သတင်း

မြောင်မြို့နယ် ကျေးရွာရဲစခန်းတစ်ခုကို PDF စီးနင်းပြီး စခန်းမှူးကို ဖမ်းဆီး 

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၈) ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ကျောက်ရစ်ကျေးရွာ ရဲစခန်းတစ်ခုကို စီးနင်းနိုင်ခဲ့ပြီး စခန်းမှူးအပါအဝင် ဆက်စပ်သူ ၃ ဦးကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု အဆိုပါ PDF အဖွဲ့များဘက်မှ သိရသည်။

စက်တင်ဘာ ၇ မှစ၍ မြောင်မြို့နယ်အတွင်း ဒေသခံ PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်တပ်၏ ထိုးစစ်ဆင်စီးနင်းမှုများကြောင့် တိုက်ပွဲများ ပြန်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယမန်နေ့ ညနေ၌ မြစ်ဆုံရွာနှင့် ကျောက်ရစ်ရွာအနီး တိုက်ပွဲဖြစ်ခဲ့ရာ ထိုသို့ ရဲစခန်းကို PDF များက စီးနင်းနိုင်ခြင်း ဖြစ်သည်။ 

ကျောက်ရစ်ကျေးရွာရဲစခန်းကို စီးနင်းရာတွင် ရဲတချို့က လက်နက်များနှင့်အတူ ထွက်ပြေးသွားပြီး စခန်းမှူးအပါအဝင် ဆက်စပ်သူ ၃ ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မည်ဟုဆိုကာ လက်နက်မပါဘဲ အညံ့ခံခဲ့ကြောင်း၊ ၎င်းတို့ကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားကြောင်း တိုက်ပွဲဝင် PDF အဖွဲ့များ၏ သတင်းပြန်ကြားသူများက Myanmar Now ကို ယနေ့ အတည်ပြုသည်။ 

ယမန်နေ့ညတိုက်ပွဲအတွင်း အနည်းဆုံး ဒေသတွင်း PDF ၄ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

ရဲစခန်းကို PDF စီးနင်းထားစဉ် စစ်ကားသုံးစီး ရောက်ရှိလာသဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါရဲစခန်း၌ စစ်တပ်က တပ်စွဲထားကြောင်း သိရသည်။

မြောင်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် မြစ်ဆုံရွာကို စီးနင်းထားခဲ့သည်။ 

မြစ်ဆုံရွာအနီးဖြစ်ပွားသော တိုက်ပွဲနှင့် ပတ်သက်ပြီး တိုက်ခိုက်ခဲ့သည့် 27 Revolution Force အဖွဲ့ဝင်တစ်ဦးက မနက် ၁၀ နာရီခန့်မှစ၍ စစ်တပ်ဘက်မှ လက်နက်ကြီး အချက် ၄၀ ခန့်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မြစ်ဆုံရွာတွင် တပ်စွဲလိုက်ကြောင်း၊ ၎င်းတို့ဘက်မှ ဆုတ်ခွာကာ ခုခံစစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။ 

ထို့နောက် နေ့လယ်တွင် တိုက်ပွဲများ ခဏရပ်နားခဲ့ပြီး ညဘက်တွင် တိုက်ပွဲများ ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

မြင်းခြံမြို့နယ် PDF အဖွဲ့သုံးဖွဲ့ဖြစ်သော 27 Revolution Force, နှလုံးလှလူမိုက်ကြီးများအဖွဲ့၊ တလုပ်အဖွဲ့တို့နှင့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ (CDSOM) တို့ ပူးပေါင်း၍ စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ကို ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း CDSOM က ယမန်နေ့ညတွင် သတင်းထုတ်ပြန်သည်။ 

တိုက်ပွဲပြီးဆုံးချိန်တွင် စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး ဒေသခံ PDF ဘက်မှ ထိခိုက်မှုမရှိဟု ၎င်းတို့ဘက်က ဖော်ပြထားသည်။ ကျောက်ရစ်ကျေးရွာ စခန်းမှူးအပါအဝင် ၃ ဦးကို ထိန်းသိမ်းနိုင်ပြီး နဘက်စံပြကျေးရွာရှိ ရဲစခန်းကို မီးရှို့ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မနက်ပိုင်းက ဖြစ်ပွားသည့် မြစ်ဆုံတိုက်ပွဲတွင်မူ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ညနေတွင် တိုက်ပွဲထပ်ဖြစ်ပြီး ၆ ဦး သေဆုံးသည်ဟု ပါရှိသည်။ 

ယနေ့မနက် ၇ နာရီခန့်တွင် မြောင်မြို့နယ်သို့ စစ်ကူလာသည့် မကွေးတိုင်း၊ ရေစကြိုမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ ရွှေလံရွာအရောက် မြင်းခြံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး အနည်းဆုံးသေဆုံးခဲ့သည်ဟု PDF အဖွဲ့ဝင်က ဆိုသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ်တို့သည် နယ်မြေထိစပ်ပြီး PDF များ အားကောင်းသောကြောင့် အဆိုပါ ဒေသများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းတိုက်ခိုက်နေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button