ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၈) က ကချင်နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော KIA နှင့် MNDAA တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှစ်ဦးအပါအဝင် အများအပြားကျဆုံးခဲ့ကြောင်း သိရသည်။
မြန်မာ – တရုတ်နယ်စပ်ရှိ မုံးကိုးမြို့နယ် မန်ခွမ်နှင့် မိန်ပိန်းရွာများအနီးတွင် ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် ၅၂၅ မှ တပ်ရင်းမှူးနှစ်ဦးအပါအဝင် တပ်ရင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့သည်ဟု ကချင်ပြည်နယ်အခြေစိုက် Kachinwaves သတင်းဌာနက ဆိုသည်။
လူမှုကွန်ရက်၌ တွေ့ရသော Kachinwaves သတင်းဌာန၏ ရုပ်သံဖိုင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများ၊ ဗုံးသီးအမြောက်အမြားအပါအဝင် လက်နက်ခဲယမ်းများနှင့် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိရသည်။
မုံးကိုးဒေသတွင် ဖြစ်ပွားနေသော အပြင်းအထန်တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်၊ ရှမ်း၊ ချင်းနှင့် ကရင်ပြည်နယ်များ အပါအဝင် ဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း ကျဆုံးသည့် တပ်မတော်သား အရာရှိစစ်သည်များနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်ကြိမ်တစ်ခါမျှ သတင်းထုတ်ပြန်ခြင်း မရှိပေ။
မုံးကိုးတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ကျဆုံးခဲ့သူအရေအတွက် အတိအကျမသိရသော်လည်း ယမန်နေ့က တိုက်ပွဲအတွင်း သေဆုံးခဲ့သူ တပ်ရင်းမှူးနှစ်ဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၄၆ မှဖြစ်ကြောင်း အပတ်စဉ် ၄၄ ကျောင်းဆင်း စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောသည်။
“ဖြစ်တတ်ပါတယ်။ ဟိုဘက်ကလည်း စစ်ကြောင်းထိုးလာတော့ ဆော်တာပေါ့။ ၄၆ က ကောင်လေးတွေလို့ ပြောတယ်။ အဓိကတော့ နယ်မြေမကျွမ်းကျင်တာကြောင့် ဖြစ်မယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။
KIA တပ်မဟာ (၆) တပ်ရင်း (၃၆) နယ်မြေဖြစ်သော မုံးကိုးဒေသတွင် ယမန်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၉၉ က စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြခဲ့သည်။
တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေကို ဖော်ပြမထားသော်လည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မန်ဟာရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ခဲ့သည်ဟု ဆိုသည်။
မုံးကိုးဒေသတွင် စစ်ကောင်စီတပ်နှင့် KIA၊ MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်နေသော်လည်း ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ သတင်းတက်လာခြင်းမရှိသေးကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ပြောသည်။
“တိုက်ပွဲဖြစ်တာကတော့ မှန်တယ်။ ဒါပေမယ့် အဲဒီအခြေအနေတွေ ဘာသတင်းမှ တက်မလာသေးပါဘူး။ ရုပ်သံကတော့ (Kachinwaves) ကချင်စကားမှ မဟုတ်တာ။ တရားဝင် ကျွန်တော်တို့ဆီမှာ သတင်းရတာ ဘာမှ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ရင်း တစ်ရင်းလုံးကျသည်ဆိုသည့် သတင်းမရကြောင်း၊ Facebook အယုံမလွယ်ကြစေလိုကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
မုံးကိုးဒေသတွင် နှစ်လခန့်ကြာသည်အထိ တိုက်ပွဲဖြစ်ပွားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA က ယနေ့ (ဩဂုတ် ၂၉) သတင်းထုတ်ပြန်ရာတွင် လူတောင်ရွာအနီးတိုက်ပွဲဖြစ်ပွားကြောင်းသာ ပါရှိပြီး စစ်ကောင်စီဘက်မှ တပ်ရင်းတစ်ခုလုံးကျသည်ဆိုသော ယမန်နေ့တိုက်ပွဲအကြောင်း မပါဝင်ပေ။
မုံးကိုးမြို့နယ် လူတောင်ရွာအနီး MNDAA ၏ ကိုဗစ်ကာကွယ်နှိမ်နင်းရေးအဖွဲ့က လူထုအား အသိပညာပေးဆောင်ရွက်နေစဉ် စစ်ကောင်စီတပ်ရောက်လာ၍ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်တပ်ဘက်မှ အနည်းဆုံးလေးဦး သေဆုံးခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်က ဆိုသည်။
မုံးကိုးဒေသတွင် ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် ပန်ဆိုင်း- ဖိုင်းကောင်းအတွင်းရှိ ကျေးရွာရှစ်ရွာမှ လူဦးရေ ၁၃၃၆ ဦး၊ မုံးကိုးမြို့နယ်အတွင်း နေထိုင်သူ ၈၀၀ နီးပါးသည် တရုတ်နယ်စပ်ခြံစည်းရိုးအနီး ပြောင်းရွှေ့စစ်ရှောင်နေရသည်ဟု အကူအညီပေးရန် ကြိုးပမ်းနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အခုက နယ်စပ်တလျှောက်နားမှာ တဲထိုးနေပြီး နေနေကြတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ မရောက်နိုင်သေးဘူး။ ကျွန်တော်တို့ ပန်ဆိုင်းအထိတော့ သွားလို့ရတယ်။ ဟိုဘက်ကနှစ်ဖက်တပ်တွေ လှုပ်ရှားတဲ့ နယ်မြေတွေ ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။
စစ်ရှောင်များထံ သွားရောက်ကူညီနိုင်မည့် ခရီးသွားလမ်းကြောင်းများ အားလုံးနီးပါးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe



