မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းပတ်လမ်းတွင် ယမန်နေ့ (စက်တင်ဘာ၅) မွန်းတည့်ချိန်ခန့်က စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် ညပိုင်းတွင် ထိုနေရာအနီးရှိ တရုတ်တန်းရပ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်နေ အမျိုးသားများကို စစ်တပ်က ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့သည်ဟု သိရသည်။
“အိမ်တိုင်းက ယောက်ျားလေးမှန်သမျှကို ထွက်ခိုင်းတယ်။ သေနတ်တွေ ထောင်ပစ်တာတွေ လုပ်တယ်။ မထွက်ရင် သေနတ်နဲ့ ပစ်မယ်ဆိုတော့ ထွက်လာကြရတာ။ ကန်ပတ်လမ်းပေါ်မှာတင် တန်းစီမှောက်ခိုင်းပြီး ရိုက်တာ၊ ပေါက်ကွဲမှုဖြစ်တဲ့ ဗီဒီယိုကို ဘယ်သူရိုက်တာလဲဆိုတာမျိုး သူတို့က မေးတယ်၊ ရိုက်ခံရသူတွေ တော်တော်များတယ်၊ ကျောတွေကို ရိုက်တာ” ဟု အမရပူရမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
စစ်တပ်က ရမ်းသန်းစွပ်စွဲ၍ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရပ်ကွက်မှ ပြောင်းရွှေ့နေထိုင်သူများပင်ရှိနေပြီး ဘေးကင်းလုံခြုံရေး စိုးရိမ်ရသဖြင့် ရပ်ကွက်နေထိုင်သူအချို့က ရိုက်နှက်ခံရသည့်ဖြစ်စဉ် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။
ရွှေဂွမ်းထုပ်ရပ်ကွက် နှိပ်စက်ခံရသည့်ဖြစ်စဉ်တွင် ဖမ်းဆီးခံရသူရှိမရှိ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်သားနှစ်ဦး ဒဏ်ရာရသည်ဟု မျက်မြင်သက်သေအချို့က အတည်ပြုထားသည့် စစ်ကားတစ်စီး ဖောက်ခွဲတိုက်ခိုက်ခံရချိန်တွင် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခု Facebook တွင် ပြန့်နှံ့ခဲ့သဖြင့် လာရောက် ဖိနှိပ်ခြင်းဖြစ်နိုင်သည်ဟု ရွှေဂွမ်းထုပ်ရပ်ကွက်သားအချို့က ယူဆကြသည်။
သို့သော် ထိုဗီဒီယိုတွင် ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရခြင်း မရှိပေ။ ထို့အတူ ဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကားသည်ပင် မီးလောင်ပေါက်ကွဲမှု မရှိကြောင်း၊ ထိုစစ်ကားဖြတ်သွားရာ နေရာအနီးရှိ ဆိုင်ကယ်တစ်စီးသာ မီးလောင်နေသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ယမန်နေ့တွင် Myanmar Now ကို ပြောထားသည်။
စစ်ကောင်စီ၏ ယနေ့(စက်တင်ဘာ၆)ထုတ် ဝါဒဖြန့်သတင်းစာများတွင်မူ စစ်သုံးယာဉ်တိုက်ခိုက်ခံရသည်ဟု ဖော်ပြမထားဘဲ မော်တော်ဆိုင်ကယ်တစ်စီးပေါက်ကွဲမှုဖြစ်၍ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက နေ့စဉ် ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် မန္တလေးတွင် စစ်တပ်က ရက်စက်စွာ ဖိနှိပ်နေခဲ့သဖြင့် စစ်ကောင်စီကို တုံ့ပြန်သည့် ပစ်မှတ်ထားတိုက်ခိုက်မှုများ ဇွန်လခန့်မှစ၍ မကြာခဏ ပေါ်ပေါက်နေသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe