
စစ်ကောင်စီတပ်က ရက်အတန်ကြာ ဖမ်းဆီးထားသော မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဦးမိုးကို ယနေ့ (စက်တင်ဘာ ၉) မနက်ပိုင်းက ရွာထိပ်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။
“ညက ဆိုင်ကယ်သံတွေ ကြားရတယ်။ နောက်ပြီး သေနတ်သံ နှစ်ချက်ကြားရတယ်။ မနက်ရောက်တော့ ရွာထိပ်သံလမ်းဘေးမှာ ခေါင်းတစ်ချက်၊ ရင်ဘတ်တစ်ချက် ပစ်ခံရပြီး သေဆုံးနေတာ”ဟု ရုပ်အလောင်းကို တွေ့ခဲ့ရသည့် ထိုအမျိုးသားက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၃၀ တွင် ထိုရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်နွယ် ပစ်သတ်ခံရပြီး စစ်တပ်က ကား ၈ စီးဖြင့် ရောက်လာကြောင်း၊ ယင်းနေ့မှာပင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က ဦးမိုးကို နေအိမ်အထိ သွားရောက် ဖမ်းဆီးကြကြောင်း၊ စက်တင်ဘာ ၅ တွင် စစ်ကောင်စီတပ်က ဦးမိုးကို ခေါ်လာပြီး အာဏာဖီဆန်သည့် ဝန်ထမ်းများ၏ နေအိမ်များကို လိုက်လံ ပြသခိုင်းခဲ့ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။
“အဲဒီနေ့က သူ့ကို လက်ပြန်ကြိုးတုပ်ခေါ်လာတယ်။ သေနတ်နဲ့ချိန်ထားတယ်။ ဒါပေမယ့် အားလုံးက ရှောင်တိမ်းနေခဲ့တော့ မဖမ်းမိခဲ့ဘူး”ဟု ဆိုသည်။
ယမန်နေ့ညက ဦးမိုးကို ရွာသို့ ထပ်မံ ခေါ်လာပြီး ပစ်သတ်လိုက်ခြင်းဖြစ်မည်ဟု ဘုရားလှကျေးရွာ ဒေသခံများက ယူဆနေကြသည်။
ထိုရွာမှ အခြားအမျိုးသားတစ်ဦးက ဦးမိုးသည် စစ်ကောင်စီတပ် ထပ်မံအလိုရှိသူများ၏ နေအိမ်ကို မပြသနိုင်သဖြင့် အသတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ပြောသည်။
“ခံပြင်းတယ်။ ကိုယ့်ရွာသား အခုလိုဖြစ်တာ လုံးဝ မကျေနပ်ဘူး။ မကျေနပ်လည်း သူတို့က လက်နက်နဲ့” ဟု ၎င်းက ဆိုသည်။
“သူတို့က မဟုတ်ဘဲ စွပ်စွဲဖမ်းဆီးတာတွေလုပ်လို့ အခုရွာထဲမှာ ယောက်ျားတွေမရှိသလောက်ပဲ။ ပြေးနေကြရတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူတစ်ဦးဖြစ်သည့် ဦးမိုး၏ ရုပ်အလောင်းကို ရွာတွင် ပြင်ဆင်ထားကြောင်း၊ အသက် ၁၂ အရွယ်သမီး နှင့် ၉ နှစ်အရွယ် သားဖြစ်သူတို့ ကျန်ရစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်၂၃ မနက်ပိုင်းကလည်း ဘုရားလှရွာသား ၄ ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၅ တွင် ပြန်လွှတ်ပေးခဲ့သည်။
အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ကြက်သွန်နှင့် ကညွတ် အဓိကစိုက်ပျိုးကြသည့် ဘုရားလှရွာ ရွာသူရွာသားအများစုမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများဖြစ်ကာ သတင်းပေး (ဒလန်) များကြောင့် လုံခြုံမှုမရှိသလိုဖြစ်နေသည်ဟု ရွာသားများက ဆိုကြသည်။
တောင်သာမြို့နယ်တွင် သံသယဖြင့် ဖမ်းဆီးခံရပြီး ၂၄ နာရီ မပြည့်မီ စစ်ကြောရေးတွင် ဦးမျိုးမြင့်သန်ဆိုသူ ဇွန် ၁၄ က သေဆုံးခဲ့ရသည်။
PDF ကလည်း တောင်သာမြို့နယ်အတွင်း ဒလန်များကို ပစ်ခတ်သတ်ဖြတ်နေရာ စစ်တပ်သတင်းပေးဟု ယူဆရသူများထဲမှ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe