ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ကမ္ဘောဇဘဏ်ခွဲ ယနေ့ (စက်တင်ဘာ ၃) မွန်းလွဲ ၂ နာရီခန့်တွင် ဓားပြတိုက်ခံရကြောင်း မြို့ခံတချို့ထံမှ သိရသည်။
“သေနတ်သံတွေ ကြားရတယ်။ သိန်း ၁,၀၀၀ ပါသွားတယ်လို့ပဲ သတင်းတွေထွက်နေတာ။ အတိအကျ ရဲကလည်း စစ်ဆေးနေတုန်း၊ မထုတ်ပြန်သေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
ဘဏ်ဓားပြတိုက်ခံရပြီး နာရီဝက်ခန့်အကြာ ရဲအင်အား အများအပြားရောက်ရှိလာပြီး လမ်းများပိတ်ဆို့ စစ်ဆေးသည်ဟု သိရသည်။
“မြို့ထဲမှာ ကင်းချထားတဲ့ ပုံစံပေါ့။ ကားတွေလည်း တားစစ်နေတယ်။ ကျွန်တော်မြို့ထဲသွားတဲ့ အချိန်မှာ တွေ့တာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စျေးပိတ်ထားသဖြင့် ဘဏ်ဝန်းကျင်တွင် လူများစွာ မရှိသဖြင့် ဓားပြတိုက်သူကို တွေ့မြင်လိုက်သူ နည်းပါးနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဓားပြတိုက်သူအရေအတွက်၊ ယူဆောင်သွားသည့် ငွေပမာဏတို့နှင့် ပတ်သက်ပြီး KBZ ဘဏ်နှင့် ကျောက်မဲရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းဆက်သွယ်၍ မရသေးပေ။
ကျောက်မဲတွင် လက်နက် တရားမဝင်ကိုင်ဆောင်သူ အများအပြားရှိသော်လည်း ဘဏ်ဓားပြတိုက်မှုမှာ ရှားပါးသည့် ဖြစ်ရပ်ဖြစ်သည်။
ဩဂုတ် ၃၀ တွင် ရန်ကုန်မှ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်း ကမ္ဘာ့ရတနာဘဏ်၊ သြဂုတ် ၂၅ တွင် ချင်းပြည်နယ် တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်၊ ဇူလိုင် ၁၅ တွင် တောင်ဥက္ကလာပမြို့နယ် နန္ဒာဝန်ဈေးအနီးရှိ ကမ္ဘာ့ရတနာဘဏ်တို့ ဓားပြတိုက်ခံခဲ့ရသည်။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ပစ်မှတ်ထားချေမှုန်းရေးကို ဦးစားပေးနေသော ရဲတပ်ဖွဲ့သည် ဘဏ်ဓားပြတိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe