မေးမြန်းခန်း

“စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က လွတ်မြောက်ဖို့ အားလုံးမှာတာဝန်ရှိတယ်”

စစ်အာဏာသိမ်းမှုကြောင့် NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) လမ်းကြောင်းပျက်ပြယ်ဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင်များနှင့် စုဖွဲ့ထားသည့် KNU Concerned Group က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးနှင့် စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ KNU Concerned Group အဖွဲ့ခေါင်းဆောင်ဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုတိယဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ 

​မေး – ဒီနေ့ KNU Concerned Group က သဘောထားထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားခင်ဗျ။
ဖြေ – ထုတ်ပြန်ချက်မှာရေးထားတဲ့ဟာပေါ့နော်။ ပထမကတော့ အခု နိုင်ငံရေးအခြေအနေ ပြန်ကြည့်မယ်ဆိုရင် ပြည်သူလူထုရွေးကောက်တဲ့ အစိုးရကို စစ်တပ်က မတရားအာဏာသိမ်းတဲ့အပေါ်မှာ ကျွန်မတို့ ပြန်ကြည့်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ လက်မှတ်ထိုးထားတဲ့ NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ကတော့ ပျက်ပြယ်ပြီလို့ ကျွန်မတို့ မှတ်ယူတာရှိတယ်။

ဒုတိယအချက်က ဒီလိုအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီက ပြည်သူလူထုဆန္ဒပြတာကို မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ဆန္ဒပြပြည်သူလူထုတွေတင်မကဘဲ နိုင်ငံရေးပါတီတွေ၊ တခြားသတင်းသမားတွေရယ်၊ နိုင်ငံရေးလှုပ်ရှားတဲ့သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တဲ့အပေါ်မှာ ပြန်ကြည့်မယ်ဆိုရင် ဒါငြိမ်းချမ်းရေးလမ်းကြောင်း မဟုတ်ဘူး။ ဒါကို ပြန်သုံးသပ်တာကတော့ ဒီ NCA လမ်းကြောင်းက ပျက်ပြယ်ပြီလို့ မှတ်ယူတာ။ 

နောက်တစ်ခုက တိုင်းရင်းသားတွေထိုးထားတဲ့ NCA မှာလည်း နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကိုလည်း မရောက်နိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ သွတ်သွင်းဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ နောက်တစ်ချက်က စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်သူလူထုကို ဖမ်းဆီးတာ တင်မကဘဲ တိုင်းရင်းသားနယ်မြေမှာ ထိုးစစ်ဆင်လှုပ်ရှားမှု အင်မတန်များလာတယ်။ မကြာခင်ကပဲ ကျွန်မတို့ KNU ထိန်းချုပ်နယ်မြေတွေမှာလည်း ပိုပြီးတော့ စစ်ရေးလှုပ်ရှားမှုများလာတာတွေ ရှိတာပေါ့။

မေး – KNU ဥက္ကဋ္ဌ အပါအဝင် တချို့တိုင်းရင်းသားခေါင်းဆောင်တွေက NCA လမ်းကြောင်းအတိုင်း ရပ်တည်တယ်ဆိုတာမျိုး အရင်က ထုတ်ပြောခဲ့တဲ့အပေါ် ဘာပြောလိုပါသလဲ။
ဖြေ – ကျွန်မအမြင်ကတော့ အဲဒါက ရပ်တည်တာက သူတို့ပြောတာ။ ဒါပေမဲ့ တကယ်လက်တွေ့အခြေအနေမှာ ကျွန်မတို့ ပြောတာက NCA ထိုးတဲ့အပေါ်မှာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို ထိုးတာဖြစ်တယ်။ အဲဒါထိုးတဲ့ဟာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတချို့တွေ ပါလာတယ်။ စစ်တပ်ကလည်းပါတယ်။ အစိုးရလည်းပါတယ်။ အစိုးရပါနေတဲ့အပေါ်မှာ ပြည်သူ့ရွေးကောက်တဲ့အစိုးရဖြစ်တယ်။

ဒါပေမဲ့ အခုသွားကြည့်မယ်ဆိုရင် အစိုးရကလည်းမရှိဘူး။ စစ်တပ်ကလည်း အာဏာရှင်စနစ်ဖြစ်သွားတယ်။ ပြည်သူလူထုကိုလည်း မတရားသတ်ဖြတ်မှုရှိတဲ့အပေါ်မှာ သူတို့ကိုလည်း NUG (အမျိုးသားညီညွတ်ရေးအစိုးရ) က အကြမ်းဖက်အဖွဲ့ ကြေညာထားတယ်ဆိုတော့ NCA လမ်းကြောင်းနဲ့ သွားမယ်ဆို ဘယ်သူနဲ့ သွားမယ်ဆိုတဲ့လမ်းကြောင်း မရှိတော့ဘူး။ သူတို့(စစ်ကောင်စီ)က အကြမ်းဖက်အဖွဲ့ဖြစ်သွားပြီဆိုတော့ NCA လမ်းကြောင်းက ပျက်ပြယ်ပြီလို့ ကျွန်မတို့က ဒီလိုပဲသုံးသပ်တာ။

မေး – ဆရာမတို့ ထုတ်ပြန်ချက်ထဲမှာ CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ)နဲ့ NUG ကို ထောက်ခံပြီး ပံ့ပိုးပေးသွားမယ်လို့ ပါရှိတော့ အဲဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါလား။ဖြေ – CRPH ကလည်း အနိုင်ရလွှတ်တော်အမတ်တွေနဲ့ ဖွဲ့ထားတာဖြစ်တယ်။ နောက် NUG ကို ဖွဲ့စည်းတာ။ သူတို့ဖွဲ့စည်းမှုအပေါ်မှာ ကြည့်မယ်ဆိုရင် သူတို့ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။ ပြီးတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ စစ်ကောင်စီရဲ့ ပြည်သူလူထုကို မတရားသတ်ဖြတ်မှုတွေ အမျိုးမျိုးကျူးလွန်မှုတွေ အများကြီးလုပ်တဲ့အပေါ်မှာလည်း NUG က စစ်ကောင်စီကို မတရားအသင်းထုတ်ပြန်ကြေညာတာ တွေ့ရတယ်။ အဲဒါပြန်ကြည့်မယ်ဆိုရင် NUG နဲ့ CRPH ရဲ့ နိုင်ငံရေးရပ်တည်ချက်ရော စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ သူတို့ တိုက်ပွဲဝင်တာ ရှိတယ်။ ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက် သူတို့က ရပ်တည်တာ ရှိတယ်။ 

ဒီအပေါ်မှာ ပြန်ကြည့်ရင် ကျွန်မတို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ နိုင်ငံရေးပန်းတိုင်ဖြစ်တဲ့ တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်က ထပ်တူကျတဲ့အတွက် NUG/ CRPH ကို ကျွန်မတို့ ကြိုဆိုတယ်ထောက်ခံတယ်။ ကျွန်မတို့ တတ်နိုင်သမျှ အုပ်ချုပ်ရေးကိစ္စနဲ့ပဲဖြစ်ဖြစ် စစ်ရေး၊ နိုင်ငံရေးကိစ္စနဲ့ပဲဖြစ်ဖြစ် တတ်နိုင်သမျှ ပံ့ပိုးသွားမှာဖြစ်တယ်။
 
မေး – လက်ရှိမှာရော ပူးပေါင်းဆောင်ရွက်မှု၊ ပံ့ပိုးဆောင်ရွက်မှု ရှိပါသလားခင်ဗျ။
ဖြေ – တချို့အခြေအနေပေးအပ်တဲ့အပေါ်မှာ ကျွန်မတို့ ရှိပါတယ်။
 
​မေး – ဒီလိုဆောင်ရွက်တဲ့အခါ စုဖွဲ့မှုအနေနဲ့ KNU Concerned Group ရှိတယ်။ ပြီးတော့ KNU အနေနဲ့လည်းရှိတော့ ဘယ်လိုပုံစံ ချိတ်ဆက်ဆောင်ရွက်ပါသလဲ။
ဖြေ – ကျွန်မတို့ ပြောနိုင်တာကတော့ ကျွန်မတို့အဖွဲ့တွေရဲ့ ရပ်တည်ချက်ဖြစ်တယ်။ အဖွဲ့ရဲ့ရပ်တည်ချက်က KNU က ချမှတ်ထားတဲ့ နိုင်ငံရေးရပ်တည်ချက်ဖြစ်တယ်။ ပြီးတော့ KNU ရဲ့ တော်လှန်ရေးလမ်းစဉ်အပေါ်မှာပဲ ရပ်တည်တာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့ KNU ရပ်တည်ချက်မှာ KNU ချထားတဲ့ ပေါ်လစီမှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ဖို့ မူရှိတယ်။ အဲဒါကြောင့် စစ်အာဏာရှင်စနစ်ကို ကျွန်မတို့ ဆန့်ကျင်တယ်။ 

ဒါကို ချုပ်ငြိမ်းဖို့အတွက် ကျွန်မတို့ တိုက်ပွဲဝင်တာ ကြာပြီ။ ကျွန်မတို့ အခုဆိုရင် နွေဦးတော်လှန်ရေးက ဖြစ်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပဲဖြစ်ဖြစ်၊ NUG ကပဲဖြစ်ဖြစ်၊ အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ တိုက်ပွဲဝင်တဲ့အတွက် ကျွန်မတို့အဖွဲ့က ဒါကို ထောက်ခံတယ်။ ဒါကိုလက်ခံတယ်။ ကျွန်မတို့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်သွားမှာပဲဖြစ်တယ်။

ဖြေ – ကျွန်မတို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးက ဘုံသဘောတူညီမှုက ရှိပြီးသား။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တယ်။ တိုက်ဖျက်ဖို့ကတော့ ဘုံသဘောတူညီချက်ရှိတယ်။ ဒါက ခေတ်အဆက်ဆက်မှာ ကျွန်မတို့ သဘောထားရပ်တည်ချက်ဖြစ်တယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိစ္စနဲ့လည်း ကျွန်မတို့ ရပ်တည်ထားတဲ့ သဘောတူညီချက်ဖြစ်တယ်။ 


အဲဒါကြောင့် အခုဆိုရင် ကျွန်မတို့သွားနေတဲ့ အခြေအနေက ပြည်သူလူထုတွေ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ နွေဦးတော်လှန်ရေး စတင်လုပ်ဆောင်တာဖြစ်တယ်။ ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာလည်း စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ သူတို့ တိုက်ပွဲဝင်ကြတဲ့အပေါ်မှာ ကျွန်မတို့လည်း တူညီတဲ့ပန်းတိုင် ရည်မှန်းချက်တွေကို တညီတညွတ် ပူးပေါင်းပြီးတော့ တညီတညွတ် တိုက်ပွဲဝင်ကြဖို့ အားလုံးကို တိုက်တွန်းချင်တယ်။ ပြည်သူလူထုတွေအားလုံးက ဒါကို ဝိုင်းဝန်းပြီး ပံ့ပိုးဖို့ တောင်းဆိုချင်တယ်။


မေး – လက်ရှိ ကရင်၊ ကချင်၊ ကရင်နီနဲ့ ချင်းပြည်နယ်ဘက်မှာလည်း စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေ တွေ့ရပေမဲ့ တချို့နယ်မြေဒေသတွေမှာတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ငြိမ်နေတာမျိုးတွေ့ရတော့ ဒီအပေါ် ဘယ်လို မှတ်ချက်ချလိုပါသလဲ။
ဖြေ – အခုအချိန်ကျပြီ။ အားလုံးဝိုင်းဝန်းပြီး တညီတညွတ်တိုက်ပွဲဝင်ကြဖို့ ကျွန်မက အားလုံးကို ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့ပဲဖြစ်ဖြစ် မပူးပေါင်းသေးတဲ့အဖွဲ့ပဲဖြစ်ဖြစ် ဆက်လက်ပြီး တညီတညွတ် တိုက်ပွဲဝင်ကြပါလို့ ပြောချင်ပါတယ်။

