သတင်း

ချင်းပြည်နယ်တွင် ဘာသာရေးအဆောက်အအုံပင်မချန် စစ်တပ်က ဖျက်ဆီး

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ရေးပြင်းထန်နေသည့် ချင်းပြည်နယ်အတွင်း ထိခိုက်၊ သေဆုံးမှုများလာချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘာသာရေးဆိုင်ရာ အဆောက်အအုံများကိုပါမချန် ပစ်မှတ်ထား ဖျက်ဆီးလာသည်။

သြဂုတ်လလယ်မှစ၍ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းသုံးကြောင်းခွဲ၍ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ဩဂုတ် ၂၄ ၌ ခွီးရိန်ရွာအနီးရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ဩဂုတ် ၃၀ တွင် ချပ်ရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်သူက ပြောသည်။ 

ချပ်ရွာ ခရစ်ယာန်ဘုရားကျောင်းရှိ အသုံးအဆောင်ပစ္စည်းများကို ရိုက်ချိုး၊ ဓမ္မစာအုပ်များကို ဖျက်ဆီးခဲ့သည့်နည်းတူ ခွီးရိန်ရွာဘုန်းကြီးကျောင်းတွင် ဆရာတော်သီတင်းသုံးသည့် ကျောင်းဆောင်ပင်မချန် မွှေနှောက် ရှာဖွေသွားသည်ကို ဓာတ်ပုံများတမ်းများတွင် တွေ့ရသည်။

“ဒီတစ်ခါက ဘာသာရေးအဆောက်အအုံရော၊ ဘာသော၊ ညာသောအကုန်လုံးပဲ။ ဆိုင်ကယ်တွေ မီးရှို့သွားတာ၊ အိမ်တွေ ဖျက်ဆီးသွားတာ၊ မွှေနှောက်ရှာဖွေယူသွားတာပေါ့” ဟု ၎င်းက ပြောသည်။

ဘာသာရေးခေါင်းဆောင်များနှင့် ကျောင်းအတွင်း မှီတင်းနေထိုင်သူတို့မှာမူ ဒေသတွင်း စစ်ရေးတင်းမာနေသဖြင့် ထိုနေရာများတွင် နေထိုင်ခြင်းမရှိသောကြောင့် ထိခိုက်၊ သေဆုံးမှု၊ ဖမ်းဆီးခံရမှု တစ်စုံတစ်ရာ မရှိခဲ့ဟု သိရသည်။

မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို ဘာသာရေးအဆောက်အအုံများနှင့် အထွတ်အမြတ်ထားသည့် နေရာများကို ဖျက်ဆီးမှု မပြုလုပ်သင့်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ချင်းပြည်နယ်မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးက မိန့်သည်။

ဒေသတွင်း ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦးကလည်း ယခုကဲ့သို့ လုပ်ရပ်များကို ရှောင်ရှားကြပါရန် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်တွန်းသည်။

“နိုင်ငံရေးကတော့ ပါတီနိုင်ငံရေးသော်လည်းကောင်း၊ တော်လှန်ရေးနိုင်ငံရေးသော်လည်းကောင်း၊ လုပ်တဲ့သူက သူတို့ကဏ္ဍ၊ ဥပဒေနဲ့လုပ်တာက ဥပဒေနဲ့ ကဏ္ဍပေါ့။ ဒီလိုမျိုးအမြတ်တနိုးထားရတဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေကတော့ ရှောင်ရှားသင့်တယ်။ ဘာသာဝင်အားလုံးရဲ့ နှလုံးသားထဲမှာလည်း ခံစားလို့မကောင်းဘူးပေါ့။ မလုပ်ကောင်းဘူး” ဟု အထက်ပါ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်က မိန့်သည်။

ချင်းပြည်နယ် မင်းတပ်မြို့ချပ်ရွာ ခရစ်ယာန်ဘုရားကျောင်း ဩဂုတ် ၃၀ရက်က ဖျက်ဆီးခံရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်အတွင်း အိမ်ခြေ ၃၆ လုံးသာရှိသည့် တားလ်ကျေးရွာမှ ဘုရားရှိခိုးကျောင်းကိုလည်း သြဂုတ်လအတွင်း စစ်တပ်က နှစ်ကြိမ်တိုင် လာရောက်ကာ ကျမ်းစာအုပ်၊ ဓမ္မသီချင်း စာအုပ်များ၊ ပရိဘောဂပစ္စည်းများကို စိတ်ကြိုက် မွှေနှောက်ဖျက်ဆီးခံခဲ့ရသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ဘာသာရေးအဆောက်အအုံများကိုပင်မချန် ပစ်မှတ်ထားရန်ရှာခံနေရသည့် မင်းတပ်မြို့နယ်အတွင်း စစ်ဆင်ရေးများကို စစ်ကောင်စီ၏ တပ်မ ၁၀၁၊ ၁၁ တို့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထိုမြို့နယ်၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

စစ်ကြောင်းများ သွားလာရာလမ်းတစ်လျှောက် တပ်စွဲသည့် ကျေးရွာများတွင်လည်း စစ်တပ်က ဖျက်ဆီး၊ လုယက်မှုများရှိနေပြီး တန်ဖိုးကြီးပစ္စည်းများ၊ ရွှေ၊ ငွေနှင့် နဘက်၊ ပယင်းပုတီးကဲ့သို့သော ရိုးရာလက်မှုထုတ်ကုန်များကို စစ်သားများက မျက်စိကျလေ့ရှိသည်ဟု ၎င်းကဆိုသည်။

ထို့အတူ ဒေသခံတို့ စုဆောင်းထားသည့် စားနပ်ရိက္ခာများကို လောင်စာဆီများဖြင့် လောင်း၍ မီးရှို့ခြင်း၊ မိုးထဲရေထဲတွင် လွှင့်ပစ်ခဲ့ခြင်း၊ ဆန်ပုံပေါ် မစင်စွန့်ခြင်းကဲ့သို့ ရိုင်းစိုင်းသည့် အပြုအမူမျိုးစုံသုံး၍ စစ်တပ်က လုပ်ဆောင်နေသည်ဟု ထိုသူက ဆက်ပြောသည်။

စစ်တပ်က ဖျက်ဆီး၊ လုယက်သည်ဆိုသော အထက်ပါ ကိစ္စများနှင့် စပ်လျဉ်း၍မူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin affairs – ICA)ကမူ ပြည်သူ့ အသက်၊ အိုးအိမ်၊ စည်းစိမ်သာမက ဘာသာရေးအဆောက်အအုံပါမချန် ဖျက်ဆီးနေသည့် စစ်တပ်၏ လုပ်ရပ်များမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် အကျုံးဝင်သည့် ဂျီနီဗာသဘောတူစာချုပ်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၇ က ကြေညာသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းနေသည့် စစ်တပ်ကို ချင်းပြည်နယ်ကဲ့သို့ပင် ရရာလက်နက်ဖြင့် ခုခံနေသည့် ကယားပြည်နယ်အတွင်း ဘာသာရေးအဆောက်အအုံပါမချန် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုမျိုးကို ဇွန်လအတွင်းတွင် စစ်တပ်က ကျူးလွန်ဖူးသည်။

လက်ရှိတွင် စစ်ကြောင်းများထိုး၍ အပြင်းအထန်ဖိနှိပ်နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့ တွင် ဧပြီလမှစ၍ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲပေါင်း ၅၀ ကျော်အထိ ရှိနေပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးသေသည်အထိ ပြင်းထန်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button