
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေး စတင်ကြောင်း ကြေညာသည့် ယနေ့ (စက်တင်ဘာ ၇) တွင် စစ်ကိုင်းတိုင်းနှင့် မြန်မာပြည်တောင်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ကို ဝင်ရောက်တိုက်ခိုက်သည်ဟု သိရကြောင်း၊ နံနက် ၇ နာရီမှ ၁၀ နာရီအထိ ဟုမ္မလင်းမြို့နယ်ရှိ နမ့်သာ ဒေသ၌ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“လောလောဆယ် KIA က ထိုးစစ်ဆင်တဲ့ သဘောမျိုးလို့ ပြောတယ်။ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်လာတဲ့သဘော။ အထိအခိုက်တော့ လောလောဆယ် မကြားရသေးဘူး။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်တယ်လို့ ကြားတယ်” ဟုအထက်ပါ ဒေသခံက ပြောသည်။
အဆိုပါတိုက်ပွဲသည် NUG ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထု၏ ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာလိုက်ခြင်းကြောင့် KIA က ထိုးစစ်ဆင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံက ယူဆသည်။
ဟုမ္မလင်းနှင့် ခန္တီးမြို့ပေါ်၌ စစ်ကောင်စီတပ် လုံခြုံရေးအင်အားများ တိုးမြှင့်ထားသည်မှာ ၂ရက်ရှိပြီဖြစ်ကြောင်း ဒေသခံက ပြောသည်။
တိုက်ပွဲခေါ်သံနှင့် ပတ်သက်၍ Myanmar Now က ယနေ့ နံနက်အစောပိုင်းက ဆက်သွယ်မေးမြန်းရာတွင် NUG သည် လုပ်သင့်လုပ်ထိုက်သည်ကို ဆောင်ရွက်နေခြင်းဖြစ်သည်ဟု KIO/KIA ပြောခွင့်ရအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIO/KIA အနေဖြင့်လည်း စစ်အာဏာရှင်ကို နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်လာသည်ဖြစ်ရာ ခုခံတိုက်ပွဲများရှိနေမည်ဟု ပြောသည်။
ပြည်သူ့တော်လှန်ရေး စတင်ပြီဟု NUG က ကြေညာပြီးနောက် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကချင်ပြည်နယ်အခြေစိုက် The 74 Media က ရေးသားထားသည်။
KIA သည် ပြီးခဲ့သည့်လများအတွင်းမှစ၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများ၊ ယာဉ်တန်းများကို တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့(SNA)က ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။
ဟုမ္မလင်းမြို့နယ်အတွင်း ယခင်က တိုက်ပွဲများ မရှိခဲ့ပေ။
စစ်ကောင်စီတပ်က ပြောက်ကျားတိုက်ပွဲ၊ ချုံခိုတိုက်ပွဲများတွင် အထိနာလေ့ရှိပြီး တိုက်ပွဲများနှင့် ပတ်သက်လျှင်လည်း သတင်းအမှောင်ချထားလေ့ရှိသည်။

မြန်မာပြည်တောင်ပိုင်း တိုက်ခိုက်မှု
ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လက်နက်ခဲယမ်းနှင့် ရိက္ခာများ သယ်ဆောင်လာသည့် စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၄၀ ကျော် ဝင်ရောက်လာပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိသည်ဟု ကရင်ပြည်နယ်အခြေစိုက် Klo FM သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
တိုက်ပွဲသတင်းများထွက်ပေါ်လေ့မရှိသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်လည်း ယနေ့ ပစ်ခတ်မှုများ နာရီအတန်ကြာ ဖြစ်ခဲ့သည်။
နံနက် ၈ နာရီခန့်တွင် သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe