ပါဝင်ပတ်သက်သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြောင်း သိရသမျှ
ယခုပွဲကို ကမကထပြုပေးခဲ့သည့် ကုမ္ပဏီများအနက် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ် (KBZ Bank) ပါဝင်သည်။ ယင်းသည် ခရိုနီသူဌေးကြီး ဦးအောင်ကိုဝင်း၏ KBZ Group လက်အောက်ခံဖြစ်သည်။
ကမ္ဘောဇဘဏ်သည် စစ်ကောင်စီနှင့် စီးပွားရေးလုပ်ကိုင်နေသည့် လုပ်ငန်းများအား ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးနေသည်ဟု စစ်တပ်ကို ထောက်ပံ့နေသည့် ကုမ္ပဏီများအကြောင်း စုံစမ်းဖော်ထုတ်နေသည့် Justice For Myanmar (JFM) တက်ကြွလှုပ်ရှားသူများအဖွဲ့က စွပ်စွဲထားသည်။
ထို့အပြင် လက်ရှိ မင်္ဂလာ လေကြောင်းပို့ဆောင်ရေး (Mingalar Aviation) အဖြစ် အမည်ပြောင်းလဲပြေးဆွဲနေသည့် ယခင် ကမ္ဘောဇလေကြောင်းလိုင်း (Air KBZ) သည် KBZ Group လက်အောက်တွင် ရှိစဉ်အခါက ATR လေယာဉ်များကို လေတပ်က ဝယ်ယူနိုင်ရေး ကူညီပေးခဲ့သလို ၎င်းတို့အကျိုးဆောင်ပေးခဲ့သည့် ATR လေယာဉ်များအနက်မှ အချို့ကို ပြန်လည် ငှားရမ်းသုံးစွဲခြင်းဖြင့်လည်း စစ်တပ်အား ဝင်ငွေစီးဆင်းမှုဖြစ်ပေါ်စေခဲ့သည်ဟု ထုတ်ပြန်ထားသည်။
လေယာဉ်ငှားရမ်းသည့် ဒိန်းမတ်ကုမ္ပဏီတစ်ခုကို ဒိန်းမတ် OECD အမျိုးသား ဆက်သွယ်ရေးဗဟိုဌာန (Danish OECD National Contact Point) ထံ JFM ကတိုင်ကြားခဲ့သည့် အမှုတွင်လည်း ကမ္ဘောဇ (KBZ) ၏ အမည် ပါဝင်ခဲ့သည်။ အဆိုပါ တိုင်ကြားမှုကြောင့် ဒိန်းမတ်ကုမ္ပဏီအနေဖြင့် Air KBZ နှင့် ဆက်ဆံရေးတွင် စိစစ်လေ့လာမှု (due diligence) ပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိချက်များ ထွက်ပေါ်လာခဲ့သည်။
ထိုင်း- မြန်မာဆွေးနွေးပွဲကို ပံ့ပိုးသည့်နောက်ထပ်ကုမ္ပဏီတစ်ခုမှာ 24 Hour Group လုပ်ငန်းစု၏ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) ဖြစ်သည်။ ၎င်းသည် လက်ရှိ Air KBZ ကို ပိုင်ဆိုင်လုပ်ကိုင်နေသော ကုမ္ပဏီလည်းဖြစ်သည်။ မြန်မာစစ်အုပ်စုသည် ရုရှားအစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး အဆက်အဆံကို ပိုမိုခိုင်မာအောင် တည်ဆောက်လာသည်နှင့်အမျှ MAI သည် လေကြောင်းခရီးစဉ်များကို ရုရှားသို့ တိုးချဲ့ပြေးဆွဲခဲ့သည်။
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်ကြားမှ မြန်မာစစ်တပ် အသုံးပြုနေသော ATR နှင့် Airbus လေယာဉ်များ ပုံမှန်လည်ပတ်နေနိုင်ရေးအတွက် MAI က ကူညီထောက်ပံ့ ပေးနေသည်ဟု JFM က စွပ်စွဲထားသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး စိုက်ပျိုးရေးလုပ်ငန်းကြီးများအနက် တစ်ခုဖြစ်သည့် မြန်မာ့ဩဘာသည်လည်း အဆိုပါ ဆွေးနွေးပွဲကို ဝန်းရံပေးခဲ့သည်။ ထိုကုမ္ပဏီသည် မြေဩဇာ၊ မျိုးစေ့နှင့် သီးနှံကာကွယ်ရေး ပစ္စည်းများကို ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်မှုကိုကြည့်လျှင် ထိုဆွေးနွေးပွဲကို တရားဝင် ပံ့ပိုးပေးထားသည့် ကုမ္ပဏီများသာမက အခြားသော လုပ်ငန်းရှင်ကြီးများပါ ပါဝင်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်း (Anutin Charnvirakul) က စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အစိုးရအိမ်တော်၌ တည်ခင်းဧည့်ခံသည့် ယမန်နေ့ (ဩဂုတ်လ ၆ ရက်) ဂုဏ်ပြုညစာစားပွဲတွင် ဦးအောင်ကိုဝင်းနှင့် ဧရာဝတီဘဏ်ကိုလုပ်ကိုင်သော Max Myanmar ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်တို့ နှစ်ဦးလုံးကို တွေ့ရှိခဲ့ရသည်။ စစ်ခေါင်းဆောင်က ထိုစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကို ဝန်ကြီးချုပ် အနုတင်၊ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတို့နှင့် မိတ်ဆက်ပေးနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ကမ္ဘောဇဘဏ်က စီးပွားရေးဖိုရမ်ကျင်းပမှုကို ပံ့ပိုးပေးခဲ့သော်လည်း Max Myanmar ၏အမည်ကို ကမကထပြုသည့် ကုမ္ပဏီစာရင်းတွင် မတွေ့ရှိရပေ။
ဩဂုတ်လ ၆ ရက်ညက ဘန်ကောက်၌ ကျင်းပသည့် ညစာစားပွဲတွင် မြန်မာစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းတို့ စကားလက်ဆုံကျနေစဉ် KBZ Group ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းကို တွေ့ရစဉ်။ (Screenshot: Thai Khu Fah/Facebook)
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အတွင်း ကျင်းပသည့် ဂုဏ်ပြုညစာစားပွဲတွင် ဧရာဝတီလုပ်ငန်းစုဥက္ကဋ္ဌ ဦးဇော်ဇော် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရကွန်းနှင့် စကားပြောနေစဉ်။ (Screenshot: Thai Khu Fah/Facebook)
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးအောင်ကိုဝင်းနှင့် ဦးဇော်ဇော်တို့ နှစ်ဦးလုံး လူမြင်ကွင်းများတွင် ထင်ထင်ရှားရှားမတွေ့ရတော့ပေ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှာမူ ဘောလုံးနှင့်သက်ဆိုင်သည့် အခမ်းအနားများတွင် မကြာခဏ တွေ့ရသော်လည်း စစ်ခေါင်းဆောင်နှင့် အတူ ထင်ထင်ရှားရှားပွဲထွက်ခြင်းမျိုး မတွေ့ခဲ့ရပါ။ သို့သော် စစ်တပ် ခြယ်လှယ် ကျင်းပခဲ့သည့် ရွေးကောက်ပွဲအလွန် အရပ်သားအရေခြုံထားသည့် စစ်ခေါင်းဆောင်၏ ပြည်ပထိတွေ့ဆက်ဆံမှုများ အရှိန်မြှင့်လုပ်ဆောင်လာသည်နှင့်အမျှ ထိုခရိုနီများ၏ ပွဲထွက်မှုများကိုလည်း ပိုမိုတွေ့မြင်လာရခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်နှင့် ပတ်သက်၍ Myanmar Now က သတင်းတစ်ပုဒ် ဖော်ပြခဲ့ရာ ဦးအောင်ကိုဝင်း၏ ရှေ့နေများက ဦးအောင်ကိုဝင်းအားခရိုနီအဖြစ်ဖော်ပြမှုကို ရုပ်သိမ်းပေးရေး၊ ထို့အပြင်၎င်းသည် အိန္ဒိယသို့ လိုက်သွားသည့်ခရီးတွင် ကမ္ဘောဇကုမ္ပဏီကို ကိုယ်စားမပြုဘဲ ပြည်တွင်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို ကိုယ်စားပြုကာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ နာယကနှင့် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအနေဖြင့်သာ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း ပြန်ရှင်းခဲ့သည်။
ခရိုနီ ဦးအောင်ကိုဝင်းသည် UMFCCI နာယကအနေဖြင့် စစ်ခေါင်းဆောင်၏ ပြည်ပသံခင်းတမန်ခင်း ဆောင်ရွက်ချက်များကို လူသိရှင်ကြားလည်းအားပေး ချီးကျူးခဲ့ဖူးသည်။ ၂၀၂၅ ခုနှစ် မတ်လ ၈ ရက် စစ်တပ်ထိန်းချုပ် သတင်းစာများမှတဆင့် ဖော်ပြခဲ့သည့် သဝဏ်လွှာတစ်စောင်တွင် စစ်ခေါင်းဆောင်၏ ရုရှားနှင့် ဘယ်လာရုစ်ခရီးစဉ်တို့ကို “သမိုင်းဝင် အောင်မြင်မှုများ”ဟု သုံးနှုန်း၍ ဦးအောင်ကိုဝင်းနှင့် အသင်းချုပ် ခေါင်းဆောင်များက ဂုဏ်ပြုခဲ့ကြသည်။
ဦးအောင်ကိုဝင်းရော ၎င်း၏ စီးပွားရေးလုပ်ငန်းများပါ စစ်တပ်ပိုင် စီးပွားရေးအဖွဲ့အစည်းများနှင့် အငြင်းပွားဖွယ် အကျိုးစီးပွားပတ်သက်မှုများရှိနေသည်။ ၎င်းသည် စစ်တပ်ပိုင်ကုမ္ပဏီကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူပူးပေါင်း၍ ပတ္တမြားတူးဖော်ရေးလည်း ယခင်ကလုပ်ကိုင်ခဲ့ဖူးသည်။
ထို့ပြင် ရန်ကုန်မြို့လယ် ကမ္ဘောဇဘဏ်ရုံးချုပ်တည်ရှိရာ လက်ရှိအဆောက်အအုံသည် အစိုးရရုံးတစ်ရုံးဖြစ်ခဲ့ဖူးပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာလက်မလွှတ်မီ နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို တက်သုတ်ရိုက် ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့စဉ်က စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းပေးခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ထိုသို့စစ်တပ်က မတရားအဓမ္မသိမ်းပိုက်ထားသော ပြည်သူပိုင်အဆောက်အအုံများကို ဦးအောင်ကိုဝင်းက ၎င်း၏လုပ်ငန်းများနှစ်ရှည်လုပ်ကိုင်ရန် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများမှ ငှားရမ်းထားသည်။
