
ရန်ကုန်တိုင်းအတွင်း ဒဂုံ၊ ကမာရွတ်၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ မြောက်ဒဂုံမြို့နယ်များရှိ အချက်အချာကျသည့် နေရာငါးခုထက်မနည်းတွင် ယမန်နေ့ညပိုင်းနှင့် ယနေ့ (ဩဂုတ် ၃၀) နံနက်ပိုင်း တို့တွင် ပေါက်ကွဲများ ဖြစ်ပွားခဲ့သည်။
ယမန်နေ့(ဩဂုတ် ၂၉) ည ၉ နာရီဝန်းကျင်တွင် မြောက်ဒဂုံမြို့နယ် ၇၈ လမ်းဆုံရှိ ယာဉ်ထိန်းရဲရုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မျက်မြင်များကို ကိုးကား၍ ယင်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ရှေ့မျက်နှာစာတစ်ခြမ်း တစ်ဖက်ပွင့်သွားတာပေါ့”ဟု ၎င်းက ဆိုသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် ပါရမီမီးပွိုင့်ရှိ ယာဉ်ထိန်းရဲရုံးပေါက်ကွဲမှုတွင်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာကာ ယင်းနေရာတစ်ဝိုက်၌ ပိတ်ဆို့စစ်ဆေးမှုများလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
“(ပေါက်ကွဲသံ) သုံးချက်လောက် ကြားလိုက်ရတယ်။ (ယာဉ်ထိန်းရုံး) အဲဒီနားက စက်အထိုင်တွေကတော့ ပျက်သွားတာပေါ့။ တော်တော်များတယ် ပေါက်ထားတာ။ လူတွေတော့ ဘာမှမဖြစ်လောက်ဘူး။ မနက်ခင်း အစောကြီးဆိုတော့။ မနက်အလုပ်သွားရင်း တွေ့လိုက်တာ”ဟု ၎င်းက ပြောသည်။
ထို့အတူ ကမာရွတ်မြို့နယ် ပြည်လမ်းနှင့် အင်းစိန်လမ်းမထောင့်ရှိ ယာဉ်ထိန်းရဲရုံးတွင်လည်း ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရဲရုံးနှင့် မီးပွိုင့်များပျက်စီးကြောင်း၊ ထိခိုက်ဒဏ်ရာရသူမရှိဟု ကြားရကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခင် ယာဉ်ထိန်းရဲရုံးအနီး ရဲကားတစ်စီးရှိနေခဲ့ပြီး ထိုရဲကားထွက်သွားချိန်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟု ကြားသိရကြောင်း ထိုမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“မီးပွိုင့်တွေပျက်ကုန်တယ်။ အခုထိ မီးပွိုင့်တွေ မရသေးဘူး။ မနက်အစောကြီးဖြစ်သွားတာဆိုတော့ လူထိခိုက်မှု မရှိလောက်ဘူး” ဟု ပေါက်ကွဲမှုအပြီး နာရီပိုင်းအကြာတွင် တွေ့မြင်ရသည့် မြင်ကွင်းနှင့် ပတ်သက်၍ ၎င်းက ပြောပြသည်။
ထို့ပြင် ယနေ့နံနက် ၅ နာရီကျော်ခန့်က အင်းစိန်မြို့နယ်အတွင်း၌ ပေါက်တောဝ၊ အင်းစိန်လမ်းနှင့် ဂျပန်လမ်းထောင့်၊ BOC မှတ်တိုင်အနီး စသည့်နေရာများရှိ မီးပွိုင့်များတွင်လည်းကောင်း၊ အင်းစိန်ဘူတာအနီး လုံခြုံရေးကင်းစခန်းတစ်ခုတွင်လည်းကောင်း ပေါက်ကွဲမှုများဖြစ်ခဲ့သည်ဟု သိရသည်။
အင်းစိန်မြို့နယ်အတွင်း အဆိုပါပေါက်ကွဲမှုများတွင် CCTV များပျက်စီးခဲ့သည်ဟု အင်းစိန်မြို့နယ်အခြေပြု သတင်းများတင်ဆက်နေသည့် Insein News ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
“မနက် ၅ နာရီမတိုင်ခင်က ပေါက်တဲ့အသံ စကြားရတာ ၅နာရီခွဲအထိပဲ ၅ကြိမ်လောက်ကြားရတယ်။ ကြို့ကုန်းပတ်လည်လောက်ကကြားရတာ ဘယ်သူမှတော့သွားမကြည့်ရဲဘူး”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အတူ ဒဂုံမြို့နယ် ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးတွင်လည်း ယနေ့ နံနက် ၆ နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ မီးပွိုင့်အချက်ပြပုံးအတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း Popular News Journal တွင် ဖော်ပြထားသည်။
အဆိုပါဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် ရဲစခန်းများနှင့် စစ်ကောင်စီတာဝန်ရှိသူများကို Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေသော်လည်း မရသေးပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည်ကိုပင် အကြမ်းဖက်ဖြိုခွင်း၊ ရက်စက်စွာသတ်ဖြတ်ပြနေသည့် စစ်တပ်၏ အန္တရာယ်ကို ခုခံရန် ဇွန်လဝန်းကျင်မှစ၍ နိုင်ငံအနှံ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များ ဖွဲ့စည်းလာကြပြီးနောက် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏပေါ်ပေါက်နေသည်။
ရန်ကုန်၊ တာမွေမြို့နယ်တွင် ဇွန် ၁၈ က စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်၊ ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၍ လက်နက်များသိမ်းယူနိုင်ခဲ့သည့် ဩဂုတ် ၁၄ ရက် ဖြစ်စဉ်များမှာ ထင်ရှားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe