုနေ့ နံနက် ၆ နာရီခန့်တွင် စစ်သားတစ်ဦးက ကံချောင်းရွာအနောက်ဘက်၌ အင်အား ၆၀ ခန့်ရှိ စစ်သားများက ပြည်သူများနှင့် ပူးပေါင်းလိုကြကြောင်း၊ မောင်းပြန်သေနတ်များနှင့် လက်နက်ကြီးများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ရွာသားများနှင့် PDF များကို ပြောဆိုခဲ့သည်။
ထို့နောက် ပြည်သူများနှင့် ပူးပေါင်းရန် သွားရောက်ဖိတ်ခေါ်စဉ် လက်နက်ကြီးလက်နက်ငယ်များဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့သဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ မွန်းလွဲပိုင်းတွင် အင်အား ၂၀၀ ခန့်ဖြင့် စစ်ကူတက်လာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း ယောပဒူက ဆိုသည်။
“လက်နက်ချပါခေါ်တော့ အရင်ပစ်တယ်။ သူတို့က စစ်ကူခေါ်လိုက်တာ။ ၂၀၀ လောက် ထပ်တက်လာတာ ကြားတော့ မိုင်းထောင်ကြတယ်။ စစ်ကားတွေက အခွံတွေ၊ သူတို့တွေက လမ်းလျှောက်ပြီး လိုက်လာကြတာ။ အဖွဲ့တွေခွဲပြီး မိုင်းဆွဲတိုက်တာ။ အလောင်းတွေကို ကားနဲ့ သယ်ကြရတာ။ မိုးရွာတော့ တူမီးတွေ အလုပ်မဖြစ်ဘူး” ဟု စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက တိုက်ပွဲအတွေ့အကြုံအပေါ် ၎င်းက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p