
ရန်ကုန် — လွန်ခဲ့သည့် သီတင်းပတ်က အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်ရုံးတွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုကြားနာစဉ် “မင်းတို့ ထမင်းဝအောင်စားထား” ဟူသော စာသားများပါသည့် တီရှပ်များ ဝတ်ဆင်လာပြီး လူသတ်တရားခံ ကြည်လင်းကို လာရောက်အားပေးခဲ့သူများကို ယမန်နေ့က အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားပြီဖြစ်ကြောင်း သိရှိရသည်။
ထိုကဲ့သို့ တရားခွင်ကို လာရောက်ခြိမ်းခြောက်ခဲ့သူများကို အရေးယူပေးရန် အင်းစိန်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးမှုက တရားလိုလုပ်၍ အင်းစိန်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ရာ တရားသူကြီးက အများပြည်သူကို ထိတ်လန့်စေမှုနှင့် သက်ဆိုင်သော ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နှင့် ပြည်သူ့ဝန်ထမ်းကို နစ်နာစေရန် ခြိမ်းခြောက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၉ တို့ဖြင့် ပုဒ်မတပ်ပြီး လူ ၄ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း တရားရုံးသတင်းရပ်ကွက်မှ သိရှိရသည်။
၄င်းတို့ ၄ ဦးကို ဖမ်းဆီးမှုအခြေအနေနှင့် ပတ်သက်၍ အင်းစိန်မြို.နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကိုကိုထွေးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ၄င်းက “ဒါနဲ့ပတ်သက်ပြီး ဘာမှပြောလို့မရသေးဘူး” ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
ဘုရားဆင်းတုတော်များ ခိုးယူမှုဖြင့် ယခင်က နှစ်ရှည်ထောင်ဒဏ်ကျခဲ့ပြီး ထောင်မှ လွတ်မြောက်လာပြီးနောက် ဦးကိုနီကို လုပ်ကြံခဲ့သူ ကြည်လင်းကို တရားရုံးတွင် လာရောက်ထောက်ခံသူ ၄ ဦးအနက် မြတ်ဘုန်းမိုရ်နှင့် တင်ဌေးအောင်တို့နှစ်ဦးသည် လွန်ခဲ့သည့်နှစ်က ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဘာသာရေးအသွင်ယူပြီး အကြမ်းဖက်မှုများဖြစ်ရန် လှုံ့ဆော်အားပေးခဲ့သူများဖြစ်သည်။
မင်းတို့ ထမင်းဝအောင်စားထားဟူသော စကားရပ်မှာ လူသတ်ရန် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ထိုကဲ့သို့တရားရုံးတွင် ပြောင်ပြောင်တင်း လာရောက်ခြိမ်းခြောက်မှုသည် တရားရေးမဏ္ဍိုင်တစ်ခုလုံးကို စိန်ခေါ်မှုဖြစ်သောကြောင့် အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူရန် ရှေ့နေအဖွဲ့အစည်းခြောက်ဖွဲ့က အစိုးရထံ ဖေဖော်ဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုထားသည်။