မေး – စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ တက်တက်ကြွကြွမပါသေးတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ဘာပြောလိုပါသလဲ။
ဖြေ – အခုကြည့်မယ်ဆိုရင် တချို့တိုင်းရင်းသားအဖွဲ့အစည်းတွေက တက်တက်ကြွကြွပါဝင်မှု မရှိသေးဘူးပေါ့။ တချို့တွေလည်း တိုင်းရင်းသားခေါင်းဆောင်တွေ၊ တချို့နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းတာမျိုးတွေ့တယ်။ အဲဒါကြောင့် ကျွန်မတိုက်တွန်းချင်တာက အခုအချိန်မှာ အားလုံး စုစုစည်းစည်း လုပ်ဖို့လိုတယ်။ 


စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က လွတ်မြောက်ဖို့အတွက်က အားလုံးတာဝန်ရှိတယ်။ ပြည်သူလူထုတိုင်းမှာ တာဝန်ရှိတယ်။ တိုင်းရင်းသားတိုင်းမှာ တာဝန်ရှိတယ်။ ဒီစနစ်ဆိုးတစ်ခုကို ကျော်လွှားနိုင်မယ်ဆိုရင် အားလုံးက ပြုပြင်ပြောင်းလဲရေးအခြေအနေရောက်မယ်။ ရောက်မယ်ဆိုရင် အားလုံး တန်းတူအခွင့်အရေးရနိုင်မယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ရတယ်။ ပြည်သူလူထုရော တိုင်းရင်းသားအသီးသီး ဘယ်တိုင်းရင်းသားမဆို စစ်ကောင်စီ၊ စစ်အာဏာရှင်ကို သူတို့လုပ်ရပ်ကို လက်ခံလို့မရဘူး။ ဆန့်ကျင်ဖို့ အားလုံးက ပြည်သူလူထုလှုပ်ရှားမှုမှာ ပါဝင်ဖို့ တိုက်တွန်းချင်တယ်။

မေး – စစ်အာဏာရှင်တိုက်ဖျက်ရေး အောင်မြင်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပါသလဲ။
ဖြေ – အားလုံး တညီတညွတ် တိုက်ပွဲဝင်ကြမယ်ဆိုရင် အောင်မြင်နိုင်တယ်။ အောင်မြင်ဖို့အတွက် လမ်းကြောင်းရှိတယ်။ စစ်မှန်တဲ့ တော်လှန်ရေးဆိုတာ အောင်မြင်ရမယ်။ အဲဒါ ကျွန်မတို့သွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တော်လှန်ရေးမှာရော အခုဆိုရင် ပြည်သူလူထုတွေရဲ့ နွေဦးတော်လှန်ရေးမှာရော အမှန်တရားဖြစ်တယ်။ အဲဒါက စစ်မှန်တဲ့ တော်လှန်ရေးဖြစ်တယ်။ အားလုံးက ဒီအပေါ်မှာ မားမားမတ်မတ်ရပ်တည်ပြီးတော့ စိတ်ဓာတ်မကျဘဲနဲ့ ခိုင်ခိုင်မာမာနဲ့ ဒီရပ်တည်ချက်အပေါ်မှာ တိုက်ပွဲဝင်သွားမယ်ဆိုရင် အောင်မြင်နိုင်မယ်။

မေး – စစ်အာဏာရှင်၏ ဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုကို ဘယ်လိုသတင်းစကားပါးလိုပါသလဲ။ 


ဖြေ – ကျွန်မပြောကြားလိုတာက ပြည်သူလူထုတွေက ဘယ်လိုပဲ အခြေအနေရှိရှိ မားမားမတ်မတ် ရပ်တည်ဖို့ လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြင်နာစောင့်ရှောက်ဖို့လိုတယ်။ ပြီးတော့ အာဏာရှင်စနစ် နောက်ထပ် အနှစ် ၃၀၊ အနှစ် ၇၀ မနေစေချင်တော့ဘူး။ အဲဒါကြောင့် ပြည်သူလူထုအားလုံး ဘယ်အခြေအနေပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဆိုးဆိုး အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့ အဲဒါ စုစုစည်းစည်းလုပ်မယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုတော့ ရနိုင်ပါတယ်။



(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)


Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button