သတင်း

အိမ်မီးရှို့ခံရသည့် ကျောက်တော်ဒေသခံ ၁၀၀၀ ကျော် နေရပ်ပြန်

စစ်တပ်က ရခိုင်ဒေသ ရွာနှစ်ရွာကို မီးရှို့ရန် နာရီအနည်းငယ်သာ အချိန်ယူခဲ့သော်လည်း နေအိမ်များ ပြန်လည်တည်ဆောက်ပေးရေးအစီအစဉ်မှာ ၁ နှစ်ကြာလာသည့်တိုင် ပြီးစီးရန် အလှမ်းဝေးနေသေးသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရန်ကုန်-စစ်တွေ ကားလမ်းဘေးရှိ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာအတွင်း စစ်တပ်က မီးရှို့ပြီး ပြန်ဆောက်ပေးမည့် နေအိမ်များ အဆင်သင့်မဖြစ်သေးကြောင်း ဒေသခံတို့က ပြောသည်။

၂၀၂၀ စက်တင်ဘာ ၃ တွင် စစ်တပ်က ထိုရွာနှစ်ရွာမှ လူနေအိမ် ၂၀၀ နီးပါးကို မီးရှို့ခဲ့သည်။

ဘုရားပေါင်းရွာမှ ဦးမောင်မောင်သန်းက ဒေသခံတို့ နာလန်ထူနိုင်ခြင်း မရှိသေးဟု ဆိုသည်။

“အဖြစ်အပျက်က တစ်နှစ်သာကြာသွားတယ်။ မနေ့တစ်နေ့ကလိုပါပဲ။ နေအိမ်တွေလည်း ဆုံးရှုံး၊ ပစ္စည်းဥစ္စာတွေကလည်း ဘာမှမကျန်တော့ဘူး” ဟု ဦးမောင်မောင်သန်းက ပြောသည်။

NLD အစိုးရလက်ထက် အစပြုခဲ့သည့် နေအိမ်တချို့ဆောက်လုပ်ပေးရေးအစီအစဉ်ကို စစ်ကောင်စီက ဆက်လက်စီမံခန့်ခွဲမည်ဟု ဆိုသော်လည်း အဆုံးမသတ်နိုင်သေးပေ။

တောင်ပေါက်ရွာတွင် ပြန်ဆောက်ပေးပြီးသည့် အိမ် ၁၀ လုံးခန့် ရှိပြီဟု သိရသည်။ ဘုရားပေါင်းရွာရှိ ပြန်ဆောက်ပေးပြီးသည့် အိမ်အရေအတွက်ကို မသိရသေးပေ။ 

ထိုရွာနှစ်ရွာမှ ဒေသခံ တစ်ထောင်ကျော်ခန့်သည် ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများနှင့် နီးစပ်ရာနေရာများတွင် ခိုလှုံနေကြရသည်။ 

၂ ဦးကို ပစ်သတ်

စစ်တပ်၏ မီးရှို့ခံခဲ့ရသည့် ကျေးရွာနှစ်ရွာမှာ ကုလားတန်မြစ်ကမ်းဘေးတွင် တစ်ဆက်တည်းတည်ရှိနေသည့် ရွာတန်းရှည်ဖြစ်သည်။ ကျေးရွာအနီးကားလမ်းမပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ကာ နေအိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု ကျေးရွာသားများက ပြောဆိုကြသည်။

ဘုရားပေါင်းရွာမှ နေအိမ် ၁၁၀ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ လုံး မီးလောင်ပျက်စီးခဲ့သည်။ စစ်တပ်က ပစ်ခတ်သဖြင့် ဘုရားပေါင်းကျေးရွာမှ  ၂၇ နှစ်အရွယ် ကိုညွန့်ဝင်း၊  ၃၂ နှစ်အရွယ် ကိုခင်မောင်သိန်း တို့ သေဆုံးခဲ့သည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  စစ်တပ်က သတင်းထုတ်ပြန်ရာတွင် လုံခြုံရေးကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရန်သူ့အလောင်း ၂ လောင်းနှင့် သေနတ်တစ်လက် သိမ်းဆည်းရမိကြောင်း၊ ကျေးရွာကို AA က မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ထို့ကြောင့် ဩဂုတ် ၂၀ တွင် ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာနှင့် ဘုရားပေါင်းကျေးရွာ မီးရှို့ခံရမှု မြန်မာရက်အားဖြင့် တစ်နှစ်ပြည့်အဖြစ် ရွာဦးဘုန်းတော်ကြီးကျောင်း၌ အလှူအတန်းလုပ်ကာ ဝမ်းနည်းခြင်းအစီအစဉ်တစ်ခု ပြုလုပ်ခဲ့ကြသည်။ 

“မနှစ်က ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ ညအချိန်မှာ တစ်ရွာလုံး ကုလားတန်မြစ်ကို ကူးပြီး အသက်လုထွက်ပြေးခဲ့ကြရတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ကိုဗစ်ကာလလည်းဖြစ်နေတော့ ကြီးကြီးကျယ်ကျယ် လုပ်တာမဟုတ်ဘဲ တစ်ရွာချင်းစီက ရွာဦးဘုန်းတော်ကြီးကျောင်းမှာ ဆွမ်းကပ်ပြီး ဆိုးရွားတဲ့အဖြစ်အပျက်မျိုး နောက်မဖြစ်ရအောင် ဆုတောင်းမေတ္တာပို့ကြတယ်။ သေဆုံးသွားသူတွေအတွက်လည်း အမျှအတန်း ပေးဝေကြတယ်။ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်ချိန်မှာ ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်၊ မေတ္တာပို့ကြတယ်”ဟု အခမ်းအနားဦးဆောင်သူ တောင်ပေါက်ရွာမှ ဦးရွှေထွန်းညိုက ပြောသည်။

စစ်ကောင်စီဆောက်ပေးသည့် နေအိမ်များ မပြီးစီးသေးသော်လည်း တချို့ကျေးရွာသားများမှာမူ ပုဂ္ဂလိကအလှူရှင်များ၏ ထောက်ပံ့ကူညီမှုဖြင့် တဲအိမ်ငယ်များ ဆောက်လုပ်ကာ ကျေးရွာများတွင် ပြန်လည်နေထိုင်နေပြီဟု သိရသည်။

“ကယ်ဆယ်ရေးစခန်းမှာ သွားပြီး ခိုလှုံနေထိုင်ခဲ့ကြတယ်။ ဒါပေမဲ့ အလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ ကိုယ့်အိမ်ကိုကိုယ် ဖြစ်သလိုဆောက်ပြီး နေထိုင်နေကြပါပြီ။ သက်ဆိုင်ရာက ဆောက်ပေးတဲ့အိမ်ဆိုတာက တောင်ပေါက်ရွာမှာ ၁၀ လုံးလောက်ပဲ ရှိပါသေးတယ်။ ကျန်တာကတော့ ကိုယ့်အိမ်ကိုကိုယ် ဖြစ်သလိုဆောက်ပြီး နေကြရတာပါပဲ။ အခု တစ်နှစ်ပြည့်ပြီဆိုတော့လည်း ကိုယ့်အိမ်ကိုယ့်ရာမှာ လာနေထိုင်နေကြပါပြီ “ဟု တောင်ပေါက်ကျေးရွာဆရာတော်က မိန့်ကြားသည်။

တင်းမရွာ မီးရှို့မှု

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နှစ်နှစ်တာအတွင်း တောင်ပေါက်ကျေးရွာ၊ ဘုရားပေါင်းကျေးရွာကဲ့သို့ ကျောက်တော်မြို့နယ်အတွင်းမှ တင်းမကျေးရွာ ၊ မာလာကျေးရွာ၊ မုန့်သန်းပြင်ကျေးရွာ ၊ ပြိုင်းတိုင်းကျေးရွာ ၊ မျောက်တောင်ကျေးရွာ၊ မိကျောက်တက်ကျေးရွာတို့ တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ 

၂၀၂၀ မတ်လအတွင်း တင်းမကျေးရွာ မီးရှို့ခံရသဖြင့် နေအိမ် ၁၃၂ လုံးနှင့် ဘုန်းတော်ကြီးကျောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ကျေးရွာသား ၂၁ ဦး ကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ယနေ့အချိန်အထိ မိသားစုနှင့် အဆက်မသွယ်မရဘဲ ပျောက်ဆုံးလျက်ရှိနေဆဲဟု မိသားစုဝင်များထံမှ သိရသည်။  

အလားတူ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ် ငတောက်တူကျေးရွာ၊ ကျောက်တန်းကျေးရွာ ၊ မင်းပြားမြို့နယ် ဖားပြိုကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး သွားရောက်မီးရှို့သဖြင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရသည်။  

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသည်မှာ ၉ လခန့် ကြာမြင့်ပြီဖြစ်သော်လည်း စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်ခန့်မှာ နေအိမ်များ ပျက်စီးခြင်းနှင့် စစ်ကျန်လက်နက်ကြီး အန္တရာယ်များကြောင့် နေရပ်သို့ မပြန်နိုင်သေးပေ။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button