
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စက်တင်ဘာ ၈ မှစ၍ တိုက်ပွဲ ၅ ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အကျအဆုံးများနေသည်ဟု PDF အဖွဲ့တစ်ဖွဲ့က ပြောသည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ထိစပ်နေသော မြောင်မြို့နယ်အစွန်ပိုင်းဒေသရှိ မြစ်ဆုံ၊ ကျောက်ရစ်၊ ရွှေလှံကျေးရွာများတွင် စစ်ကောင်စီဘက်မှ ၂၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု တိုက်ပွဲအတွင်းရှိနေသူက Myanmar Now ကို ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၁၀) ညနေက ဖြစ်ပွားသော ငါးကြိမ်မြောက်တိုက်ပွဲမှာ ကျောက်ရစ်ရွာအနီး ဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သူက ပြောသည်။
“၆ ယောက်ကတော့ မသေဘူးလို့ ပြောတယ်။ ၂ ယောက်ကတော့ ကျွန်တော်တို့ရှေ့မှာပဲ မျက်နှာကို ဆက်တိုက်ပစ်လိုက်တာ။ အတွဲလိုက်ကို အစိတ်စိတ်အမြွှာမြွှာကွဲသွားတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ ၂ နာရီကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ စစ်ကူများရောက်ရှိလာသဖြင့် တပ်ပြန်ဆုတ်ခဲ့ကြောင်း၊ PDF တစ်ဦး လက်မောင်းနှင့် ဝမ်းဗိုက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ၎င်းထံမှ သိရသည်။
စက်တင်ဘာ ၈ မနက်ပိုင်း မြစ်ဆုံရွာအနီး၌ နှစ်ဖက် ထိပ်တိုက်တိုက်ခိုက်မှု စတင်ဖြစ်ပေါ်ကာ ညနေပိုင်းတွင် ရွာချင်းကပ်ရက်ဖြစ်သည့် ကျောက်ရစ်ရွာရဲစခန်းကို PDF က စီးနင်းလိုက်သည်။ စခန်းမှူးအပါအဝင် ရဲနှင့် ဆက်စပ်သူ ၃ ဦးတို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပါဝင်မည်ဟု ဆိုသဖြင့် PDF က ၎င်းတို့ကို အကူအညီပေးခဲ့သည်ဟု ဆိုသည်။
ထိုနေ့က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်း ၁၃ ဦးခန့် သေဆုံးကြောင်း PDF အဖွဲ့ဝင်က ပြောသည်။
စက်တင်ဘာ ၉ တွင် မကွေးတိုင်းဘက်မှ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေလှံရွာအနီးတွင် လက်လုပ်လောင်ချာဖြင့် တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးပြီး အနည်းဆုံး ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု တိုက်ပွဲတွင် ပါဝင်သူက ပြောသည်။
တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ လူအင်အားမများသော်လည်း လက်နက်ကြီးများကို အသုံးပြုပစ်ခတ်ခြင်းဖြင့် အသာစီးရယူထားသည်ဟု ၎င်းက ဆိုသည်။ PDF ဘက်မှ တူမီးလက်နက်ဖြင့် အများဆုံးတိုက်ပြီး အခြားသော လက်နက် အနည်းငယ်လည်း ကိုင်ဆောင်ကြောင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။
နယ်မြေထိစပ်ပြီး PDF များ အားကောင်းသော စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းတိုက်ခိုက်နေသည်။
တိုက်ပွဲသတင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းထံ မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။
စစ်ကောင်စီက စစ်သားများ ထိခိုက်သေဆုံးသည့် သတင်းကို ထုတ်ပြန်လေ့မရှိပေ။ စက်တင်ဘာ ၉ ရက်နေ့က ရန်ကုန်၊ စမ်းချောင်းမြို့နယ်တွင် စစ်ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်အရာရှိတစ်ဦး ကားရှေ့ခန်းတွင် သေဆုံးနေသည့် မှတ်တမ်းဓာတ်ပုံမှာ ထိုနေ့ညက အင်တာနက်စာမျက်နှာတွင် ပေါ်ပေါက်လာပြီး လူအများအပြားက ပြန်လည် မျှဝေခဲ့ကြသည်။
ထိုတိုက်ခိုက်မှုတွင် သုံးဦးခန့် သေဆုံးကြောင်း၊ ပုံတွင် ထင်ထင်ရှားရှားတွေ့ရသူမှာ ခမရ ၁၃၉ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန်းကျော်ခိုင်ဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီထောက်ခံသူများကလည်း အွန်လိုင်းတွင် ရေးခဲ့ကြသည်။ သို့သော်လည်း စစ်ကောင်စီက ထိုသေဆုံးမှုကို သတင်းအမှောင်ချခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe