သတင်း

စားသောက်ဆိုင်များ ယစ်မျိုးခွန် ဆောင်ကြစေရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီက စားသောက်ဆိုင်များနှင့် အရက်ဘီယာအရောင်းဆိုင်များထံမှ ယစ်မျိုးခွန်တောင်းခံနေပြီး ကျသင့်အခွန်မဆောင်ပါက လိုင်စင်ပိတ်သိမ်းမည်ဟု ဖိအားပေးနေကြောင်း အရက်ဘီယာရောင်းချသူများက ပြောသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကြောင့် စားသောက်ဆိုင်များပိတ်ထားရသဖြင့် ၂၀၁၉ နှင့် ၂၀၂၀ တွင် အခွန် သက်သာခွင့်ရခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်တောင်းခံလာခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ အမည်မဖော်လိုသည့် စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ဆိုင်လည်း မဖွင့်ရဘူး၊ ၂ နှစ်လည်းရှိပြီ။  ရှိသမျှဝန်ထမ်းတွေလည်း အကုန်လုံးပိတ်ထားရတယ်။ အဲ့ဒါကို အခွန်မဆောင်ရင် ယစ်မျိုးလိုင်စင်တွေ အပြီးတိုင်ပိတ်သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ဖြစ်လာတယ် ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

လက်လီဆိုင်များ လုပ်ငန်းပုံမှန်လည်ပတ်ပြီး အမြတ်အစွန်းရှိကြသောကြောင့် အခွန်ဆောင်နိုင်ဖွယ်ရှိသော်လည်း စည်ပင်နှင့် ထွေအုပ်တို့၏ ညွှန်ကြားချက်ဖြင့် နှစ်နှစ်ကျော်ကြာပိတ်ထားသော စားသောက်ဆိုင်များမှာ ဝင်ငွေမရှိကြဟု ၎င်းက ထောက်ပြသည်။

အခွန်ငွေကောက်ခံရရှိမှု ကျဆင်းလာချိန်တွင် အခြားအခွန်အခများနည်းတူ ယစ်မျိုးခွန်ကိုလည်း ကြပ်မတ် တောင်းခံလာခြင်းဖြစ်ပြီး လိုင်စင်ပိတ်သိမ်းခံရသည့်တိုင်အောင် အခွန်မဆောင်ရန် ၎င်းက ဆုံးဖြတ်ထားသည်။

“လိုင်စင်ကြေးတွေနဲ့ ပြည်သူကရတဲ့ပိုက်ဆံ ပြည်သူ့ပြန်သတ်မှာပဲလေ။ ကျွန်တော်က ဆုံးဖြတ်လိုက်တယ် ။ သိမ်းချင်လည်းသိမ်းပေါ့။ ကျွန်တော်ကတော့ မဆောင်ဘူး။ ရှိလည်းမရှိဘူး။ ရှိလည်း မဆောင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ယစ်မျိုးခွန်များ လာရောက်ပေးသွင်းရန် စာပေးပို့ တောင်းဆိုနေပြီး အခွန်အကျေပေးဆောင်သူများရှိသလို ငွေကြေးအဆင်မပြေမှုကြောင့် ငွေသွင်းရမည့်ရက်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုသူများလည်းရှိကြောင်း ရန်ကုန်၊ တောင်ဒဂုံမြို့နယ်မှ အရက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ယစ်မျိုးလိုင်စင်ပေါင်း ၄၀ ထက်မနည်းရှိပြီး ကုန်စုံဆိုင်တွင် လက်လီလက်ကားရောင်းချခွင့်လိုင်စင် (FL 12) အတွက် ၁၅ သိန်း၊ ဆိုင်ထိုင်သောက်သုံးရန် ရောင်းချခွင့်လိုင်စင် (FL17) လိုင်စင်အတွက်၂၅ သိန်း ပေးဆောင်ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်သိသလောက် တော်တော်များများက (ယစ်မျိုးခွန်) ဆောင်တဲ့သူပဲ။ မဆောင်တဲ့သူကျရင် သူတို့က သတင်းရပြီဆိုတာနဲ့ ဆိုင်ကိုလာပြီးတော့ ပိတ်သိမ်းခွင့်ရှိတယ်။ အင်အားသုံးပြီးတော့ ဖြိုခွင်းခွင့်ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

သိန်းရာချီပေးရသည့်လိုင်စင် အပိတ်ခံရမည်ကိုစိုးသဖြင့် အခွန်ဆောင်နေကြခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအတွက် အခွန်အကောက် ၂၂ မျိုးကို အုပ်စုလေးစုခွဲကာ ဝန်ကြီးဌာန ၈ ခုနှင့် နေပြည်တော်ကောင်စီတို့က ကောက်ခံနေခြင်းဖြစ်ပြီး အခွန်ဘဏ္ဍာရရှိရေး မဖြစ်မနေလိုအပ်သည်ဟုဆိုကာ အခွန်အမျိုးမျိုးကြပ်မတ်ကောက်ခံရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

အာဏာသိမ်းမှုဆန့်ကျင်သူများထဲမှ အများအပြားက မီတာခနှင့် ရေခွန် ပေးဆောင်ရန် ရည်ရွယ်ချက်ရှိရှိ ပျက်ကွက်နေကြသည်။ အောင်ဘာလေထီထိုးလျှင် စစ်ကောင်စီ ဝင်ငွေတိုးမည်ဖြစ်သောကြောင့် ထီမထိုးရေးလှုပ်ရှားမှုကလည်း ဆက်လက် အရှိန်ကောင်းနေသည်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်းက ကပ်ရောဂါထိန်းချုပ်နေရသည့်အပြင် စီးပွားရေးထိခိုက်မှုကြောင့် အခွန်အကောက်နှင့် သာမန်ရငွေများ အပါအဝင် နိုင်ငံတော်ဝင်ငွေများ ကျဆင်းနေပြီး လာမည့် ၆ လအတွင်း ရငွေ ဆက်လက်လျော့နည်းနိုင်ကြောင်း ဩဂုတ် ၂၄  ဘတ်ဂျက်အစည်းအဝေးတွင် ပြောဆိုထားသည်။  

ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် မဖြစ်မနေ ငွေသုံးစွဲရမည်ဖြစ်၍ ဝန်ကြီးဌာနများ အသုံးစရိတ် စိစစ်ရန် ၎င်းက တိုက်တွန်းထားသည်။

အခြားတစ်ဖက်တွင်မူ အမျိုးသားညီညွတ်ရေးအစိုးရက စစ်အုပ်စု သက်ဆိုးမရှည်စေရေးအတွက် စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ဝင်ငွေလမ်းကြောင်းများဖြတ်တောက်ရန် ကြိုးပမ်းနေသည်။

စစ်တပ်ထုတ်ကုန်များကိုလည်း မြန်မာပြည်သူအများစုက သပိတ်မှောက်ခဲ့ကြပြီး မြန်မာဘီယာကဲ့သို့သော အဖျော်ယမကာများကိုပါ ဝယ်ယူမှု ရပ်တန့်ထားကြသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button