သတင်း

ကိုးကန့်တပ်နှင့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ 

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသတိုက်ပွဲတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်အခြေစိုက် ခလရ (၂၃၀) တပ်ရင်းမှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က သတင်းထုတ်ပြန်ထားသည်။

ခလရ (၂၃၀) တပ်ရင်းအပါအဝင် အင်အား ၁၃၀ ခန့်ရှိ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ ဩဂုတ် ၂၈ ရက်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အနည်းဆုံး ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၂၀ ခန့်ရှိကြောင်း MNDAA ၏ ယမန်နေ့ထုတ်ပြန်ချက်က ဆိုသည်။ 

MNDAA က ထုတ်ပြန်သည့် ဓာတ်ပုံများအရ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် ပစ္စည်းများတွင် လက်နက်ခဲယမ်းများနှင့်အတူ ခလရ (၂၃၀) တပ် အမှတ်အသားနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တံဆိပ်ပါ စစ်ဝတ်စုံများလည်း ပါဝင်သည်ကို တွေ့ရပြီး ထိုတိုက်ပွဲတွင် MNDAA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု ဆိုသည်။

ခလရ (၂၃၀) တပ်သည် ကော့ကရိတ်မြို့နယ်အတွင်း ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပြည်သူလူထုကို ဒုက္ခပေးခဲ့သော တပ်ဖြစ်သည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ ခလရ (၂၃၀) တပ်မှာ မုံးကိုးဒေသတွင် စစ်ဆေးရေးဝင်နေသည်မှာ နှစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) တွင် ပါဝင်ခဲ့သူ စစ်တပ်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။

ထို့ပြင် မုံးကိုးဒေသတိုက်ပွဲနှင့် ပတ်သက်၍ “စကစ (စစ်ကောင်စီ) တပ်တွေက တိုက်ခိုက်ရေးစွမ်းရည်လည်းနည်းတယ်။ လူအင်အားလည်း နည်းပါတယ်။ အဓိက အရည်အချင်းနည်းပါးတာထက် သူတို့ မလုပ်ချင်တဲ့သဘောတွေလည်း ပါတယ်ဗျ။ အဲလိုသဘောတွေကြောင့် အကျအဆုံးများတယ်လို့ ထင်တယ်” ဟုလည်း ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၅၄ ကျောင်းဆင်းဖြစ်သူ ဗိုလ်ကြီးလင်းထက်အောင်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ခမရ (၅၂၈) တွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဧပြီလအတွင်းက စစ်တပ်ကိုစွန့်ခွာကာ CDM ပြုလုပ်ခဲ့သူဖြစ်သည်။ 

မုံးကိုးဒေသတွင် MNDAA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်အရာရှိတစ်ဦး ကျဆုံးခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။ 

“အဲဒီထဲမှာ တပ်ရင်းမှူးတစ်ယောက်ပါတယ်။ ကျန်တဲ့ဟာ ဒဏ်ရာရတာတွေရှိတယ်။ ပြီးတော့ သူတို့ နောက်ပြန်ဆုတ်သွားတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယမန်နေ့ (ဩဂုတ် ၂၉) ကလည်း မုံးကိုးဒေသ၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည်ကျသဖြင့် နမ့်ဟာကျေးရွာတွင် အရပ်သားလေးဦးသေဆုံးခဲ့ဟုလည်း အဆိုပါ ရှမ်းမြောက်ဒေသခံ အမျိုးသားက ပြောသည်။

မုံးကိုးဒေသတိုက်ပွဲအတွင်း MNDAA က သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် စစ်ကောင်စီလက်အောက်ခံတပ်မှ အရာရှိများ၏ ပခုံးပတ်တံဆိပ်များ တွေ့ရစဉ်။ (ဓာတ်ပုံ − ကိုးကန့်သတင်းဌာန)

“အဲဒီဒေသမှာ ဒီမနက်ပိုင်း (ဩဂုတ် ၂၉) မှာလည်း တပ်ရင်းနောက်တစ်ခု (စစ်ကောင်စီတပ်နောက် တစ်ခု) နဲ့ ထိုးစစ်ဆင်လို့ မနက်ပိုင်းမှာ တိုက်ပွဲခဏဖြစ်လိုက်သေးတယ် ပြောတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ နမ့်ဟာနှင့် ကောင်းလုံကျေးရွာမှဒေသခံ ၆၀၀ ကျော် မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း ကချင်သတင်းဌာနက KNG က ဖော်ပြသည်။

ယခင်တစ်ရက်ကလည်း မုံးကိုးမြို့နယ် လူတောင်ရွာအနီးတွင် MNDAA ၏ ကိုဗစ်ကာကွယ်နှိမ်နင်းရေးအဖွဲ့က လူထုအား အသိပညာပေးဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ရောက်လာ၍ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ အနည်းဆုံးလေးဦး သေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

မုံးကိုးဒေသတွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီတို့ ဇူလိုင်လဆန်းမှစ၍ ဆက်တိုက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ၁၅၀၀ ခန့်သည် မြန်မာ- တရုတ်နယ်စပ်အနီးသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရှမ်းမြောက်ဒေသခံထံမှ သိရသည်။ 

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၆) မှ တပ်ရင်း(၃၆) လှုပ်ရှားရာနယ်မြေလည်းဖြစ်ရာ KIA နှင့် စစ်ကောင်စီကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button