
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီး ၄ ဦးကို ယမန်နေ့ (စက်တင်ဘာ ၈) က အွန်လိုင်းမှ အမှု စတင်ကြားနာသည်ဟု အမှုသည်တစ်ဦး၏ ရှေ့နေက ပြောသည်။
“အမှု ရုံးတင်တယ်။ လုပ်ဆောင်ချက်ကတော့ ရှေ့နေတွေ ကိုယ်စားလှယ်လွှဲစာတင်ကြတယ်။ အမှုစစ်တာ မရှိသေးပါ။ ရုံးချိန်းကတော့ ၂၁ ရက်နဲ့ ၂၂ ရက်ကို ထပ်ရုံးချိန်းပါတယ်။ Video Conferencing နဲ့ တွေ့ဆုံရတာဖြစ်ပြီးတော့ သူတို့ရဲ့သဘောထားတွေကို ကျွန်တော်တို့နဲ့ အပြန်အလှန်ဆွေးနွေးခဲ့ရပါတယ်။ မိသားစုတွေနဲ့လည်း ပြောဆိုခွင့်ရခဲ့ကြပါတယ်”ဟု ဝန်ကြီးဦးကျော်အေးသိန်းဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
ဦးညီပုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအပါအဝင် အမှု ၃ မှုအထိ တရားစွဲဆိုထားပြီး အမှုအသေးစိတ်အချက်အလက်ကို မသိရှိရသေးကြောင်းလည်း သူက ဆိုသည်။
“ဦးကျော်အေးသိန်း တစ်ယောက်တည်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ၃ မှုစွဲထားပါတယ်။ အဲဒီအထဲမှာ ဦးညီပုပါ ၄ ယောက်၊ ဦးညီပုပါ ၃ ယောက်၊ ဦးညီပုပါ ၃ ယောက် ဆိုပြီး ၃ မှုစွဲထားပါတယ်။ အဲဒီအမှုတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့် စွဲတယ်ဆိုတာကိုတော့ မသိရသေးပါ။ (မနေ့က) ကျွန်တော်တို့က ရှေ့နေကိုယ်စားလှယ်လွှဲစာ ရုံးမှာ တင်တယ်။ အမှုတွဲကို မိတ္တူကူးခွင့် လျှောက်ထားပါတယ်။ အမှုတွဲ မိတ္တူလျှောက်ထားတာရမှပဲ အမှုမှာ ပါတဲ့အချက်တွေကို သိရမှာပါ”ဟု ရှေ့နေက ပြောသည်။
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေသည့်အတွက်ဟု ဆိုကာ ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ ဦးတို့ကို သြဂုတ် ၁၂ တွင် စစ်တွေမြို့မရဲစခန်း၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက ထပ်မံအမှုဖွင့်ခဲ့သည်။
ဦးညီပုအပါအဝင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ ဖြစ်ကြသည်။
ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့ကို ဂွမြို့ ရွာမရပ်ကွက်နှင့် ကင်းရိုးရပ်ကွက်ကြားရှိ ဂွချောင်း ခုံးသောင်မြေနေရာတွင် တန်ဖိုးနည်းအိမ်ရာဖော်ထုတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံ ၃ ခု ကို ဒေသခံများအလုပ်အကိုင်ရရှိရေးခေါင်းစဉ်ဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီတစ်ခုကို ငှားရမ်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၈၆၅ သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် မထည့်သွင်းဘဲ ဆက်လက်သုံးစွဲခဲ့ခြင်းတို့အတွက် အမှုဖွင့်သည်ဟု စစ်ကောင်စီက ဆိုသည်။
ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့တာဝန်ယူခဲ့စဉ်က ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံးကြား သောင်ထွန်းလျက်ရှိသော သောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ တင်ဒါ စည်းကမ်းနှင့်မညီဘဲ ချထားပေးခဲ့ခြင်း၊ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ကာ ကုမ္ပဏီကို ငွေကြေးများပေးဆောင်ခြင်း စသည့် အချက်များကြောင့် အဂတိဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။
နိုင်ငံပိုင်အဆောက်အအုံ ၃ လုံးကို ကုမ္ပဏီတစ်ခုအား အထည်ချုပ်လုပ်ငန်း လုပ်ကိုင်စေပြီး ထိုအဆောက်အအုံများ ပြုပြင်ရန် ငွေကျပ် ၅၅ သန်းကျော်ကို ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီဘက်က ဆိုသည်။
အလားတူ ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ ၂၀၁၉ ၊ အောက်တိုဘာ ၁ ရက် စာရင်းဖွင့် လက်ကျန်ငွေ ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ရန်ပုံငွေကျပ် ၈၆၅ သန်းကို ဘဏ္ဍာရေးစည်းကမ်းစည်းမျဉ်းနှင့်မညီဘဲ သုံးစွဲခဲ့ကြောင်း စွပ်စွဲထားသည်။
လက်ရှိတွင် ဦးညီပုကို စွဲဆိုထားသည့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ဆေးနေသည့် အမှုမှာ ပြန်ခေါ်သက်သေခေါ်ထားသည့်အဆင့် ရောက်ရှိနေပြီဟု ၎င်း၏ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။
“ ဦးညီပုကို စွဲထားတဲ့ ၅၀၅ (ခ) အမှု က ပြန်ခေါ်စစ်မေးတဲ့အဆင့်ကို ရောက်နေပါပြီ။ ပြန်ခေါ်စစ်ပြီးရင် ဦးညီပုကို ဆက်စစ်မယ်။ ပြီးရင် ခံပြ(တရားခံပြသက်သေ) တွေကို စစ်မယ်”’ဟု ၎င်းက ပြောသည်။
ဦးညီပုကို စတင်ဖမ်းဆီးချိန်ကတည်းက ယခုအချိန်အထိ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိသေးကြောင်း ၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း ၎င်းအနေဖြင့် မသိရကြောင်း သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောသည်။
“အဖေ့အကြောင်းကိုတော့ ရခိုင်သတင်းဌာနက တင်တဲ့ဟာကိုပဲ သိနေရတာပါ။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရဘူး။ ဘယ်သူမှလည်း ဆက်သွယ်ပြောတာမရှိပါ။ ရုံးထုတ်တုန်းကတော့ ရှေ့နေနဲ့ ပြောနေရတော့ ကျန်းမာရေးအခြေအနေကို သိရသေးတယ်”ဟု ၎င်းက ပြောသည်။
“ဖေဖေကို ထပ်လို့ အမှုတွေထပ်တိုးတယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ ပြောရမှာပေါ့။ ဖေဖေအနေနဲ့ ဒီလို အဂတိတွေ လုပ်ထားတာမရှိဘူးလို့ပဲ ကျွန်မတို့က ယုံကြည်ထားပါတယ်”ဟု သူက ဆိုသည်။
ဦးညီပုကို ထိန်းသိမ်း
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းသည့်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၂ ရက်အကြာတွင် ဝန်ကြီး ဒေါက်တာချမ်းသာ၊ ဝန်ကြီး ဦးအောင်ကျော်ဇံ တို့နှင့်အတူ ပြန်လည်လွတ်မြောက်လာခဲ့သည်။
ပြန်လွတ်သည့်နေ့မှာပင် ဦးညီပုက ဂွမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးသို့ သွားပြီး ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ ရဲနှင့် စစ်တပ်က လာရောက်ဟန့်တားခဲ့ကာ နေအိမ်အကျယ်ချုပ်ထားခဲ့သည်။
ဖေဖော်ဝါရီ ၄ တွင် “စစ်အာဏာသိမ်းမှု ကို လက်မခံဘဲ လွှတ်တော်ခေါ်ယူခဲ့ကြပါသော ရွေးကောက်ခံကိုယ်စားလှယ်များကို ထောက်ခံအားပေး အသိအမှတ်ပြုကြောင်း လက်ခုပ်တီးပါတယ်” ဟု ဆိုကာ ဦးညီပုသည် NLD ပါတီဝင်တချို့နှင့် လက်ခုပ်တီးသည့်ဗီဒီယိုကို ဖေ့ဘွတ်ခ်တွင် တင်ခဲ့သည်။
ဖေဖော်ဝါရီ ၈ တွင် တာဝန်လွဲဖယ်ခဲ့သည့် (CDM) ဝန်ထမ်းများကိုလည်း ပြန်လည်တာဝန်ထမ်းဆောင်သည့်အခါ တစ်ဆင့်မြင့်ရာထူးများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြည်သူနှင့်အတူ ထာဝရလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီဒီယိုဖိုင်ဖြင့် ဦးညီပုက ပြောခဲ့သည်။
ယင်းနေ့က ဂွ၊ သံတွဲစသည့် မြို့နယ်များမှ ဒေသခံများက အင်အားထောင်နှင့်ချီ ဆန္ဒပြခဲ့ကြသည့်အပေါ် ထောက်ခံကြောင်း ဦးညီပုက သူ၏ ဖေ့ဘွတ်ခ်မှတစ်ဆင့် ပြောကြားခဲ့သည်။
နောက်တစ်နေ့ ဖေဖော်ဝါရီ ၉ ၊ ညနေ ၃ နာရီခွဲတွင် ဦးညီပုပြောကြားနေသည့် “ပြည်သူသို့ ပန်ကြားချက်” ဆိုသည့် ဗီဒီယိုဖိုင်တစ်ခု NLD ၏ Facebook စာမျက်နှာတစ်ခုတွင် တင်ခဲ့သည်၊ ၎င်းဗီဒီယိုဖိုင်တွင် လူကို ချုပ်ထားလို့ရသော်လည်း ယုံကြည်ချက်ကို ချုပ်ထားလို့မရကြောင်း၊ အာဏာရှင်စနစ် ကျဆုံးမည်ဆိုသည်ကို ယုံကြည်ထားကြောင်း ပြောကြားထားသည်။
ယင်းသို့ လှုပ်ရှားမှုများရှိပြီးနောက် ဖေဖော်ဝါရီ ၁၀ ၊ ည ၁၁ နာရီခန့်တွင် ဦးညီပုကို ဂွမြို့ရှိ ၎င်းနေအိမ်မှ စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က ခေါ်ဆောင်သွားပြီး နေရာပြောင်းရွှေ့ထိန်းသိမ်းခဲ့သည်။ လက်ရှိတွင် ဦးညီပုကို စစ်တွေမြို့နယ်၊ တပ်နယ်ထဲတွင် ချုပ်နှောင်ထားသည်ဟု ကြားသိရသည်။
ထို့နောက် စစ်တွေမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုလုပ်၍ ဦးညီပုကို NLD ၏ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု ဆိုကာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံး၌ အမှုဖွင့်ခဲ့သည်။
ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို တရားစွဲဆိုထားသည့် ပုဒ်မ ၅၀၅ (ခ)မှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။
ပြည်နယ်ဝန်ကြီးများဖြစ်သော ဦးကျော်လွင် ၊ ဦးကျော်အေးသိန်း၊ ဦး အောင်ကျော်ဇံ
ဦးညီပုနှင့်အတူ အဂတိအမှုဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ဝန်ကြီး ၃ ဦးအနက် သြဂုတ် ၁၂ တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်ကို ရမ်းဗြဲမြို့နေအိမ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့နောက် ရမ်းဗြဲမြို့နယ်တရားရုံးတွင် ရမန်နှစ်ပတ်ယူကာ စစ်တွေသို့ ပို့ဆောင်ခဲ့သည်။
အလားတူ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို ယင်းနေ့မှာပင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းခဲ့သည်။ ထို့နောက် ၃ ရက်အကြာ စစ်တွေသို့ ပို့ဆောင်ပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
သြဂုတ် ၂၅ က ဦးညီပုအပါအဝင် ၄ ဦးကို အွန်လိုင်းဗီဒီယိုစနစ်ဖြင့် စစ်တွေမြို့ရှိ ပြည်နယ်တရားလွှတ်တော် တရားသူကြီးထံမှ ရမန်တစ်ပတ် ထပ်ယူခဲ့သည်။ လက်ရှိတွင် ဝန်ကြီး ၃ ဦးကို စစ်တွေအကျဉ်းထောင် ထောင်ချုပ်၌ ထိန်းသိမ်းထားသည်ဟု စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်ကိုယ်စားပြု ဝန်ကြီးဟောင်း၊ နိုင်ငံရေးသမား ဦးမင်းအောင်
စစ်အာဏာရှင်ကို ဆန့်ကျင်အန်တုသည့် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့၍ ဖမ်းဆီးခံထားရသော စည်ပင်သာယာရေးဝန်ကြီးဟောင်းနှင့် တောင်ကုတ်အမတ် ဦးမင်းအောင်သည် အမှု ၃ မှု ရင်ဆိုင်နေရသည်။
ဖေဖော်ဝါရီလဆန်းပိုင်းတွင် NLD ပါတီ အမာခံနယ်မြေဖြစ်သည့် ရခိုင်တောင်ပိုင်းမြို့နယ်များဖြစ်သော ဂွ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနှင့် အမ်းမြို့နယ်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး NLD ပါတီဝင်များနှင့် ပါတီထောက်ခံဝန်းရံသူများ၊ စစ်အာဏာရှင်စနစ်အလိုမရှိသူများက ဦးဆောင်ခဲ့ခြင်းဖြစ်ကာ ယင်းအထဲတွင် ရခိုင်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်လည်း အပါအဝင်ဖြစ်ခဲ့သည်။
ဖေဖော်ဝါရီ ၉ မနက်၌ အင်အား ၅၀၀၀ ကျော်ခန့်ဖြင့် တောင်ကုတ်မြို့ဘောလုံးကွင်းတွင် စစ်အုပ်ချုပ်ရေးဆန့်ကျင်ကြောင်း၊ စစ်အုပ်ချုပ်ရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပြီးနောက် နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့ဝင်များက ကားဖြင့် လာရောက်ခေါ်ဆောင်ခဲ့သည်။
ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အား ချက်ချင်းလွှတ်ပေးရေးအတွက် ဒေသခံများက ရဲစခန်းရှေ့တွင် စုဝေး တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီက ပြန်လွှတ်မပေးဘဲ တောင်ကုတ်အခြေစိုက် တပ်ရင်း ခလ၇ (၅၄၄) ကို နေရာရွှေ့ထိန်းသိမ်းခဲ့သည်။
၎င်းတို့နှစ်ဦးကို ဇူလိုင် ၂၆၊ နေ့လယ် ၁၁ နာရီတွင် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး ငြိမ်းစုစီပုဒ်မ ၁၉ နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် စွဲချက်တင်ခဲ့သည်။ ထိုအမှုနှစ်ခု ရင်ဆိုင်နေဆဲမှာ အဂတိဖြင့် ထပ်မံအမှုဖွင့်ခံရသည်။
ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ် လွှတ်တော်၏ ခွင့်ပြုချက်မရှိသော ဈေး ၅ ဈေး တည်ဆောက်ခြင်းလုပ်ငန်းတွင် တင်ဒါစည်းကမ်းနှင့်မညီ ဆောင်ရွက်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။
အလားတူ တောင်ကုတ်မြို့မဈေးအတွက် သတ်မှတ်တင်ဒါဈေးထက် ကျပ်သန်း ၃၀ ပို၍ ထုတ်ပေးပြီး ဆောက်လုပ်စေသော်လည်း တောင်ကုတ်မြို့မဈေးမှာ လက်တွေ့တွင် ပျက်စီးလျက်ရှိကြောင်း စသည့် အချက်များပါဝင်သည်။
ထို့နောက် ဦးမင်းအောင်အား တောင်ကုတ်သို့ ပြန်လည်ခေါ်ယူကာ စစ်တပ်ထဲတွင် ထိန်းသိမ်းထားဆဲဖြစ်သည်ဟု ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က ပြောသည်။
“တောင်ကုတ်မှာ ရင်ဆိုင်နေရတဲ့ အမှုအခြေအနေက သူတို့ဘက်က တင်တဲ့သက်သေတွေကို စစ်ပြီးပြီ။ ကိုမင်းအောင်ကို စ,စစ်ဆေးဖို့ အခြေအနေလို့ သိရပါတယ် ”ဟု ၎င်းက ဆက်ပြောသည်။
အဂတိအမှုဖြင့် ဒေါ်အောင်ဆန်းကြည်အပါအဝင် တစ်နိုင်ငံလုံးမှ ဝန်ကြီးများကို အမှုဖွင့် စွပ်စွဲထားခြင်းသည် မတရားအမှုဆင်ပြီး နာမည်ဖျက်လို၍သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ဒေါ်မြဝတ်ရည်က ဆိုသည်။
“အဂတိနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ လိုက်စားထားတာမရှိပါ။ သတင်းမှာတွေ့လိုက်တာက နိုင်ငံတော်ပိုင်ငွေကို ကုမ္ပဏီကို အပိုပေးထားတယ်ဆိုတာ တွေ့တယ်။ ဒါက ကိုမင်းအောင်တွက်တာလည်း မဟုတ်၊ ကိုမင်းအောင် တစ်ယောက်တည်းဆုံးဖြတ်တာလည်း မဟုတ်။ အဓိကကတော့ သူတို့ (စစ်ကောင်စီ) စွဲချင်တိုင်း၊ လုပ်ချင်တိုင်း လုပ်နေတာပါပဲ။ နာမည်ဖျက်ချင်တဲ့သဘောပဲ ”ဟု ဒေါ်မြဝတ်ရည်က ဝေဖန်သည်။
ဆန္ဒထုတ်ဖော်မှု တိတ်ဆိတ်သွားရခြင်းအကြောင်း၏ နောက်ကွယ်
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ NLD ပါတီဝင်များ၊ အမတ်များကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားကျော်ကြားသူများ၊ ကျောင်းသားများနှင့် ပြည်သူများကိုပါ ဖမ်းဆီးနေသည်။
စစ်ကောင်စီကို ဆန့်ကျင်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ NLD ထိပ်ပိုင်းခေါင်းဆောင်များနှင့် တက်ကြွသူတချို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ၄ လအတွင်း NLD အမာခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲခေါင်ညွန့်၊ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ NLD ရခိုင်ပြည်နယ် ဒုဥက္ကဋ္ဌ ဦးစိုးလေး၊ တောင်ကုတ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ တောင်ကုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ဒေါ်မိုးဆန်းစုကြည်နှင့် စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းလှိုင်တို့ ဖြစ်ကြသည်။
၎င်းအပြင် ဒေါ်နီနီမေမြင့်၏ မောင်ဖြစ်သူ ရခိုင်ပြည်နယ်လူငယ်အဖွဲ့ဝင် ကိုဟိန်းမင်းထက်နှင့် တောင်ကုတ်မြို့နယ် NLD မှ ကိုသန့်ဇင်ဖြိုး၊ ဂွမြို့မှ ဦးညီပု၏ ကိုယ်ရေးအရာရှိ ဦးကြည်စိုးထွန်းတို့လည်း ဖမ်းဆီးခံထားရသည်။ ဖေဖော်ဝါရီ ၁၁ ညတွင် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့ ဖမ်းဆီးခံရသည်။
ဦးရဲခေါင်ညွန့်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နှင့် ဂွမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဧပြီ ၂၈ တွင် စစ်တွေမြို့တွင် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းလှိုင်ကို အရပ်ဝတ်ရဲများက ဖမ်းဆီးခဲ့သည်။ NLD ဗဟိုကော်မတီဝင် ဦးဘမျိုးသိမ်းနှင့်အတူ ရခိုင်ပြည်နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစိုးလေးကို မေ ၈ ညက ရန်ကုန်ရှိ NLD ဗဟိုဌာနချုပ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး နောက်တစ်နေ့ ဒေါ်မိုးဆန်းစုကြည် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချော တို့ကို မေ ၁၂ ညက ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖမ်းဆီးခဲ့သည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှ တောင်ကုတ်၊ ဂွ၊ သံတွဲ၊ မာန်အောင်၊ အမ်း စသည့် မြို့နယ်များတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ဆယ်ဂဏန်းအထိ ရှိခဲ့ပြီး နောက်ပိုင်းတွင် ခံဝန်ဖြင့် တချို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ဒေါ်မိုးဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထားကြောင်း အစ်မဖြစ်သူက ပြောသည်။
“မိုးဆန်းစုကြည်ကလည်း အင်းစိန်ထောင်မှာပဲ ရှိပါတယ်။ သူ နေကောင်းတယ်ဆိုတာကိုတော့ စာလေးရပါတယ်။ အဲဒါလေးပဲ ရပါတယ်။ လောလောဆယ်မှာတော့ သူ့ဆီကိုလည်း မသွားနိုင်သေးဘူး။ တွေ့လည်းမတွေ့ရဘူးဆိုတော့လေ။ ရုံးလည်းမထုတ်ဘူးဆိုတော့ တစ်ခါမှလည်း မတွေ့ရသေးတာပါ” ဟု အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ဆိုသည်။
ဒေသတွင်း NLD ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီးနောက် ရခိုင်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုများ ဆိတ်သုဉ်းခဲ့သည်။
“သူတို့ တမင်လုပ်ချင်လို့၊ နာမည်ဖျက်ချင်လို့ လုပ်တာပါ။ မတရားတဲ့အမှုဆင်နည်းနဲ့ပေါ့လေ။ လောလောဆယ် သူတို့လက်ခုပ်ထဲမှာကို။ သူတို့ ပြောချင်တိုင်း၊ သူတို့လုပ်ချင်တိုင်း ဖြစ်နေမှာကိုး” ဟု ဝန်ကြီးဟောင်း ဦးမင်းအောင်၏ ဇနီး ဒေါ်မြဝတ်ရည်က ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe