
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာအနီးရှိ စစ်တပ်စခန်းတစ်ခုကို ယနေ့(စက်တင်ဘာ ၁၄) နံနက် ၃ နာရီခန့်မှစ၍ သိမ်းပိုက်ရန် ကြိုးပမ်းရာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူကြောင့် လက်လျှော့လိုက်ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“စခန်းတော့ သိမ်းလို့ မရလိုက်ဘူး။ သူတို့က ၁၀၂ (အမြောက်တပ်ရင်း) ကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်လာတယ်။ စစ်ကောင်စီဘက်က အကျအဆုံးတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ငါးနာရီခန့်ကြာမြင့်သည့် ထိုတိုက်ပွဲကို KNDF တပ်ရင်း ၁ နှင့် ကရင်နီတပ်မတော် (KA)တို့ ပူးပေါင်းဆင်နွှဲခြင်းဖြစ်ပြီး စစ်တပ်၏ လက်ပစ်ဗုံးဒဏ်ကြောင့် KNDF တပ်ဖွဲ့ဝင် ဆီမိုးနယ်(ခ)အောင်နိုင်နှင့် ပီတာဂျွန်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
KNDF ၏ အဆိုအရ အင်အားအများအပြားရှိသည်ဆိုသော ကဒါးလားကျေးရွာအနီးရှိ စစ်တပ်စခန်း၏ အသေးစိတ်အချက်အလက်များ၊ တိုက်ပွဲ၌ တပ်ဖွဲ့ဝင်တို့ မည်မျှထိခိုက်မှုရှိသည်ဆိုသည်ကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ရက်စက်စွာ ဖိနှိပ်သည့် စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံသည့် ကရင်နီဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သုံးရာထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပါ။
ထို့အတူ အာဏာသိမ်းပြီး ၇ လကျော်ကာလအတွင်း စစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးရသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်နှင့် ပြည်သူ ၉၀ နီးပါးရှိနေပြီဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) စာရင်းများက ဆိုသည်။
လက်ရှိတွင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် စစ်ဘေးရှောင်နေရသည့် ဒေသခံ တစ်သိန်းကျော်ရှိနေကြောင်း ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြောကြသည်။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ခုခံနေသည့် ကယားပြည်နယ်တွင် KNDF၊ KA တို့အပြင် ဒေသကာကွယ်ရေးအဖွဲ့ (PDF) များရှိကြပြီး ရင်ဆိုင်တိုက်ပွဲများအတွင်း မေလက မိုးဗြဲရဲစခန်းစီးနင်းတိုက်ခိုက်မှုမှာ ထင်ရှားသည်။
ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံနေကြသည့် ကယားပြည်နယ်အပါအဝင် နိုင်ငံအနှံ့ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မည်သို့ပံ့ပိုးကူညီနေသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
သို့သော် လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု စက်တင်ဘာ ၇ တွင် (NUG)က ကြေညာထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p