သတင်း

စစ်သားများ၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မှစျေးသည်တစ်ဦး သေဆုံး

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၂ လမ်းတွင် ယမန်နေ့ (ဩဂုတ် ၂၆) ညပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ရပ်ကွက်နေသူတချို့ထံမှ သိရသည်။

ယမန်နေ့ ည ၈ နာရီခန့်တွင် ၁၂၂ လမ်းအတွင်းရှိ အရက်မူးနေသူ အမျိုးသားတစ်ဦးက အော်ဟစ်ဆဲဆိုနေစဉ် စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး လိုက်လံပစ်ခတ်ရာမှ ပေါင်မုန့်ရောင်းနေသူကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

တွန်းလှည်းဖြင့် ပေါင်မုန့်ရောင်းနေသည့် အသက် ၄၂ နှစ်အရွယ် ဦးသိန်းမင်းထွန်း (ခ) ဖာရွတ် ဆိုသူသည် ၁၂၁ လမ်းရှိ တိုက်နှစ်လုံးကြားတွင် လည်ပင်းကျည်ထိ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ အထက်ပါအမျိုးသမီးက ဆိုသည်။

“အဲဒီအချိန်က သေနတ်သံကြားတော့ အကုန်လုံး သူပြေးကိုယ်ပြေး ပြေးကြတာပေါ့။ သေနတ်က မိုးပေါ်ထောင်ပစ်ရင် ထိစရာအကြောင်းမရှိဘူး။ ကျွန်မတို့လည်းပြေးတယ်။ သူ့ကို ဘယ်လိုထိသွားလဲ မစဉ်းစားတတ်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ည ၉ နာရီခန့်တွင် အခြေအနေငြိမ်သက်သွားပြီးနောက် အိမ်ပြန်မလာသဖြင့် မိသားစုဝင်များက စိုးရိမ်ပြီး အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကာ လိုက်ရှာရာမှ ည ၁၁ နာရီခန့်တွင် သေဆုံးလျက်တွေ့ရှိခဲ့သည်ဟု ဆိုသည်။ 

“(ည) ၁၁ ကျော်ကျော်၊ ၁၂ လောက်မှာ လူနာတင်ကားရောက်လာပြီး အလောင်းကို လာယူသွားတယ်။ အဲဒီအချိန်ထိ စစ်သားတွေအများကြီး လမ်းထဲမှာရှိတယ်။ တော်တော်နဲ့ မပြန်ဘူး။  ည ၁ နာရီကျော်လောက်မှ ပြန်သွားကြတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထို့ပြင် အခင်းဖြစ်ပွားချိန်တွင် အခြားလူငယ်တစ်ဦးကိုလည်း စစ်သားများက ဖမ်းခေါ်ကာ လမ်း ၁၂၀ တွင် ဒူးထောက်ခိုင်းပြီး ရိုက်နှက်နေသည်ကို တွေ့ရကြောင်း၊ ထို့နောက် အဆိုပါလူငယ်ကို စစ်ကားပေါ်ခေါ်သွားသည်ကို တွေ့လိုက်ရကြောင်း ၎င်းက ဆက်ပြောသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် ကျောင်းလမ်းထောင့်၌ ရပ်ထားသော စစ်ကားတစ်စီးပေါ်မှ စစ်ယူနီဖောင်းဝတ်ထားသူက ပစ္စတိုဖြင့် နှစ်ချက်လှမ်းပစ်သည်ကို ယမန်နေ့ ည ၈ နာရီခွဲတွင် တွေ့လိုက်ရပြီးနောက် ၁၂၂ လမ်းဘက်မှ သေနတ်သံ သုံးချက်ကြားလိုက်ပြီး လူများပြေးထွက်လာသည်ကို တွေ့ရသည်ဟု မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်သူ့ကိုပစ်လို့ ပစ်မှန်းမသိဘူး။ အသံပဲ ကြားတယ်။ နောက်ပိုင်း သတင်းအတိအကျရတာက အရက်မူးသမားနှစ်ယောက် ရန်ဖြစ်တာ။ လူအုံလို့ဆိုပြီးတော့ လူစုခွဲချင်လို့ (သေနတ်)ဖောက်တာလို့ ကြားတယ်” ဟု ၎င်းက ဆိုသည်။

ထိုစဉ်က ၁၂၂ လမ်းအပါအဝင် သေနတ်သံကြားရသည့် အနီးတဝိုက် လမ်းပေါ်၌ ရှိနေသည့် လူများလည်း ပြေးလွှားကြပြီး ဝရုန်းသုန်းကားဖြစ်ခဲ့ကြောင်း၊ ကားများလည်း အချင်းချင်းတိုက်မိကြကြောင်း အဆိုပါ အမျိုးသားက အခင်းဖြစ်စဉ်က အခြေအနေကို ပြောပြသည်။

လက်ရှိတွင် ပစ်သတ်ခံရသူ၏ ရုပ်အလောင်း ပြန်ရရှိပြီး ယနေ့ ဩဂုတ် ၂၇ မွန်းလွဲပိုင်း၌ သင်္ဂြိုဟ်မည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ 

ရန်ကုန်မြို့တွင် စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး ဩဂုတ် ၂၁၊ သာကေတမြို့နယ်တွင် ကျူရှင်ဆရာတစ်ဦး အဖမ်းခံရပြီးနောက် သေဆုံးခဲ့သည်။ 

ထို့ပြင် ယခုရက်ပိုင်း၌ စမ်းချောင်း၊ လှိုင်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စသည့် မြို့နယ်များတွင် ဖမ်းဆီးစစ်ဆေးမှု နေ့စဉ်လိုလို ရှိနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button