မေယုတောင်တန်းနှင့် မျဉ်းပြိုင် ရခိုင်ကမ်းရိုးတန်းတို့က လှပစွာ ပြေပြေလေး သွယ်တန်းနေကြသည်။ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းတိုက်ခတ်လာသည့် ပင်လယ်ရနံ့ပါသည့် လေပြည်ညင်းလေးများကြောင့် တစ်ကိုယ်လုံးအေးမြသွားသော်လည်း စိတ်ထဲမှာတော့ မကြည်နူးနိုင်။ စိမ်းညို့နေသော အရိုင်းဆန်သည့်ပင်လယ်ရေပြင်နှင့် ထိုလှပသော ကမ်းရိုးတန်းတို့ကိုမှ အားမနာ၊ ကမ်းရိုးတန်းတစ်လျှောက်ရှိ မီးလောင်ပြင်ရွာတန်းရှည်တို့က ကြည်နူးသည့်စိတ်ကို ဖျက်ဆီးပစ်နေကြ၍ ဖြစ်သည်။
ထိုမီးလောင်ပြင်ရွာတန်းရှည်တို့မှာ နိုင်ငံတကာက ရိုဟင်ဂျာဟုခေါ်ဆိုပြီး မြန်မာနိုင်ငံသားအများစုက ဘင်္ဂါလီဟုခေါ်သည့် ရခိုင်ဒေသနေ မွတ်စလင်တို့ နေထိုင်ကြသည့် ကျေးရွာများ ဖြစ်သည်။
မျက်စိရှေ့တွင် ဆန့်ကျင်ဘက် မြင်ကွင်းနှစ်ခုရှိသကဲ့သို့ ကျွန်တော့်အဇ္ဈတ္တတွင်လည်း အမြင်နှစ်ရပ်က လွန်ဆွဲနေသည်။ နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံနယ်နိမိတ်နှင့် အချုပ်အခြာအာဏာကို တန်ဖိုးထားသော စိတ်ရှိနေပြီး၊ အခြားတစ်ဖက်တွင်တော့ လူသားတို့၏ ဘဝဖြစ်တည်မှုအပေါ် ကိုယ်ချင်းစာတန်ဖိုးထားမှု လူသားတစ်ယောက်၏လူသားဆန်မှုအမြင်ကလည်း ရှိနေသည်။
မေယုတောင်တန်းသည် အလွန်လှပ၏။ တောင်တန်းနှင့်အပြိုင် ဆင်းလာပြီး ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်သွားသည့် နတ်မြစ်ကို ကျွန်တော်ထိုင်နေသည့် တောင်ကုန်းပေါ်မှ မထင်မရှား မြင်တွေ့နေရသည်။ ဘင်္ဂလားပင်လယ်အော်၏ ကမ်းခြေလမ်းအတိုင်း မောင်တောမှ စစ်တွေတစ်ဖက်ကမ်း အငူမော်ထိ ကားလမ်းဖောက်လုပ်ထားသည်။ ပင်လယ်၏ ဟိုမှာဘက်ကမ်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မှုန်ပျပျ။
မီးလောင်ပြင်ကျေးရွာများ
ဘူးသီးတောင်၊ မောင်တောဒေသတွင် မွတ်စလင်ကျေးရွာပေါင်း ၂၃၉ ရွာ၊ တိုင်းရင်းသားနှင့် မွတ်စလင်များ ရောနှောနေထိုင်သည့်ကျေးရွာ ၁၆ ရွာရှိပြီး ဩဂုတ်လနှောင်းပိုင်း ပဋိပက္ခများအပြီးတွင် ကျေးရွာထက်ဝက်ကျော်ခန့်ကို မီးလောင်ပြင်အဖြစ်သာ မြင်တွေ့ရတော့မည် ဖြစ်သည်။
ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတို့က ထိုမီးလောင်ပြင်များမှာ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဥပဒေအရ အစိုးရက စီမံကိုင်တွယ်သွားမည်ဟု တရားဝင်ထုတ်ဖော်ပြောထားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြီးခဲ့သည့်ရက်များက ပြည်နယ်အစိုးရရုံးတွင် တွေ့ဆုံခွင့်ရခဲ့သည်။ ထိုမီးလောင်ပြင်များကို ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဥပဒေအရသာ စီမံခန့်ခွဲသွားမည်၊ မွတ်စလင်များကို ပြန်လည်နေရာချထားရေးအတွက်မူ စီးပွားရေးဇုန်နှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ အချက်များပါဝင်သည့် ပင်မစီမံကိန်းတစ်ခုကို ရေးဆွဲနေသည်၊ ထိုစီမံကိန်းတွင် ကိုဖီအာနန်အစီရင်ခံစာနှင့် ဒုသမ္မတဦးမြင့်ဆွေတို့၏ အစီရင်ခံစာပါ အကြံပြုချက်များပါဝင်မည်ဟု ၎င်းက ပြောသည်။
စစ်ဗိုလ်ချုပ်ဟောင်းများ၊ ၎င်းတို့နှင့် နီးစပ်သူများသာ လက်ဝါးကြီးအုပ်ထားသည့် မြန်မာ့စီးပွားရေးစနစ်၏ ထုံးစံအတိုင်း သိပ်မကြာသည့်အချိန်တွင် ထိုဒေသများမှာ ယခင် စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ခရိုနီဟု ခေါ်ဆိုခဲ့ကြသူတို့သာ နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိမည့် အပန်းဖြေကမ်းခြေများ ဖြစ်လာနိုင်သလို ၎င်းတို့ အကျိုးအမြတ်အများဆုံးရရှိမည့် စီးပွားရေးဇုန်များလည်း ဖြစ်လာနိုင်ပါသည်။
မောင်တော-စစ်တွေလမ်းတစ်လျှောက်
ကျွန်တော် မောင်တောမှ ငှားရမ်းလာခဲ့သည့် လိုက်အေ့စ်ကားလေးမှာ မေယုတောင်ခြေတစ်လျှောက် ဖောက်လုပ်ထားသည့် ဖုန်တစ်ထောင်းထောင်းထနေသည့် ကားလမ်းလေးအတိုင်း တအိအိသွားနေသည်။ မောင်တောမြောက်ပိုင်းတွင် မွတ်စလင်ကျေးရွာတချို့ကို မြင်တွေ့ရနိုင်သော်လည်း မောင်တောတောင်ပိုင်း မောင်တော-အငူမော် လမ်းတစ်လျှောက်တွင်တော့ လူသူကင်းမဲ့နေပြီး မီးလောင်ထားသော အိမ်နှင့် မော်တော်ယာဉ်များကသာ နေရာယူထားသည်။
မောင်တောမြို့အလွန် မြို့သူကြီးကျေးရွာမှ စတင်မြင်တွေ့ရသည့် မီးလောင်ပြင်ရွာတို့မှာ တစ်ခုပြီးတစ်ခု ဆက်လာသည်။ ဒုချီးရားတန်း၊ အလယ်သံကျော်၊ ညောင်ပင်ကြီး၊ ချိန်ခါလီ၊ မြင်းလွှတ်၊ အင်းဒင်၊ ကိုးတန်ကောက် …ရှည်လျားသည့်ရွာနာမည်စာရင်း။
မောင်တောမှ စစ်တွေတစ်ဖက်ကမ်း အငူမော်အထိ လေးနာရီကြာ ကားစီးရပြီး မေယုမြစ်ကို ဖြတ်လျှင် စစ်တွေမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ကားလမ်းဟု ဆိုသော်လည်း နွားလှည်းသွားရန်သာ သင့်တော်သည့်လမ်းမျိုးဖြစ်သည်။ ကျွန်တော်၏ ယာဉ်မောင်းဖြစ်သူကတော့ လပေါ်တွင် ကားမောင်းနေရသကဲ့သို့ ခံစားရသည်ဟု ခပ်နောက်နောက်ပြောသည်။
မော်တော်ယာဉ်မောင်းမှာ အသက် ၄၀ အရွယ်ရှိ ရခိုင်လူမျိုး ဦးရွှေကျော်ဖြစ်သည်။ ပဋိပက္ခများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် မီးလောင်ပြင်များကို သွားရောက်ကြည့်ရှုရန် တစ်ယောက်တည်းရောက်ရှိလာသည့် သတင်းထောက်ကို လိုက်ပို့ရဲသူ ယာဉ်မောင်းမှာလည်း မောင်တောတစ်မြို့လုံးတွင် များများစားစားမရှိနိုင်။
မောင်တော-အငူမော်လမ်းကို ပြင်ဆင်လိုက်ပါက စစ်တွေမှ မောင်တောအထိ နှစ်နာရီအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပြီး မြန်မာ-ဘင်္ဂလား ကုန်သွယ်ရေးတွင် အရေးပါသည့် လမ်းမကြီးဖြစ်လာနိုင်သည်ဟု ကျွန်တော်က သုံးသပ်သည့်အခါ သူ့မျက်လုံးတွေက တောက်ပလာသည်။
သို့သော်လည်း မီးလောင်ပျက်စီးနေသော အိမ်များ၊ ပိုင်ရှင်မဲ့ ကျွဲနွားများကို ဆွဲခေါ်လာသူများ အစရှိသည့် မြင်ကွင်းများကို မြင်တွေ့သောအခါတွင်တော့ သူ့စိတ်က ပြောင်းလဲသွားသည် ထင်၏။ သူက မောင်တောမြို့ကို စွန့်ခွာသွားမည့်အကြောင်း ဖွင့်ဟလာခဲ့သည်။ မောင်တောမြို့ကို စွန့်ခွာဖို့အတွက် သူလက်ရှိမောင်းနှင်နေသည့် လိုင်စင်မဲ့မော်တော်ယာဉ်ကို ရောင်းချသွားရမည်ဟု ခပ်တိုးတိုး ညည်းသည်။
“ဒီဒေသမှာ မွတ်စလင်တွေက ၉၇ ရာခိုင်နှုန်းလောက်ရှိတယ်။ ပြဿနာက ဘယ်အချိန်ဖြစ်လာမလဲဆိုတာ မှန်းဆလို့မရဘူးဗျ” ဟု သူက ချိုင့်ခွက်တစ်ခုကို ရှောင်မောင်းလိုက်ရင်း ကျွန်တော့်ကို လှမ်းပြောလိုက်သည်။
မောင်တောသို့အသွား
စစ်တွေမှ မောင်တောသို့ အလာခရီးတွင် မေယုမြစ်ကြောင်းအတိုင်း သင်္ဘောဖြင့် ဘူးသီးတောင်မြို့အထိ ဆန်ခဲ့ပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်ဖြင့် မေယုတောင်တန်းကို ဖြတ်ကျော်ပြီး မောင်တောသို့ ရောက်သည်။ မေယုမြစ်က မေယုတောင်၏ အရှေ့ဘက်ခြမ်းတွင် ပတ်ခွေ စီးဆင်းနေသည့် မြစ်ဖြစ်သည်။ စစ်တွေမှ မနက် ၇ နာရီခွဲ ထွက်သည့် သင်္ဘောသည် ဘူးသီးတောင်မြို့ရှိ သင်္ဘောဆိပ်သို့ ညနေ ၃ နာရီ ကျော်တွင် ရောက်သည်။ ဘူးသီးတောင်မှ မောင်တောသို့ မော်တော်ယာဉ်ဖြင့် တစ်နာရီနီးပါး ထပ်မံ မောင်းနှင်ရသည်။
မေယုမြစ်ကြောင်းတစ်လျှောက်ရှိ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့အနီးတွင် မွတ်စလင်ကျေးရွာ အများအပြားရှိသည်။ မေယုမြစ်ထဲတွင် လှေဖြင့် ငါးဖမ်းထွက်နေသည့် မွတ်စလင်တံငါသည် အများအပြားတွေ့နိုင်သည်။
မောင်တောဒေသသို့ သတင်းထောက်တစ်ဦး တရားဝင်သွားရောက်ရန်မှာ အလွန်ခက်ခဲသည်။ မောင်တောသို့ မသွားခင် မောင်တောမြို့ခံ အဆက်အသွယ်ကို ရှာဖွေရင်း စစ်တွေတွင် သုံးရက်ကြာသွားသည်။ မောင်တောသို့ အစိုးရအစီအစဉ်ဖြင့် မဟုတ်ဘဲ သွားရောက်မည်ဆိုပါက သတင်းထောက်တစ်ဦးအနေဖြင့် ပေါ်ပေါ်တင်တင် သွားရောက်၍ မဖြစ်နိုင်။ ထို့ကြောင့် စစ်တွေမှ မောင်တောသို့အလာ သင်္ဘောပေါ်တွင် ခရီးသွားများနှင့် မိတ်ဆွေဖွဲ့သည့်အခါ ဦးလေးဖြစ်သူထံ အလည်ပြန်လာသူတစ်ဦးအဖြစ်သာ ပြောဆိုရသည်။
ယခင်က အတော်အသင့်စည်ကားမည်ဟု ယူဆရသော မောင်တောဈေးကို ပိတ်ထားသည်။ မောင်တောဒေသခံ မိတ်ဆွေကတော့ မောင်တောဈေးကို အဓိကကြီးစိုးနေသည်မှာ မွတ်စလင်များဖြစ်သည်ဟု မချိတင်ကဲ ဆိုသည်။ မောင်တောဒေသရှိ မွတ်စလင်နှင့် တိုင်းရင်းသားတို့ကြား ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခအရင်းခံတွင် စီးပွားရေးပြဿနာတချို့လည်း ပါဝင်သည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်း၏ ၈ဝ ရာခိုင်နှုန်းခန့်ကို မောင်တောနေ မွတ်စလင်လုပ်ငန်းရှင်များက လုပ်ကိုင်နေကြသည်။ ရခိုင်တိုင်းရင်းသားအများစု နေထိုင်သော မောင်တောမြို့ပတ်ပတ်လည်တွင် မွတ်စလင်ရွာများက ဝန်းရံတည်ရှိနေခြင်းကလည်း ဒေသခံရခိုင်တိုင်းရင်းသားတို့အတွက် မလုံခြုံမှု သံသယစိတ်ကို ကြီးထွားစေသည့် အချက်တစ်ချက် ဖြစ်သည်။ မောင်တောမြို့ကို မြောက်ဘက်တွင် ရွှေဇားရွာ၊ တောင်ဘက် မောင်တော-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ဌာနအနီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးအနီးတွင် ဖင်စီရွာ၊ မောင်တောမှအထွက် ဘူးသီးတောင်ဘက်သို့ အသွားတွင် မြို့မကညင်တန်းရွာ စသည့် လူဦးရေ သောင်းနှင့်ချီရှိသည့် မွတ်စလင်ကျေးရွာကြီးများက ဝန်းရံထားသည်။
ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအလားအလာ
မြန်မာနိုင်ငံသည် အာရှပစိဖိတ်ဒေသတွင် ပထဝီနိုင်ငံရေးအရ အရေးပါသော ဒေသဖြစ်သည်။ အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို အာဆီယံနိုင်ငံများ၊ ဒေသတွင်း အင်အားကြီးမားသော အိန္ဒိယတို့နှင့် ဆက်သွယ်ပေးထားသည့် မြေတံတားတစ်ခု ဖြစ်နေသည်။
ထို့ပြင် တရုတ်၏ အနာဂတ်အိပ်မက်ဖြစ်သည့် ကျော့ကွင်းတစ်ကွင်း၊ လမ်းတစ်စင်း (One Belt One Road) စီမံကိန်းနှင့်လည်း ဆက်စပ်နေသည်။ တရုတ်နိုင်ငံက လွန်ခဲ့သည့် ၂၀၁ဝ ပြည့်ဝန်းကျင်ကပင် ဗဟိုအာရှ၊ အရှေ့တောင်အာရှ၊ တောင်အာရှဒေသများရှိ ပထဝီနိုင်ငံရေးအရ အချက်အချာကျသည့် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးပြီး လုပ်ဆောင်လာခဲ့ရင်း ၎င်း၏ ဩဇာကို ပိုမိုထူထောင်လာခဲ့သည်။
အထူးစီးပွားရေးဇုန်များကို သီရိလင်္ကာ၊ အိုမန်၊ မြန်မာ၊ မလေးရှားတို့တွင် တည်ဆောက်လျက်ရှိသကဲ့သို့ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်နေသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကိုလည်း ဗဟိုအာရှ၊ ရုရှနှင့် အရှေ့တောင်အာရှတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ အနောက်ဘက်ခြမ်းသို့ ဆက်သွယ်မည့် စီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။
မောင်တောဒေသအတွင်း ဖြစ်ပွားနေသည့် လူမျိုးရေးပဋိပက္ခမှာ ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်စပ်မှု ရှိနေနိုင်သည်ဆိုသည့် သုံးသပ်ချက်များကလည်း ထွက်ပေါ်လာသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပဋိပက္ခများပြင်းထန်နေချိန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုအမြောက်အမြားရှိရာ တောင်ပိုင်းတွင်တော့ တည်ငြိမ်နေသည်။
ပြည်နယ်တောင်ပိုင်းတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မဒေးကျွန်းရှိ ရေနံလှောင်ကန်များမှ တရုတ်နိုင်ငံအနောက်ဘက် ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ တည်ရှိနေသည်။ တရုတ်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့တွင် ဒေါ်လာ ၉ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။ ထို့အတူ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွင်လည်း ၂ ဒသမ ၄၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားသည်။
တိုက်တေနီယမ်က ဆွဲဆောင်မှုတစ်ခုဖြစ်မလား
မောင်တော-အငူမော် လမ်းတစ်လျှောက်ရှိ ကမ်းခြေများမှာ တိုက်တေနီယမ်သတ္တုဓာတ်ထွက်ရှိသည်ဟု နာမည်ကြီးနေသည့် ဒေသဖြစ်သည်။ လွတ်လပ်သောအာရှအသံသတင်းဌာန၏ ၂၀၁၃ ခုနှစ်သတင်းများအရ ထိုကမ်းခြေတစ်လျှောက်တွင် တိုက်တေနီယမ်ကုန်ကြမ်းများကို ရှာဖွေတွေ့ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု ပါရှိသည်။ ထိုသတင်းအရ အငူမော်ကမ်းခြေနှင့် အလယ်သံကျော်ကမ်းခြေတို့တွင် ၄၉ ဧက ကျယ်ဝန်းသည့် လုပ်ကွက်ပေါင်း ၁ဝ ကွက်ကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Gold Finder က လုပ်ကိုင်ခွင့်ရရှိထားသည်ဟု ပါရှိသည်။
ပဋိပက္ခကြောင့် မီးလောင်သွားသော ရွာများကို စီမံခန့်ခွဲမည်ဟု ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရတို့က ထုတ်ပြန်ကြေညာထားသည်။ ထိုဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် မွတ်စလင်များကို ပြန်လည်နေရာချထားရေးမှာမူ မရှင်းလင်းသေး။
နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမည့် မီးလောင်ပြင်ကျေးရွာများမှာ ဒေသခံရခိုင်တိုင်းရင်းသားတို့ အမှန်တကယ်အကျိုးစီးပွားရှိစေမည့် ဒေသများဖြစ်လာမလား၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားများနှင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများ ဖြစ်လာမလားဆိုသည်ကို တွေးတောရင်း လှပသည့် ကမ်းရိုးတန်းနှင့် ဆန့်ကျင်ဘက် ရုပ်ဆိုးအကျည်းတန်နေသည့် မီးလောင်ပြင်ကျေးရွာများကို ငေးကြည့်နေမိပါတော့သည်။