
စက်ရုံအလုပ်ရုံကြီးများ ပေါများသော ရန်ကုန်၊ လှိုင်သာယာ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမြို့နယ်တို့သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး နေ့စဉ် ပစ်ခတ်၊ ဖမ်းဆီးနေသဖြင့် စစ်မြေပြင်သဖွယ်ဖြစ်နေသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ခံအားပေးသူဟု ယူဆရသူကို ဖမ်းဆီးသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တို့ကိုလည်း ဖမ်းဆီးနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ် NLD ပြောရေးဆိုခွင့်ရှိသူက လူငယ်များ ပိုမို ပစ်မှတ်ထားခံနေရသည်ဟု ပြောသည်။
“တချို့ လူငယ်တွေဆိုရင် PDF ဘာညာဆက်စပ်မှု မရှိဘဲနဲ့ လူငယ်ဆိုတော့ PDF ဆိုပြီးတော့ ဖမ်းခေါ်ပြီးတော့ လုပ်လိုက်တာတွေရှိတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ PDF ဟု စွပ်စွဲခံထားရသူ ၄၁ ဦးကို ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဩဂုတ် ၂၈ တွင် သတင်းထုတ်ပြန်သည်။
၎င်းတို့ထဲတွင် လှိုင်သာယာမြို့နယ် မှ ၁၁ ဦး၊ ထန်းတပင်မြို့နယ်မှ ၅ဦး၊ ကွမ်းခြံကုန်းမြို့နယ်မှ ၆ ဦး ပါဝင်ကြောင်း၊ လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် ၂ တိုင်းလွှတ်တော်အမတ် ဦးမြတ်မင်းသူ၊ ဇမ္ဗူသီရိ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးဖြိုးဇေယျာသော်တို့က စေခိုင်းခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။
ထန်းတပင်မြို့နယ်မှ PDF ဟု စွပ်စွဲခံထားရသူ ကိုဇော်နိုင်ဦး ဩဂုတ် ၉ တွင် အဖမ်းခံရသည့် အချိန်မှစ၍ စစ်ကောင်စီက လှိုင်သာယာရှိ NLD ပါတီဝင်များ၊ ပါတီနှင့် ဆက်စပ်သူများကို ညစဉ် ရှာဖွေဖမ်းဆီးနေ၍ တိမ်းရှောင်နေရသည်ဟု လှိုင်သာယာမြို့နယ် NLD ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
“ကိုမြတ်မင်းသူနဲ့ ဆက်စပ်တဲ့ အထဲက တစ်ယောက်ယောက်က သစ္စာဖောက်လိုက်တဲ့ သဘောရှိတယ်။ အဲဒီအခါကျတော့ ပွင့်ပွင်းလင်းလင်းပြောရရင် အဲဒါနဲ့ ပတ်သက်ပြီးတော့ လိုက်စွဲလိုက်တာ တော်တော်များများ ပါသွားတယ်” ဟု ၎င်းက ပြောသည်။
လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အမှတ် ၇ ရပ်ကွက်တွင် နေထိုင်သည့် စားသောက်ဆိုင်ပိုင်ရှင်၏ သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် အမျိုးသားကို PDF ဟု စွပ်စွဲကာ ဇူလိုင်လ တတိယပတ်တွင် ဖမ်းသွားကြောင်း ၎င်းကပြောသည်။
ထို့အပြင် ဩဂုတ်လဆန်းပိုင်းက လှိုင်သာယာအနောက်ပိုင်းမြို့နယ် အမှတ် ၂၀ ရပ်ကွက်တွင် အလုပ်မှပြန်လာသူ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီက PDF ဟု စွပ်စွဲကာ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး တစ်ဦး ဒဏ်ရာရသွားကြောင်း ၎င်းကပြောသည်။
ဩဂုတ် ၉ ရက်နေ့ အမှတ် ၇ ရပ်ကွက် မြို့မငြိမ်းလမ်းမှ PDF အဖွဲ့ဝင်ဟု ယူဆရသူကို ဖမ်းဆီးစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ် အဆင်ခြင်မဲ့ပစ်ဖောက်မှုကြောင့် အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
“မျက်စောင်းထိုး ၄ အိမ်ကျော်က အဘွားကြီးက အိပ်မပျော်လို့ ထိုင်နေတာပေါ့။ သေနတ်သံ ၃ ချက်ကြားလိုက်တော့ အဘွားကြီးက သတိလစ်ပြီးတော့ ခေါ်လို့မရတော့ဘူး အသက်ပါသွားတာ ” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသည့် သားဖွားဆရာတစ်ဦးက Myanmar Now ကို ပြောသည်။
“ အိမ်တိုင်းအိမ်တိုင်းကို ထုရိုက်ပြီးတော့ ၁၂ နာရီ ကျော်တာနဲ့ ဝင်သောင်းကျန်းတတ်တယ်။ ရှင်းရှင်းပြောရရင် ၁၂ နာရီကျော်တာနဲ့ ကျွန်မတို့ မအိပ်ရဲ့ဘူး။ သူတို့တွေက အပုပ်ချိန်ကျမှ မသင်္ကာရင် မသင်္ကာသလို ထုရိုက်နေကြတာ”

လှိုင်သာယာမြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF-HTY) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ကိုသူတော်က မြို့ပြပြောက်ကျားစစ်ဆင်ရေးများ တိုးမြှင့်သွားမည်ဖြစ်ပြီး ရန်ကုန်လူထုအနေဖြင့် ရှေးဦးသူနာပြုစုနည်းများ လေ့လာထားရန်၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ကာကွယ်နိုင်ရန်တို့အတွက် ပြင်ဆင်ထားရန်လိုအပ်ကြောင်း ဩဂုတ် ၂၁ တွင် Myanmar Now ကို ပြောသည်။
ထိုအဖွဲ့က စက်မှုဇုန်ရှိသည့် လှိုင်သာယာမြို့နယ်အတွင်း ဖောက်ခွဲမှုများကို ဩဂုတ်လဆန်းပိုင်းက စတင် အရှိန်အဟုန်မြှင့်လုပ်ဆောင်ခဲ့ပြီး ဩဂုတ် ၃၀ ညတွင် လှိုင်သာယာအရှေ့ပိုင်း ၅ ထိပ် ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
ထို့ပြင် ၁၆ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် လှိုင်သာယာမီးသတ်ဌာနတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း အနီးရှိ ပြည်သူလူထုထိခိုက်နိုင်၍ မဖောက်ခွဲဘဲ ချန်လှပ်ခဲ့ရကြောင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများနှင့် ဝေးရာတွင် နေထိုင်ကြရန် မေတ္တာရပ်ခံကြောင်း ဩဂုတ် ၃၀ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်မြို့အနောက်ပိုင်းရှိ လှိုင်သာယာတွင် စစ်မြေပြင်တစ်ခုကဲ့သို့ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက လှုပ်ရှားနေကြကြောင်း၊ နေ့စဉ်လှည့်လည်နေသော စစ်တပ်မော်တော်ယာဉ်များပေါ်မှ စစ်သားတို့က အချိန်မရွေး ပစ်ခတ်မည့်ပုံစံဖြင့် သေနတ်ကိုင်ထားကြကြောင်း ထိုမြို့နယ်တွင် နေထိုင်သူ သတင်းထောက်တစ်ဦးက ပြောသည်။
“ဘုရင်နောင်တံတားအဆင်းက ၃၂၅ ( ခမရ ၃၂၅ တပ်) မှာ လုံခြုံရေး အပြည့်ယူထားတယ်။ ညောင်တုန်းလမ်းမကြီးတလျှောက်မှာလည်း မှတ်တိုင်တွေနားမှာကို ဒီကောင်တွေက ကားတွေနဲ့ အသင့်အနေအထားနဲ့ကို လုံခြုံရေးယူထားတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံ့ခေါင်းဆောင်များ၊ ထင်ရှားသူများ၊ စာရေးဆရာများကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမှုကြောင့် အကြမ်းဖက်မှုကျူးလွန်နေသူများကို လိုက်လံနှိမ်နင်းနေခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်လေ့ရှိသည်။
အာဏာရှင်ကို တော်လှန်လိုသည့် ခံစားချက်ပြင်းထန်သူများဖြစ်နေ၍ စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့နယ် NLD ပြောရေးဆိုခွင့်ရှိသူက သုံးသပ်သည်။
“လှိုင်သာယာမှာက နယ်ပေါင်းစုံက လာနေတဲ့ထဲမှာ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ခံစားချက်ရှိတဲ့ လူတန်းစားတွေ များနေတယ်။ လူငယ်တွေက တစ်ဦးနဲ့တစ်ဦး အချိတ်အဆက်တွေရှိနေကြတော့ တော်လှန်ရေးစိတ်ဝင်နေတဲ့ လူငယ်တွေ တော်တော်များများရှိနေတယ်။ လူငယ်တွေရဲ့ တော်လှန်ရေးလမ်းစဉ်အတိုင်း သွားမယ်ဆိုရင် ကျွန်တော်တို့ လူကြီးပိုင်းတွေအနေနဲ့ကတော့ ဒီလူငယ်တွေကို ပံ့ပိုးထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။ အဲဒါမှသာလျှင် ကျွန်တော်တို့ အောင်မြင်မှာပါ ” ဟု ၎င်းက ပြောလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe