သတင်း

မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲ ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ တစ်ဖွဲ့တို့ ယနေ့ (စက်တင်ဘာ ၈) နံနက် ၁၀ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အနီးအနားရှိ မြစ်ဆုံရွာကို ဝင်ရောက်စီးနင်းထားသည်။ 

“ကျွန်တော်တို့က လောလောဆယ် တပ်ဆုတ်ထားရတယ်။ သူတို့က လက်နက်ကြီးတွေနဲ့ အလုံး ၄၀ လောက် ကျွန်တော်တို့ကို ထုတာ။ လူအင်အားက သိပ်မပါဘူး။ လက်နက်ကြီး နှစ်လက်ပါတယ်။ အဲဒီနှစ်လက်နဲ့ မည်းမည်းမြင်တဲ့နေရာကို လှည့်ထုတာ။ သူတို့နားကို ကပ်မရလို့ အခုလောလောဆယ် မြစ်ဆုံ(ရွာ)ကို စီးသွားပြီ” ဟု တိုက်ပွဲအတွင်းရှိ PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

မွန်းတည့် ၁၂ နာရီကျော်၌ နှစ်ဖက် ပစ်ခတ်မှုရပ်နားထားသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး နှစ်ဦး ဒဏ်ရာရရှိသည်ဟု မြေပြင်သတင်းရသော်လည်း လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း အထက်ပါ PDF အမျိုးသားက ပြောသည်။

“သူတို့ဘက်က (ထိခိုက်) ၄ ယောက်နဲ့ ၂ ယောက် မကွဲသေးဘူး။ ၄ ယောက်ထိတယ်လည်း ပြောတယ်။ ၂ ယောက်ထိတယ်လည်း ပြောတယ်ဗျ။ ၂ ယောက်ကတော့ သေချာပေါက်လို့ ပြောတယ်။ ကျွန်တော်တို့က ပစ်တဲ့အချိန်မှာ (ကျည်ဆန်က) သူတို့မှန်တယ်၊ ကိုယ့်မှန်တယ်တွေ မကြည့်နိုင်သေးဘူး၊ နောက်ပိုင်းမှ သတင်းပြန်စုဆောင်းရတာ” ဟု ဆက်ပြောသည်။

PDF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှု မရှိသေးဘဲ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံ နွားကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များကို ကိုးကား၍ ထို PDF အဖွဲ့ဝင်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စီးနင်းထားသောကြောင့် မြစ်ဆုံရွာရှိ ဒေသခံအများအပြား ထွက်ပြေးနေရသည်။

ဩဂုတ် ၂၁ ကလည်း မြောင်မြို့နယ် နယ်နိမိတ်အစွန်အဖျားဒေသတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အားရာဂဏန်းဖြင့် PDF တပ်ဖွဲ့များကို တိုက်ခိုက်ရန် လေးဖက်လေးတန် ဝိုင်းခဲ့သည်၊ အင်အားမမျှ၍ PDF တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲ တစ်ကျော့ပြန် ပြန်ဖြစ်နေခြင်း ဖြစ်သည်။

ယမန်နေ့ (စက်တင်ဘာ ၇) ကလည်း ပေါက်ချောင်းရွာရှိ PDF စခန်းကို စစ်ကောင်စီတပ်က စီးနင်း၍ မီးရှို့ဖျက်ဆီးပြီး မြောင် PDF တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီးခံရသည်ဟု မြောင် PDF မှ တာဝန်ရှိသူတစ်ဦးက ယနေ့ မွန်းလွဲပိုင်း၌ အတည်ပြုသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Related Articles

Back to top button