သတင်း

တနိုင်းရောက် စစ်ကောင်စီတပ်ကို KIA မိုင်းခွဲ တိုက်ခိုက်ပြီး ပိတ်ဆို့ထား

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်ကို ယနေ့ (စက်တင်ဘာ ၈ ) မနက် ၈ နာရီခန့်တွင် မိုင်းဖောက်ခွဲကာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရှိန်းလုံရွာမှ ထွက်ခွာလာသည့် စစ်ကြောင်းကို တနိုင်း- ရှင်ဗွေယန်လမ်း၊ လဂျားဘွမ်ရွာအနီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲအသေးစိတ်အချက်အလက်တွေနဲ့ မြေပြင်သတင်းတွေက ကျွန်တော့်ဆီကို မရောက်သေးတော့ အားလုံးတော့ မပြောနိုင်သေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

စစ်ကောင်စီတပ်ကို တနိုင်း-ရှင်ဗွေယန်လမ်း လဂျားဘွမ်ရွာအနီးတွင် KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၄၅ က ပိတ်ဆို့ထားပြီး အရပ်သားကားများကိုပါ သွားလာခွင့် ယာယီကန့်သတ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက ရေးသားခဲ့သည်။

စစ်ကောင်စီတပ် ထွက်ခွာမည့်လမ်းကြောင်းကို KIA က ဆက်လက်ပိတ်ဆို့ထားသည့်အတွက် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လဂျားဘွမ်ရွာမှာ တနိုင်းမြို့၏ အနောက်မြောက်ဘက် မိုင်၂၀ ခန့်အကွာတွင် ရှိပြီး မိုင်းခွဲတိုက်ခိုက်သည့်နေရာအနီး ကျေးရွာများမှ ဒေသခံတို့က တိုက်ပွဲဖြစ်လျှင် ဘေးလွတ်ရာသို့ တိမ်းရှောင်နိုင်ရန် ပြင်ဆင်နေကြသည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံစစ် စတင်ပြီဖြစ်ကြောင်း ကြေညာရာ KIA က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း၌ ရှိသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။  

ဗိုလ်မှူးကြီးနော်ဘူကတော့ ဟုမ္မလင်းတိုက်ပွဲသတင်းကို ကြားသိရသော်လည်း မြေပြင်က သတင်းပေးပို့လာခြင်း မရှိသေးဟု ဆိုသည်။

ယနေ့မနက်ကလည်း ဒေါ့ဖုန်းယန်မြို့နယ်တွင် တပ်စွဲထားသည့် စစ်တပ်အင်အား ၂၀၀ ခန့်သည် KIA ဌာနချုပ်တည်ရှိရာ တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့ဘက်သို့  ဦးတည်ထွက်ခွာသွားသည်ဟု ဒေသခံများကို ကိုးကားပြီး ဒေသတွင်းမီဒီယာတစ်ခုက ရေးသားဖော်ပြသည်။

ဗိုလ်မှူးကြီးနော်ဘူက ထိုသတင်းကို အတည်မပြုနိုင်သေးဟု ဆိုသည်။

“ဒေါ့ဖုန်းယန်ကနေ (စစ်သား)၂၀၀ ကျော် ထွက်တာဆိုတော့ တစ်နေရာရာလည်း ရောက်လောက်ပါပြီ ။ အခုထက်ထိက စစ်သား ၂၀၀ ကျော်က တောထဲကို ဝင်တာနဲ့ သတင်းထွက်ဖို့ အချိန်ကတော့ တန်ပြီလို့ ထင်တာပဲ။ ကျွန်တော်တို့ဆီရောက်ပြီဆိုတဲ့သတင်းရော၊ တွေ့ပြီဆိုတဲ့ သတင်းရော မရောက်သေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တနိုင်းမြို့နယ်တိုက်ခိုက်မှုကလွဲ၍ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် စစ်ရေးတင်းမာနေသည့် နေရာမရှိသေးကြောင်းနှင့် လတ်တလောငြိမ်သက်နေကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှစ၍ KIA နှင့် စစ်တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်သို့ပါ ကူးစက်လာခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာ ၅ ကလည်း လားရှိုးမြို့အရှေ့ဘက်တွင်ရှိသည့် ကွမ်းလုံမြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အာဏာသိမ်းပြီး ၇ လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခုတည်းမှာပင် KIA နှင့် စစ်တပ်တို့ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးမောက်၊ ဒေါ့ဖုန်းယန်၊ ဝိုင်းမော် စသည့်မြို့နယ်များမှာ KIA နှင့် စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုအများဆုံး မြို့နယ်များဖြစ်ပြီး မေ ၃ ၌  မိုးမောက်မြို့နယ်တိုက်ပွဲတွင် စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button