သတင်း

NLD နှင့် ပါတီ ၃ ခုကို တရုတ်ကွန်မြူနစ်ပါတီက ဆွေးနွေးပွဲဖိတ်

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများအကြား တွေ့ဆုံဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက တက်ရောက်သွားမည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

တွေ့ဆုံပွဲကို ‌တက်ရောက်ရန် တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားလာခြင်းဖြစ်ပြီး NLD တွင် တရုတ်နိုင်ငံနှင့် ဆက်သွယ်ရန် တာဝန်ရှိသည့် ဦးဘိုဘိုဦး တက်ရောက်မည်ဟု အမည်မဖော်လိုသူ ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုပြောဆိုခြင်း ဖြစ်သည်။

စက်တင်ဘာ ၉ တွင် “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အစည်းအဝေးကို Virtual Meeting ဖြင့် အွန်လိုင်းမှ ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဖိတ်ကြားခံရသည့် ပါတီ ၄ ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့လည်း ပါဝင်သည်။ 

အခြား ပါတီတစ်ခု၏ အမည်ကို Myanmar Now အနေဖြင့် လတ်တလော အတည်မပြုနိုင်သေးပေ။  

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ဖိတ်ကြားစာ လက်ခံရရှိထားပြီး တက်ရောက်မည့် ကိုယ်စားလှယ်ကို ပါတီ၏ လူငယ်မူဝါဒရေးရာ ကိစ္စရပ်များ ပြောဆိုဆွေးနွေးရန်အတွက် တာဝန်ပေးထားသည်ဟု ဆိုသည်။

“ဖိတ်ထားတာရှိတယ်။ ပါတီရဲ့လူငယ်တာဝန်ခံကို တွေ့ဆုံပွဲတက်ရောက်ဖို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်မှ လူငယ်ရေးရာကော်မတီ ဒုတိယဌာနမှူး ဒေါက်တာသန့်ဇော်လွင် ကိုယ်စားပြုတက်ရောက်မည်ဖြစ်ကြောင်း ထိုပါတီနှင့် နီးစပ်သည့် People Media တွင် ဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲခဲ့ပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ယင်းအပြင် NLD ပါတီကို ဖျက်သိမ်းရန်အထိ အာဏာသိမ်းစစ်ကောင်စီက ကြိုးပမ်းနေသည်။ 

သို့သော်လည်း တရုတ်နိုင်ငံကမူ တွေ့ဆုံပွဲတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အရှေ့အာရှရေးရာ အထူးသံကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်၏ နေပြည်တော်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုခဲ့ခြင်းဖြင့် NLD ပါတီကို ဖျက်သိမ်းရန် မလိုလားကြောင်း ဖော်ပြခဲ့သည်။

ယင်းအပြင် ဇူလိုင်လ ၂၀ရက်စွဲဖြင့် တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီကို ပေးပို့သည့် ကျေးဇူးတင်လွှာတွင် NLD ပါတီနှင့် ပူးပေါင်းပြီး တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံ‌ရေးကို ဆက်လက်တိုးတက်အောင် လုပ်ဆောင်သွားလိုကြောင်း ဖော်ပြထားသည်။

‌ရွေးကောက်ခံအရပ်သားအစိုးရကို လက်နက်အားကိုးဖြင့် ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့သည့် စစ်တပ်ကို နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံက အကာအကွယ်ပေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာပြည်သူအများစုကမူ တရုတ်နိုင်ငံကို ကြိုက်နှစ်သက်ခြင်းမရှိပေ။

အာဏာသိမ်းမှု အစပိုင်းများတွင် မြန်မာပြည်သူများသည် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သလို တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအချို့ကို တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button