သတင်း

စစ်ကောင်စီလက်ထက် ထီသည်များ စီးပွားပျက်သည်အထိ ထီဈေးကွက်ပျက်နေ 

စစ်ကောင်စီလက်ထက်တွင် ထီဈေးကွက်ပျက်နေပြီး အောင်ဘာလေထီ ရောင်းချခွင့်ပါမစ်အသစ် လျှောက်ထားရန် ဇူလိုင် ၁၄ တွင် ကြေညာထားသော်လည်း စိတ်ဝင်စားသူနည်းပါးနေကြောင်း ထီရောင်းဝယ်သူများက ဆိုသည်။

“နိုင်ငံရေးအခြေအနေကြောင့်ပဲ၊ ရှင်းတယ်။ အခုထီရောင်းတဲ့သူတွေထဲမှာ ခပ်ရှင်းရှင်းပြောရရင် စစ်တပ်ကို မကြိုက်တဲ့လူတွေ အများကြီးပဲ။ ပြောရရင် အမေစုလွတ်မှ ထီရောင်းမယ်ဆိုတဲ့ လူတွေကလည်း တစ်ပုံကြီးပဲ” ဟု ရန်ကုန်၊ သုဝဏ္ဏတွင် ထီဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

အာဏာမသိမ်းမီက ထီရောင်းချခွင့်ပါမစ်ကို အလုအယက်လျှောက်ထားခဲ့ကြသော်လည်း လက်ရှိတွင် ထီဈေးကွက်ပျက်နေသည့်အပြင် စစ်ကောင်စီလက်ထက်တွင် ထီမရောင်းလိုကြခြင်းဖြစ်သည်ဟု အဆိုပါ ထီလုပ်ငန်းရှင်အမျိုးသားက Myanmar Now ကို ပြောသည်။

ထီရောင်းချခွင့်ပါမစ်လျှောက်ထားရာတွင် လစဉ်ဝယ်ယူလိုသည့် ထီစာအုပ်အရေအတွက်အလိုက် အခွန်ဌာနသို့ လျှောက်ထားရခြင်းဖြစ်ကာ ထီတစ်စောင်လျှင် အရင်ဈေး ၉၁၀ ကျပ်ဖြင့် ဝယ်ယူပြီး ဈေးကွက်အတွင်း ၁,၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထီရောင်းအားကျဆင်းလာသဖြင့် ပုံမှန်ယူလေ့ရှိသည့် ထီစာအုပ်အရေအတွက်ကိုပင် မယူနိုင်တော့ဘဲ အခွန်ဌာနတွင် စပေါ်တင်ထားရသည့် အာမခံ‌ငွေ သိမ်းဆည်းခံရခြင်းများပင်ရှိကြောင်း သုဝဏ္ဏမှ အထက်ပါထီလုပ်ငန်းရှင်က ပြောသည်။ 

“အရင် Deposit (အာမခံစပေါ်ငွေ) သူတို့ အကုန်စားပစ်လိုက်ပြီလေ။ အခု တင်ဆိုရင် အုပ် ၂၀၀၊ ၃၀၀ ပဲ တင်မယ်။ အရင်တုန်းက တင်ဆိုလို့ရှိရင် တင်တဲ့သူက များနေတယ်။ သူတို့တောင် မပေးနိုင်ဘူး။ အခုဆိုရင် တင်တဲ့သူက ဘယ်သူရှိတော့မလဲ” ဟု ၎င်းက ပြောသည်။

ယခင်က တစ်လလျှင် ကျပ်သိန်း ၃၀၀ ဖိုးအထိ ရောင်းအားရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကျပ် ၇ သိန်းဖိုးခန့်သာ ရောင်းချရကြောင်း၊ စစ်ကောင်စီကို အခွန်ရှာပေးသည့်သဘောဖြစ်နေသောကြောင့် ပိတ်သိမ်းသည့်ထီဆိုင်များလည်းရှိကြောင်း သူက ရှင်းပြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများက ထီမထိုးဘဲသပိတ်မှောက်ခဲ့ရာ ထီရောင်းအား အကြီးအကျယ်ကျဆင်းသွားပြီး ကျပ်သိန်းရာဂဏန်းထိပင် အကြွေးတင်သည့် ထီသည်များရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ထီသည်တစ်ဦးက ပြောသည်။

“ဘဝပျက်သွားတဲ့အနေအထားပေါ့။ ဘဝပျက်ပြီးပြေးတဲ့ကောင်တွေကလည်း ပြေးသွားကြတယ်။ အဲ့ဒီတော့ ထီပြန်လျှောက်ဦးမလားဆိုရင် ဒီလိုရှုံးသွားတဲ့အနေအထားမှာ၊ ခေတ်ကာလလည်း မကောင်းတဲ့အနေအထားမှာ လျှောက်ရဲမှာ မဟုတ်တော့ဘူး” ဟု အထက်ပါ ထီသည်က ပြောသည်။ 

သို့သော် ပင်ရင်းထီဆိုင်ကြီးများကမူ နာမည်နှင့် လုပ်ငန်းတည်ရှိမှုကို ဆက်လက်ထိန်းထားလိုသဖြင့် ထီဆက်လက်ရောင်းချဖွယ်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။ 

အာဏာသိမ်းသည့် ဖေဖော်ဝါရီလက နေပြည်တော် တပ်ကုန်းမြို့ ထီဆိုင်တစ်ဆိုင်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

အာဏာသိမ်းမှုကို ဆန့်ကျင်မှုများကြောင့် စစ်ကောင်စီလက်ထက်တွင် ထီရောင်းအား အကြီးအကျယ်ကျဆင်းခဲ့ရာ ပုံမှန်ထီဖွင့်နိုင်ခြင်း မရှိခဲ့သည့်အပြင် ထီဆု‌ကြေးနှင့် ဆုအရေအတွက်ကိုလည်း လျှော့ချခဲ့ရသည်။ 

စစ်အာဏာသိမ်းပြီးနောက် ပုံမှန်ထီဖွင့်ရက်ဖြစ်သည့် မတ် ၁ ရက်တွင် ထီဖွင့်နိုင်ခြင်းမရှိဘဲ မတ် ၁၅ ရက်သို့လည်းကောင်း၊ ဧပြီ ၁ ထီဖွင့်ရက်ကို မေ ၁ ရက်သို့လည်းကောင်း နောက်ကျကာ ထီဖွင့်ခဲ့သည်။ ထို့ပြင် ယခင်က ကျပ်သိန်းတစ်သောင်းခွဲအထိ အမြင့်ဆုံးထီဆုကြေးချီးမြှင့်နိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် အမြင့်ဆုံးအဖြစ် ကျပ်သိန်းငါးထောင်အထိသာ ချီးမြှင့်နိုင်တော့သည်။ 

“ဘဝပျက်သွားတဲ့အနေအထားပေါ့။ ဘဝပျက်ပြီးပြေးတဲ့ကောင်တွေကလည်း ပြေးသွားကြတယ်။ အဲ့ဒီတော့ ထီပြန်လျှောက်ဦးမလားဆိုရင် ဒီလိုရှုံးသွားတဲ့အနေအထားမှာ၊ ခေတ်ကာလလည်း မကောင်းတဲ့အနေအထားမှာ လျှောက်ရဲမှာ မဟုတ်တော့ဘူး” 

ထီလုပ်ငန်းသဘာဝအရ ထီလက်မှတ်ရောင်းရငွေ၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်အခွန်အဖြစ်သိမ်းယူပြီး ၆၀ ရာခိုင်နှုန်းကို ဆု‌ငွေပေးခြင်းဖြစ်ရာ စစ်ကောင်စီလက်ထက်တွင် အမြင့်ဆုံးဆုကြေးပမာဏကို ထက်ဝက်မက လျှော့ချခဲ့သော်လည်း ထီတစ်စောင်ချင်းဈေး ကျပ် ၁၀၀၀ ကိုမူ လျှော့ချခြင်း မရှိပေ။ 

အာဏာမသိမ်းမီက ထီအက္ခရာ ၄၀ အထိ ထုတ်ဝေရောင်းချခဲ့ရသော်လည်း လက်ရှိတွင် အက္ခရာ ၁၀ လုံးသာ ထုတ်ဝေရောင်းချနိုင်တော့ကြောင်း ထီသည်များက ဆိုသည်။

ထီရောင်းအား အကြီးအကျယ်ကျဆင်းခဲ့သဖြင့် ဝန်ကြီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ‌မှတစ်ဆင့် လစဉ်ထီရောင်းရန် စစ်ကောင်စီက ကြိုးပမ်းခဲ့သေးသည်။ 

၂၀၁၉-၂၀ ရသုံးမှန်းခြေငွေစာရင်းအရ ဘဏ္ဍာရန်ပုံငွေရရှိမှုတွင် ၃၂ ရာခိုင်နှုန်းရှိသည့် အခွန်အကောက်ရငွေများအနက် အောင်ဘာလေသိန်းဆုဌာနခွဲလည်း ပါဝင်ကြောင်း၊  ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၀ ဒသမ ၁၇၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button