အဆိုပါကိစ္စအပါအဝင် ကမ္ဘောဇလုပ်ငန်းစုနှင့် စစ်တပ်ပိုင်လုပ်ငန်းများအကြား ဘဏ္ဍာရေးအရ၊ အကျိုးစီးပွားအရ ဆက်နွှယ်မှုဆိုသည်များနှင့်ပတ်သက်၍လည်းကောင်း၊ ဦးအောင်ကိုဝင်းနှင့် ဦးမင်းအောင်လှိုင်တို့အကြား ဆက်နွှယ်မှုနှင့် ပတ်သက်၍ လည်းကောင်း Myanmar Now က ပြီးခဲ့သည့်ဇွန်လအတွင်း ဦးအောင်ကိုဝင်း၏ ရှေ့နေများထံ အသေးစိတ်မေးခွန်းများပို့ခဲ့သည်။ ထိုမေးခွန်းများအတွက် အချိန်လိုအပ်ကြောင်းနှင့် “ပြန်ကြားသင့်သည့်အချိန်” တွင် ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေများက အကြောင်းပြန်သော်လည်း ယခုအချိန်အထိ ထိုမေးခွန်းများကို ဖြေကြားခြင်းမရှိပါ။
ယမန်နေ့က စစ်ခေါင်းဆောင်ကို ဧည့်ခံသော ညစာစားပွဲ၌ မြင်တွေ့ခဲ့ရသူ နောက်တစ်ဦးမှာ Best Industrial Company Limited ၏ ဒုမန်နေဂျင်းဒါရိုက်တာလည်းဖြစ်၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးနှင့် ကုန်သည်/စက်မှုအသင်းချုပ်၏ ပူးတွဲအထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ဒေါ်ခိုင်ခိုင်နွယ်ဖြစ်သည်။
ထိုင်းဘက်မှ ပါဝင်ကုမ္ပဏီများ
ထိုင်းမြန်မာစီးပွားရေးဆွေးနွေးပွဲကို ကမကထပြု ကူညီကြသည့် ထိုင်းကုမ္ပဏီကြီးများထဲတွင် စွမ်းအင်ကုမ္ပဏီ PTTEP၊ ဘန်ကောက်ဘဏ်၊ SCG၊ ThaiBev၊ AMATA Corporation တို့ ပါဝင်သည်။ ၎င်းတို့အထဲမှ အချို့သည် မြန်မာတွင် ကာလရှည်ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် စီးပွားရေးနှင့်ပတ်သက်သည့် အကျိုးစီးပွားများ ရှိကြသည်။
PTTEP သည် မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် အကြီးအကျယ် ရင်းနှီးမြှပ်နှံထားသည့် ကုမ္ပဏီဖြစ်ရာ အားလုံးထဲတွင် ထူးခြားသည်။ စစ်အစိုးရအဆက်ဆက် သဘာဝဓာတ်ငွေ့တူးဖော်ရောင်းချရေးသည် ၎င်းတို့အတွက် အဓိက နိုင်ငံခြားဝင်ငွေရလမ်းဖြစ်ခဲ့ပြီး ယခုထိလည်း ဖြစ်နေဆဲဖြစ်သည်။
စစ်အစိုးရသည် M-3 လုပ်ကွက် (အောင်သိင်္ခစီမံကိန်း) မှ ရသည့် ဓာတ်ငွေ့များကို ပြည်တွင်းသို့ ပြန်လည်ရောင်းချရေး သဘောတူစာချုပ်တစ်ခု PTTEP နှင့် ပြီးခဲ့သည့်သီတင်းပတ်ကမှ ချုပ်ဆိုခဲ့သည်။ ၂၀၂၈ ခုနှစ် နှစ်ကုန်တွင် လုပ်ငန်းများစတင်မည်ဟု မျှော်လင့်ထားသည်ဟု စစ်အစိုးရက ထုတ်ပြန်သည်။
ThaiBev သည် မြန်မာနိုင်ငံ၏ အဖျော်ယမကာကဏ္ဍတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီဖြစ်သည်။ ၎င်း၏ လုပ်ငန်းများထဲတွင် (Grand Royal Whisky) ဂရန်းရွိုင်ရယ်ဝီစကီနှင့် Chang Beer တို့ ပါဝင်သည်။ Justice for Myanmar အဆိုအရ ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလပတ်ကာလ တစ်ခုတည်းမှာပင် ဂရန်းရွိုင်ရယ်၏ စစ်အစိုးရထံ ပေးသွင်းသည့်အခွန်ပမာဏမှာ ကျပ် ၂၅ ဒသမ ၉ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၄ သန်းရှိပြီး အခွန်အများဆုံး ပေးဆောင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။