
စစ်အာဏာသိမ်းအပြီး ၆ လ အကြာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းနေသည့် ချင်းတောင်တန်းရှိရာသို့ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့များက ဦးတည် ထိုးစစ်ဆင်နေသည်။
ထိုစစ်ကြောင်းများသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့ တည်ရှိရာ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းကို ဖြတ်သန်းသွားရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) များနှင့် နေ့စဉ် တိုက်ပွဲများဖြစ်ပေါ်နေသည်။
လိုင်ဇာဘက်သို့ စစ်ကောင်စီ၏ ထောက်ပံ့ပို့ဆောင်ရေးတပ်များ ချဉ်းကပ်လာသဖြင့် စစ်ကိုင်းနှင့် ကချင်နယ်စပ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်ဟု KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။
“ဗမာပြည်မြောက်ဘက်ဆိုရင်တော့ KIO ဘက်မှာ ဦးတည်တယ်လို့တော့ ကျွန်တော်တို့လည်း ခန့်မှန်းပါတယ်။ ဒါက စစ်ရေးလေ့လာတွေ့ရှိချက်အရလည်း ဒီဘက်မှာ စစ်ဆင်ရေးလုပ်မယ်လို့လည်း ကျွန်တော်တို့လည်း ခန့်မှန်းထားပါတယ်” ဟု ၎င်းက ပြောသည်။
ကသာနှင့် မြို့လှ အနီးတွင် စစ်ကောင်စီထောက်ပို့တပ်ကို ဇူလိုင် ၅ တွင် တိုက်ခဲ့သည်။ ရွှေကူနှင့် ထီးချိုင့်တွင်လည်း စစ်သင်္ဘော ၇ စင်းကို ဇူလိုင် ၂၆ တွင် တိုက်ခဲ့သည်။ ထိုတိုက်ပွဲများတွင် KIAနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကသာ PDF က ဇူလိုင် ၁၀ တွင် ကြေညာသည်။
ထိုသို့ပူးပေါင်းတိုက်ခိုက်ရန် KIA စစ်ရုံးချုပ်၏ ညွှန်ကြားချက်မရှိသေးကြောင်း၊ နယ်မြေဆက်စပ်နေသည့်အတွက် အောက်ခြေတပ်အချင်းချင်းသာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
“ဆက်စပ်နေတဲ့ စစ်တပ်အချင်းချင်းကတော့ ကူညီတဲ့အပိုင်းတွေ ရှိမှာပါ။ ဒါပေမယ့် ခုထက်ထိကတော့ ဒီစစ်ကြောင်းအလိုက် စစ်မြေပြင်ဖွင့်ပြီးတော့မှ အချင်းချင်း ပူးပေါင်းကူညီပြီးမှ လုပ်တဲ့ဟာတော့ မရှိသေးဘူး။ လက်တွေ့ပိုင်းမှာ မြေပြင်ဆက်စပ်နေတဲ့ ဒေသတွေကတော့ အချင်းချင်းကူညီတဲ့ အပိုင်းတော့ ရှိမှာပါ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက မဟာမိတ်အဖွဲ့များအပါအဝင် လူထုနှင့်အတူ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်ကောင်စီကို အမြတ်ပြတ်ချေမှုန်းမည်ဟု ဩဂုတ် ၁၀ တွင် ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများက ဖော်ပြသည်။
ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်၏ အဓိကဝင်ပေါက်များဖြစ်ပြီး လက်နက်ကိုင်အန်တုမှု အားကောင်းသည့် အနောက်မြောက်လွင်ပြင်ဒေသ တည်ရှိရာ စစ်ကိုင်းတိုင်းမှာ စစ်ရေးအရ ဗျူဟာကျသည့် နေရာတစ်ခုဖြစ်လာနိုင်သည်ဟု CDM စစ်အရာရှိများ၊ ဒေသခံ PDF ခေါင်းဆောင်များ၊ စစ်ရေးလေ့လာသူများက သုံးသပ်သည်။
ရွှေဘိုလွင်ပြင်
မြန်မာပြည်အလယ်ပိုင်းမှ ကချင်ပြည်နယ်သို့သွားရာ အဓိကလမ်းမများတည်ရှိသည့် ရွှေဘိုခရိုင်တွင် ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များ ပါဝင်သည်။
ဧရာဝတီမြစ်၏ အနောက်ဘက်ခြမ်း၊ ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် စစ်ရေးအချက်အချာကျသည့် ရွှေဘိုခရိုင်လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့စဉ်နှင့်အမျှ အကြမ်းဖက်ချေမှုန်းနေသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ပြပြောက်ကျားလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ရွှေဘိုခရိုင်အတွင်းရှိ ဒေသခံ PDF တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းတိုက်ခိုက်ခံရမှုဖြင့် ကမ္ဘာ့သတင်းစာမျက်နှာများတွင် နာမည်ကျော်ခဲ့သည့် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီ၏ တုံ့ပြန်လက်စားချေမှုကို အဆိုးဆုံး ရင်ဆိုင်နေရပြီး ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
ဇွန် ၈ တွင် ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေရာမှ ပစ်ခတ်မှုများစတင်ခဲ့သည်။ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီး တိုက်ပွဲတွင် ဒေသခံ PDF အဖွဲ့ဝင်များအပါအဝင် အရပ်သား ၃၀ ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။
ဒီပဲယင်းမြို့တွင် လူသိများထင်ရှားသူ အသက် ၄၀ အရွယ် ကိုဌေး(အမည်လွှဲ)သည် ဒီပဲယင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ပါဝင်လာခဲ့ပြီး ဒေသခံ PDF အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။
ဇူလိုင် ၂ ဆပ်ပြာကျင်းကျေးရွာ တိုက်ပွဲနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG} ၏ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်လာပြီး အကူအညီပေးလာကြောင်း ရွှေဘိုခရိုင် PDF ခေါင်းဆောင် ကိုဌေးက ပြောသည်။
ဒေသတွင်း PDF တပ်ဖွဲ့များကို စုစည်းကာ ရွှေဘိုခရိုင် တပ်မဟာတစ်ခု ပေါ်ပေါက်လာရန် ကြိုးပမ်းနေပြီး စစ်ကိုင်းတိုင်းအတွင်း ပေါ်ပေါက်လာမည့် ခရိုင်အလိုက် PDF တပ်မများဖြင့်လည်း ချိတ်ဆက်ဆောင်ရွက်နေသည်ဟု သူက ပြောသည်။
“NUG (PDF) အဖွဲ့ရှိမယ်။ ကျွန်တော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်တပ်) က သင်တန်းဆင်းပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းနေတဲ့ အဖွဲ့ရှိတယ်။ အဲ့ဒါက တစ်ပိုင်း သက်သက်ပြောမှရမယ် ထင်တယ်။ KIO/KIA ဘက်ကတော့ ကျွန်တော်တို့ကို နည်းပညာ၊ စစ်သင်တန်းပေးတာမျိုး၊ ဖောက်ခွဲရေးပညာ၊ လက်နက်နဲ့ နည်းပညာတွေ Update လုပ်ပေးတာမျိုး။ လက်နက် တိုက်ရိုက်ရရှိအောင်လို့ Support လုပ်ပေး (ကူညီထောက်ပံ့ပေး) တာမျိုး ဒါတွေကတော့ ရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ ခရိုင် PDF များကြား ချိတ်ဆက်နေချိန်တွင် စစ်ကောင်စီက နေ့စဉ် ထိုးစစ်ဆင်နေသည်။
ဩဂုတ် ၇ တွင် ဒေသခံ PDF များက ကချင်ပြည်နယ်သို့ ထိုးစစ်ဆင်ရန် တက်လာသည့် စစ်ကောင်စီ တပ်မ ၈၈ မှ စစ်ကား ၅ စီးကို ဒီပဲယင်းနှင့် စိုင်းပြင်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်ခံရအပြီး စစ်တပ်က သေဆုံးသူများ၏ အလောင်းနှင့် ဒဏ်ရာရသူများကို ရဟတ်ယာဉ်ဖြင့် လာရောက်ကောက်ယူသည်ဟု ကိုဌေးက ပြောသည်။
အထိနာသွားသည့် စစ်ကောင်စီတပ်သည် မူးမြစ်အနောက်ဘက်ခြမ်းရှိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ပိုက်စိပ်တိုက် ရှာဖွေနေပြီး ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရသည်။
စစ်ကောင်စီက တိုက်ခိုက်ခံရမှု၊ သေဆုံးသူအရေအတွက်၊ ရွာများကို စီးနင်းမှုတို့နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။
ဇွန်နှင့် ဇူလိုင်လအတွင်း စစ်ကိုင်းတိုင်းတွင် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၁၉၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၉ ဦး သေဆုံးခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရွှေဘိုခရိုင်သည် မြန်မာပြည်အလယ်ပိုင်းနှင့် ကချင်ပြည်နယ်ကို ချိတ်ဆက်ရန် အဓိကကျသည့် လမ်းကြောင်းဖြစ်၍ စစ်ကောင်စီတပ်များ မြန်မာပြည်မြောက်ပိုင်းတွင် စစ်ရေးအသာစီးရရန်အတွက် အရေးပါသည်၊ ထို့အတူ PDF အဖွဲ့များအတွက်လည်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်း အင်အားစုများနှင့်သာမက ချင်းတောင်ပိုင်းနှင့် ရခိုင်ရိုးမဒေသအထိ ချိတ်ဆက်နိုင်သည့်အတွက် စစ်ရေးအရ ဗျူဟာကျသည့် ဒေသဖြစ်သည်ဟု ကိုဌေးက ပြောသည်။
“KIA ဘက်ကို အဓိက ထိုးစစ်ဆင်မယ်ဆိုရင် ကျွန်တော်တို့ဟာ ကြားထဲက ခလုတ်ဖြစ်နေတယ်။ ကျွန်တော်တို့ဘက်ကို မဲတာကတော့ မထူးဆန်းပါဘူး။ ကျွန်တော်တို့ မျှော်လင့်ပြီးသားပါပဲ” ဟု ၎င်းက ပြောသည်။
ခရိုင် PDF များကြား ချိတ်ဆက်မှုတွင် စစ်ကိုင်းတိုင်းနှင့် အနီးဝန်းကျင်မှ လက်နက်ကိုင်ခုခံသည့် အင်အားစုများပါဝင်မည်ဟု သူကဆိုသည်။
လက်နက်လိုအပ်ချက်
ချင်းတောင်တန်းပေါ်သို့ သွားရောက်သည့် အဓိကလမ်းမများတည်ရှိရာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနှင့် ကနီ မြို့နယ်များတွင် တိုက်ပွဲများ နေ့စဉ် ရှိနေသဖြင့် ဒေသခံ ရာထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရသည်။
မိရိုးဖလာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ ယင်းမာပင်မြို့နယ်မှ ကိုနိုင်(အမည်လွှဲ)သည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကို မြင်တွေ့ခဲ့ရပြီးနောက် မတ်လမှစ၍ KIA တွင် ၅၈ ရက်ကြာ စစ်သင်တန်းတက်ရောက်ခဲ့သည်။
ယင်းမာပင်ခရိုင်ထဲမှ ကိုနိုင်ကဲ့သို့ သင်တန်းတက်ထားသည့် ရာနှင့်ချီသော လူငယ်များသည် လက်နက်ကိုင် အန်တုနေကြပြီဖြစ်သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့သို့သွားသည့် အဓိကလမ်းမတည်ရှိသည့် ယင်းမာပင်-ပုလဲလမ်း၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် ချိတ်ဆက်ထားသည့် ကလေးမြို့သို့ သွားရာတွင် အဓိကအရေးပါသည့် ကလေးဝ-ယာကြီးလမ်းတို့တွင် တိုက်ပွဲများ အဓိကဖြစ်ပွားနေသည်ဟု ကိုနိုင်က ပြောသည်။
စစ်ကောင်စီသည် မင်းတပ်ကို ချေမှုန်းရေး၊ လမ်းကြောင်းလုံခြုံရေးတို့အတွက် ယင်းမာပင်ခရိုင်အတွင်းမှ အဓိကလမ်းကြောင်းများဝန်းကျင်ရှိ အန်တုသူများကို နှိမ်နင်းနေခြင်းဖြစ်သည်ဟု ကိုနိုင်က ယူဆသည်။
၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်တွင် ပင်စင်စားအရွယ်များလည်း ပါဝင်နေကြောင်း၊ NUG က စစ်လက်နက်ပစ္စည်းများ အမြန်ဆုံးထောက်ပံ့ပေးပါက ဒေသခံ PDF အင်အားဖြင့်ပင် စခန်းသိမ်းတိုက်ပွဲများပင် ရှိလာနိုင်ကြောင်း သူက ဆက်ပြောသည်။
“တပ်ရင်းတစ်ရင်းကို လေးငါးဆယ်ယောက်လောက်နဲ့ တိုက်နိုင်တယ်။ အခုလာနေတာက အသက် ၆၀ ကျော်ကြီးတွေ၊ ပင်စင်စားကြီးတွေကို သူတို့ ပြန်သုံးနေတာ။ စစ်တပ်ရဲ့ ဖိအားတွေနဲ့လေ” ဟု သူက ပြောသည်။
ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာပြီး စစ်လက်နက်ပစ္စည်းထောက်ပံ့နိုင်ပါက ဒေသခံ PDF များ၏ အကူအညီဖြင့် စစ်ကိုင်းတိုင်းမှစ၍ မန္တလေးတိုင်းအထိ သိမ်းယူနိုင်သည့် အခြေအနေရှိသည်ဟု ၎င်းက ပြောသည်။
“PDF နဲ့ ပတ်သက်ရင်တော့ စိတ်ချရတယ်၊ ကျွန်တော်တို့က NUG တို့၊ ဘာတို့က လက်နက်တပ်ဆင်ရေးတွေ မချပေးသေးတာကြောင့်၊ ဒါပဲ ကျွန်တော်တို့က စောင့်နေရတာ” ဟု သူက ပြောသည်။
လက်တွေ့တွင်မူ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီလက်နက်ကိုင်တပ်များက ရေကြောင်း၊ ကုန်းကြောင်းဖြင့် ပြင်းပြင်းထန်ထန် နှိမ်နင်းနေပြီး ဒေသခံများက တူမီးသေနတ်များ၊ လက်လုပ်သေနတ်များဖြင့် ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။
ချင်းတောင်တန်းနှင့် မြန်မာပြည်အလယ်ပိုင်း အဓိကဆက်သွယ်ထားသည့် မုံရွာ-ယာကြီးလမ်း အနီးရှိ ကနီမြို့နယ်တစ်ခုတည်းတွင် ဇူလိုင်တစ်လတည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၂၈ ဦးအထိ ရှိသည်ဟု ဒေသခံ PDF အဖွဲ့ဝင်များအပါအဝင် ဒေသခံ ၉ ဦးက ဇူလိုင်လကုန်ပိုင်းက Myanmar Now ကို အတည်ပြုထားသည်။
ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှတစ်ဆင့် ချင်းတောင်တန်း ဂန့်ဂေါ၊ ထီလင်း၊ ဆော၊ ကျောက်ထု မြို့နယ်များတွင်လည်း ယောပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းထားပြီး NUG နှင့် ဆက်သွယ်လှုပ်ရှားနေသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝေစိုးထိုက်က လွတ်လပ်တဲ့ အာရှအသံ သတင်းဌာန (RFA) ကို ဇွန်လက ပြောသည်။
ဧရာဝတီ-ချင်းတွင်းကြား ဒေသများရှိ ဒေသခံ PDF များသည် KIA နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သော်လည်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယောနယ် PDF များကမူ အထီးကျန်နေဆဲဖြစ်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးနှင့်စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ယူဆသည်။
“ဧရာဝတီမြစ်ကြောင်းပေါ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ပေမဲ့ ချင်းတွင်းမြစ်ကြောင်းပေါ်မှာတော့ လုပ်နိုင်တာ မရှိသေးဘူး။ KIA သွားလို့မရတာတော့ မဟုတ်ဘူး၊ သွားလို့တော့ ရတယ်။ KIA ကလည်း အဲ့ဒီကိစ္စကို ဘယ်လိုပူးပေါင်း ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စမှာ PDF တွေနဲ့ရော NUG နဲ့ရော ပူးပေါင်းဆောင်ရွက်မှု၊ စီမံကိန်းချမှုတွေ မလုပ်နိုင်သေးဘူးလို့ ကျွန်တော် ယူဆပါတယ်” ဟု ၎င်းက ပြောသည်။
ချင်းတောင်တန်းပေါ်က ပြည်သူ့စစ်သား
ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့နယ်တွင် အခြေစိုက်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် ဒေသတွင်းထောက်ခံမှု နည်းပါးခဲ့သော်လည်း ယခုအခါ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ ထောင်နှင့်ချီသည့် လူငယ်လက်နက်ကိုင်များ၏ ထောက်ခံမှုကို ရရှိနေသည်။
CNF သည် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပါ၀င်ဆောင်ရွက်မှုအရှိဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်နေပြီး CNF ဒုဥက္ကဋ္ဌ လျန်မှုန်းဆာခေါင်းသည် NUG ၏ ဖက်ဒရယ်ရေးရာဝန်ကြီးဖြစ်နေသည်။
မတ်လက ဖွင့်လှစ်သည့် တစ်လခွဲကြာ စစ်သင်တန်းတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း၊ ရာနှင့်ချီရှည်လျားသော အိန္ဒိယနယ်စပ်တစ်လျှောက် စစ်သင်တန်းများမှ သင်တန်းဆင်းပြီးသူ ၄၀၀၀ ကျော်ရှိကြောင်း CNF ပြောခွင့်ရ ဆလိုင်းထက်နီက ဇူလိုင်ပထမပတ်တွင် Myanmar Now ကို ပြောသည်။
ရခိုင်ရိုးမတောင်တန်းနှင့် တစ်ဆက်တည်း တည်ရှိနေသည့် ချင်းပြည်နယ်တောင်ပိုင်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက် မြို့နယ်များတွင်လည်း ခုခံစစ်ရှိနေသည်။ ပြောက်ကျားစစ်ဆင်ရေး အင်အားကောင်းသည့် ချင်းတောင်ပိုင်းဒေသများမှာ ရက္ခိုင့်တပ်တော် (AA) အခြေစိုက်ရာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ပလက်ဝဒေသနှင့် ချိတ်ဆက်နေ၍ စစ်ကောင်စီကို စစ်ရေးအရ ခြိမ်းခြောက်နေသည့် အဓိကဒေသတစ်ခုဖြစ်နေသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီးထွန်းမြတ်အောင်သည် အာဏာဖီဆန်ကာ ၎င်း၏ မွေးရပ်မြေ ချင်းပြည်နယ်တောင်ပိုင်း PDF များကို အကူအညီပေးနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ ပူးပေါင်းဆောင်ရွက်မှုရရေးအတွက် NUG အစိုးရက အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်ရေးကို ဗိုလ်ကြီးထွန်းမြတ်အောင်က မျှော်လင့်နေသည်။
“AA ကို သူတို့ မဟာမိတ်ဖွဲ့နိုင်တယ်ဆိုရင်တော့ အကာင်းဆုံးပဲ။ AA ကနေပြီးတော့ ထောက်/ပို့ အပိုင်း လုပ်ပေးနိုင်တယ်။ အများကြီး ကူညီပေးနိုင်တယ်လို့ ထင်တယ်” ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။
CDM ဝန်ထမ်းများ၊ လက်နက်ကိုင်အန်တုနေသည့် PDF များ၊ NUG အစိုးရတို့အပေါ် ထားရှိသည့် သဘောထားနှင့် ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက လက်ခံ ဖြေကြားခြင်း မရှိသေးပေ။
NUG ၏ ဦးဆောင်မှုနှင့် လက်နက်တပ်ဆင်ရေး
NUG အစိုးရသည် အောင်မြင်မှုရရှိလိုပါက စစ်အာဏာရှင်စနစ်ကို ကာလရှည်ကြာ ရင်ဆိုင်တိုက်ခိုက်နေသည့် KIA, CNF, AA တို့ကို စစ်ကိုင်း၊ မကွေး ဒေသတို့မှ အန်တုသူများနှင့် ချိတ်ဆက်ပေးမှသာ စစ်လက်နက်ပစ္စည်းအထောက်အပံ့ ရနိုင်မည်ဟု စစ်ရေးလေ့လာသူများ၊ ဒေသခံ PDF များနှင့် CDM စစ်တပ်အရာရှိများက တညီတညွတ်တည်း သုံးသပ်ကြသည်။
မကွေးတိုင်း အထက်မင်းလှဇာတိဖြစ်သည့် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် ဦးစီးအရာရှိ (ဒုတိယတန်း- စစ်ရေးစစ်ထောက်) ဗိုလ်မှူးဟိန်းသော်ဦးသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တာဝန်ထမ်းဆောင်နေရာမှ မတ် ၂၄ တွင် CDM လှုပ်ရှားမှုထဲ ပါဝင်လာသည်။
ဗိုလ်မှူးဟိန်းသော်ဦးသည် Zero Army အဖွဲ့ကို တည်ထောင်ပြီး လက်နက်ကိုင်တော်လှန်မည့် လူငယ်များကို စစ်ပညာသင်ကြားပေးနေသည်။
စစ်ကောင်စီက အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ထိုးစစ်ဆင်ရန် ကျည်အသုံးစရိတ်နှင့် ကုန်ကျစရိတ်များကို ပြင်ဆင်တွက်ချက်နေပြီး လက်နက်အင်အားတောင့်တင်းသည့် KIA ကို အမြန်ဆုံးချေမှုန်းနိုင်ရန် ကြိုးပမ်းနေသည်ဟု ဗိုလ်မှူးဟိန်းသော်ဦးက ယူဆသည်။
“ဒီကာလမှာ အဓိကဖြစ်နေတာက ကချင်ဘက်မှာ ပိုများတယ်။ ကချင်ရဲ့ ရှိနေတဲ့ လက်နက်အင်အားနဲ့ ဘာနဲ့ဆိုတော့ ကချင်ကို အဓိက မြန်မြန်ပဲ ဖြိုပစ်ရမယ်ဆိုတဲ့ဟာကို သုံးသပ်ထားတာပေါ့။ ဒါကြောင့် ကချင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စတိုက်နေတာပေါ့” ဟု သူက ပြောသည်။
တိုင်းရင်းသားအဖွဲ့များသည် အထိမနာစေရေးနှင့် စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသခံ PDF အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ ထိုဒေသများနှင့် တစ်ဆက်တည်းရှိနေသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အထိ စိမ့်ဝင်ဖောက်ထွက်ပြီး ထိန်းချုပ်ရန် လိုအပ်ကြောင်း ဗိုလ်မှူးဟိန်းသော်ဦးက သုံးသပ်သည်။
“ချိတ်ဆက်ရမယ့် လမ်းကြောင်းကိုလည်း KIA ဘက်က စစ်ရေးကျွမ်းကျင်တဲ့ အဖွဲ့တွေလည်း ပါမယ်။ ဒေသခံတွေအင်အားနဲ့လည်း အကူအညီယူမယ်ဆိုရင် ဒီလမ်းကြောင်းကို ဖောက်နိုင်ပါတယ်” ဟု သူက ပြောသည်။
“တိုက်ပွဲကာလ ကြာလာတာနဲ့အမျှ ပိုပြီးတော့မှ သူတို့ရဲ့ နောက်ပိုင်းလမ်းကြောင်းကို ဖြတ်တောက်ဖို့က သူတို့ဖြတ်သန်းလာရာ လမ်းတစ်လျှောက်က အဖွဲ့တွေနဲ့ ချိတ်ဆက်သတင်းရယူနိုင်ဖို့ကလည်း အရေးကြီးတယ်။ သတင်းရယူနိုင်မှု အားကောင်းရင်၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရင် ဒီတိုက်ပွဲမှာ ကျုပ်တို့ပိုပြီးတော့ အောင်ပွဲတွေ ရလာမှာပဲ” ဟု ၎င်းက ပြောသည်။
NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တော်လှန်ရေးအောင်မြင်ရန်အတွက် အဆင့်ဆင့်ကွပ်ကဲမှုစနစ် (Chain Of Command) ကို တည်ဆောက်နိုင်ရန် အရေးကြီးပြီး အလံတော်တစ်ခုတည်းအောက်တွင် အားလုံးစုဝေးကြရန် လိုအပ်ကြောင်း Myanmar Now ကို ဩဂုတ် ၅ က ပြောသည်။
“လက်ရှိ မြေပြင်က အစုအဖွဲ့အများစုကိုတော့ ချိတ်ဆက်စုစည်းနိုင်ခဲ့ပြီလို့ ပြောနိုင်တယ်။ အဆက်အသွယ်မရသေးသူတချို့၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးခြားရပ်တည်လိုသူတချို့လည်း ရှိနေပါသေးတယ်” ဟု သူက ပြောသည်။
PDF အဖွဲ့များ တစ်စုတစ်စည်းတည်း စနစ်တကျဖြစ်ရန် ရည်ရွယ်ပြီး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း နိုင်ငံရေး၊ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်များ ချမှတ်နေသည်ဟု ၎င်းက ဆိုသည်။
“အခုဆိုရင် တပ်ဖွဲ့စည်းမှု၊ စစ်ဘက်ဆိုင်ရာ ရာထူးတာဝန်ခန့်အပ်မှု၊ လက်နက်တပ်ဆင်မှုကို အရှိန်မြှင့်ဆောင်ရွက်နေပြီလို့ အသိပေးချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တွင် ဇွန်နှင့် ဇူလိုင်လများက ပစ်ခတ်၊ တိုက်ခိုက်မှု ဖြစ်စဉ် ၂၇၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၉ ဦးသေဆုံးခဲ့သည်ဟု NUG က ဩဂုတ် ဒုတိယအပတ်တွင် ထုတ်ပြန်ထားသည်။
အနောက်မြောက်လွင်ပြင်ဒေသ၏ ပထဝီအနေအထားမှာ ပြောက်ကျားစစ် ရေရှည်ဆင်နွှဲရန် ခက်ခဲသည့် ပထဝီအနေအထားမျိုးဖြစ်နေပြီး ဒေသခံ PDF များကို ချိတ်ဆက်ပြီး အမြဲတမ်းတပ်အဖြစ် ဖော်ဆောင်နိုင်ရန် NUG က လက်နက်တပ်ဆင်ပေးရန် လိုအပ်နေသည်ဟု စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“ KIA က (လက်နက်) ပေးနိုင်တဲ့ အခြေအနေရှိပါတယ်။ NUG အနေနဲ့ KIA နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အခိုင်အမာကိစ္စတွေကို စီစဉ်ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု သူက ပြောသည်။
ချင်းတောင်တန်းမှာ ပြောက်ကျားစစ်ဆင်နွှဲရန် အကောင်းဆုံးပထဝီအနေအထားဖြစ်နေပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ PDF များနှင့် ချိတ်ဆက်တိုက်ပွဲဝင်နိုင်ရန် လိုအပ်နေပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုမှာ မေးခွန်းထုတ်စရာရှိနေသေးသည်ဟု သူက ဆိုသည်။
“ပြောက်ကျားစစ်ဆိုတာက တံငါသည် ကွန်ပစ်သလိုပါပဲဗျ။ ကွန်ချက်ကို သိရတယ်။ ကွန်ကို ဘယ်နေရာဖြန့်မယ်၊ ဘယ်အချိန်မှာ ပြန်ရုပ်မယ်ဆိုတဲ့ ကိစ္စတွေ၊ အဲဒါတွေရဲ့ ချိတ်ဆက်မှုတွေက တော်တော်လိုတယ်။ အဲဒီကိစ္စတွေကို NUG က ဘယ်လောက်ထိ စီမံခန့်ခွဲနိုင်မယ်ဆိုတာကို ကျွန်တော် သံသယရှိပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe