သတင်း

ပူတာအိုတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၄၀၀ စစ်ရှောင်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာအနီး ယမန်နေ့ (ဩဂုတ် ၂၆) က စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တန်ဂျာကျေးရွာသား ၄၀၀ ကျော် နီးစပ်ရာကျေးရွာများ၌ စစ်ရှောင်နေကြရသည်။

ယမန်နေ့ ညနေပိုင်း လုံရှာယန်ကျေးရွာအုပ်စုအနီး စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းကို KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း(၇) က တိုက်ခိုက်ခဲ့ပြီး လတ်တလောမှာတော့ စစ်ရေးတင်းမာမှုရှိနေသည်ဟု  KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်ဘက်မှ အကျအဆုံးများသည်ဆိုသည့် သတင်းကို ကြားရသော်လည်း အသေးစိတ်မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်က လာပစ်တယ်ဆိုတဲ့သတင်းလည်း ကြားတယ်၊ ဒါပေမယ့် သတင်းက ဘာမှ ပြည့်ပြည့်စုံစုံ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တိုက်ပွဲဖြစ်သည့် တန်ဂျာကျေးရွာသည် ပူတာအိုမြို့နှင့် မိုင် ၂၀ ကျော်ဝေးပြီး မြစ်ကြီးနား-ပူတာအို လမ်းမကြီးအနီး တည်ရှိသည်။

ရွာခံအများစုသည် ရွာနှင့် ၅ မိုင်ခန့်ဝေးသည့် လုံရှာယန်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြောင်း၊ တချို့ကမူ ရွာနှင့် မိုင်အနည်းငယ်ဝေးသည့် မဇွပ်ယန်ကျေးရွာတွင် ရောက်ရှိနေကြကြောင်း မဇွပ်ယန်ကျေးရွာသားတစ်ဦးက  ပြောသည်။

ရွာသားများ စစ်ဘေးရှောင်နေချိန်တွင် စစ်ကောင်စီတပ်များက နေအိမ်များတွင် ဝင်ရောက်တပ်စွဲထားသည်ဟု သတင်းကြားရကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သောကြောင့် တန်ဂျာရွာသားများ အိမ်ပြန်ကြဦးမည်မဟုတ်ကြောင်း ၎င်းက  သုံးသပ်သည်။

“ကမန်းကတန်း (စစ်ရှောင်)ထွက်လာကြတာ၊ မိုးကလည်းရွာနေတာဆိုတော့ စားဖို့သောက်ဖို့တော့ အခက်အခဲရှိမယ့် သဘောရှိတယ်” ဟု  အဆိုပါ မဇွပ်ယန်ရွာသားက ဆိုသည်။

ကချင်ပြည်အတွင်းရှိ မြို့နယ်တချို့တွင် မတ်လမှစ၍ စစ်ကောင်စီတပ်များနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ပူတာအိုမြို့နယ်ဘက်တွင်မူ ငြိမ်သက်နေခဲ့သည်။

ဤအတောအတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်မြို့နယ်အတွင်းရှိ မော်ဝမ်း၊ ကလပ်ကုန်းမှ စစ်ကောင်စီစခန်းများကို အမြန်ဆုံးဆုတ်ခွာရန် KIA တပ်မဟာ(၉) က သတိပေးထားသည်ဆိုသည့် သတင်းများ ပျံ့နှံ့နေသည်။

ဗိုလ်မှူးကြီးနော်ဘူကမူ အောက်ခြေသတင်းများမရသေးသည့်အတွက် အဆိုပါသတင်းကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို KIA က မှတ်ချက်မပြုသော်လည်း စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများကို ကာကွယ်ပေးမည်ဟု ထုတ်ပြန်ထားပြီး KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဗမာပြည်သူ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဩဂုတ် ၁၀ က ပြောကြားထားသည်။

လတ်တလောတွင် စစ်ကောင်စီနှင့် KIA တို့အကြား တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်များတွင် စစ်ရေးတင်းမာနေသလို စစ်ရဟတ်ယာဉ်များလည်း မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များပေါ်တွင် မကြာခဏပျံဝဲနေသည်ဟု ဒေသခံများက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button