သတင်း

လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရန်ဆိုကာ ဥပဒေထုတ်သည့် စစ်ကောင်စီ ပြက်ရယ်ပြုခံရ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် မြန်မာ့စစ်တပ်အကြီးအကဲက လူမျိုးသုဉ်းသတ်ဖြတ်ကျူးလွန်ပါက သေဒဏ်ပေးမည်ဆိုကာ ဥပဒေပြင်ဆင်ခြင်းသည် နိုင်ငံတကာကို လှည့်စားရန်၊ ဆန့်ကျင်သူများကို နှိပ်ကွပ်ရန်သာဖြစ်မည်ဟု ဝါရင့်ဥပဒေပညာရှင်များက ဝေဖန်သည်။

လူသတ်ဓားပြမှုဖြင့် သက်ဆိုင်သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၁ တွင် ကနှင့် ခဟူ၍ ပုဒ်မနှစ်ခုခွဲကာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပြစ်ဒဏ်သတ်မှတ်ချက် ဖြည့်စွက်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမည်ဖြင့် စစ်ကောင်စီက ဩဂုတ် ၂၄ တွင် ကြေညာခဲ့သည်။

ပုဒ်မ ၃၁၁−က နှင့် ပုဒ်မ ၃၁၁−ခ တို့အောက်တွင် ပုဒ်မခွဲငယ်များလည်း ထပ်မံဖြည့်စွက်ထားကာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ပုဒ်မ ၃၁၁−က အောက်မှ ပုဒ်မခွဲငယ်များ ဖော်ပြထားသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အုပ်စုတစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်လျှင်၊ အပြင်းအထန်နာကျင်စေလျှင်၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ ယိုယွင်းပျက်စီး​အောင် ပြုလုပ်လျှင် ပြစ်မှုမြောက်ကြောင်း ဆိုထားသည်။

ထို့အပြင် တည်ဆဲဥပဒေများနှင့် မညီဘဲ လူအုပ်စုတစ်ခုအတွင်း ကလေးမွေးဖွားမှုကို တားမြစ်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း၊ ကလေးသူငယ်များကို အုပ်စုတစ်စုမှ အခြားတစ်စုသို့ အဓမ္မလွှဲပြောင်းခြင်းတို့သည်လည်း အထက်ပါ ပြစ်မှုနှင့် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

ပုဒ်မ ၃၁၁-ခ အောက်တွင် ပုဒ်မခွဲနှစ်ခုဖြင့် ပြစ်ဒဏ်များဖော်ပြထားကာ အုပ်စုတစ်စုကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သတ်ဖြတ်လျှင် သေဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်၊ ကျန်ပြစ်မှုများနှင့် အကျုံးဝင်လျှင် ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ် ချခံရမည်ဟု ဆိုသည်။ 

ရာဇသတ်ကြီးဥပဒေတွင် ထိုသို့ ဖြည့်စွက်သည့် ပုဒ်မများနှင့် စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေကိုလည်း စစ်ကောင်စီက တစ်ပါတည်း ပြင်ဆင်ခဲ့ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်သူကို ဝရမ်းမပါဘဲ ဖမ်းနိုင်ရန်၊ အာမခံမပေးရန်၊ ကျေအေးခွင့်မပြုရန် သတ်မှတ်ထားသည်။

စစ်ကောင်စီက ဥပဒေကို ၎င်းတို့စိတ်တိုင်းကျ ပြင်ဆင်အသုံးချနေခြင်းသာဖြစ်ကြောင်း၊ စစ်တပ်က အမှန်တကယ်ကျူးလွန်ခဲ့သော ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် အာဏာသိမ်းပြီးနောက် ကနီတွင် ကျူးလွန်ခဲ့သော ပြစ်မှုမျိုးကို တားဆီးရန် ရည်ရွယ်သည်ဟု မထင်ကြောင်း Myanmar Now က မေးမြန်းခဲ့သည့် ဝါရင့်ဥပဒေပညာရှင်သုံးဦးက သုံးသပ်သည်။

“အာဏာရတဲ့ လူတန်းစားက သူ့လူတန်းစားအကျိုးကာကွယ်ဖို့ (ဥပဒေဆိုတာ) လက်နက်တွေပဲ။ အဲဒီတော့ ဥပဒေပြဋ္ဌာန်းထားတာကို အာဏာရတဲ့လူက သူ့အကျိုးစီးပွားနဲ့ ကိုက်ရင်လုပ်မယ်။ သူ့အကျိုးစီးပွားနဲ့ မကိုက်ရင် မလုပ်ဘူးပေါ့ဗျာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

လွန်စွာကျယ်ပြန့်သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုကဲ့သို့သော ကိစ္စကို သီးခြားဥပဒေတစ်ခုအဖြစ် မပြဋ္ဌာန်းဘဲ လူသတ်ဓားပြမှုနှင့်သာ သက်ဆိုင်သည့် ရာဇသတ်ကြီးပုဒ်မတွင် ဖြည့်စွက်ခြင်းကို ကြည့်လျှင် စစ်ကောင်စီ၏ ရည်ရွယ်ချက် ကောင်းမွန်မှုမရှိသည်ကို တွေ့နိုင်ကြောင်း ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း သုံးသပ်သည်။

အလားတူပြစ်မှုဖြင့်ပင် ICJ တွင် အဓိကကျူးလွန်သူအဖြစ် ဖြေရှင်းနေရသည့် စစ်တပ်၏ ယခုခြေလှမ်းမှာ နိုင်ငံတကာကို လှည့်စားခြင်းသာ ပို၍ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“နောင်မဖြစ်အောင် ဒီဥပဒေတွေကို ပြဋ္ဌာန်းထားပါတယ်ဆိုပြီး ဒါကို ကာကွယ်ချင်တဲ့အနေနဲ့ ကျွန်တော်တို့ လိုက်နာပါတယ်။ (ICJ) ချထားတဲ့ အမိန့်ကို လိုက်နာပါတယ်လို့ ပြောချင်ပုံရပါတယ်”ဟု ၎င်းက ဆိုသည်။ 

သို့သော် ICJ သည် နိုင်ငံတကာဥပဒေများဖြင့်သာ တရားစီရင်မည်သာဖြစ်၍ အကျိုးထူးမည်မဟုတ်ဟု ဦးကြီးမြင့်က သုံးသပ်သည်။

နယ်သာလန်နိုင်ငံ၊ ဟိဂ်အခြေစိုက် ICJ တရားရုံးက ရခိုင်ပြည်နယ်အတွင်း ၂၀၁၇က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးအတွင်း ပေါ်ပေါက်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုဖြစ်စဉ်များ နောင်မဖြစ်စေရန် မြန်မာနိုင်ငံက လုပ်ဆောင်ရမည်ဟု ဇန်နဝါရီ ၂၃ တွင် အမိန့်ချထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ တရားရေးဝန်ကြီး ဦးသိန်းဦးကမူ စစ်ကောင်စီက ထိုသို့ဥပဒေပြဋ္ဌာန်းခြင်းမှာ ပြည်သူများ၏ လက်နက်ကိုင်ခုခံမှု အရှိန်မြင့်လာချိန်၊ အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများနှင့် စစ်ကောင်စီဘက်တော်သားများ တိုက်ခိုက်ခံနေရချိန်တွင် ဆန့်ကျင်သူများကို ခြိမ်းခြောက်ရန်၊ ပြစ်ဒဏ်ကြီးကြီးပေးရန်ဖြစ်သည်ဟု ဆိုသည်။ 

“စစ်တပ်ထဲမှာ တအားကြောက်နေတယ်ဗျာ။ အဲဒါကို ကြောက်ကန်ကန်တာဗျ။ …တပ်မိသားစုတွေကို လာပြီး ထိမယ်ဆိုရင် ပျူစောထီး(စစ်တပ်ကျောထောက်နောက်ခံ အရပ်ဘက်လက်နက်ကိုင်အဖွဲ့)တွေ အုပ်စုလိုက် သတ်ခံရမယ်ဆိုရင် လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ စွပ်စွဲမယ်ဆိုတာမျိုးဖြစ်တယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ၁၉၄၉ တွင် မြန်မာနိုင်ငံက လက်မှတ်ထိုးထားသည့် နိုင်ငံတကာဆိုင်ရာ ဂျီနိုဆိုက်ကွန်ဗန်းရှင်းပါ တာဝန်ရှိမှုကို အကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ဧရာဝတီသတင်းဌာနကို ပြောထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button