
(Channel News Asia အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော Fleeing Rohingya fighters accept suffering and exile in exchange for world’s attention ဆောင်းပါးကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားချက်များမှာ Myanmar Now ၏ အာဘော် မဟုတ်ပါ)
ရိုဟင်ဂျာတွေအတွက်တိုက်ခိုက်နေတဲ့အဖွဲ့က ခေါင်းဆောင် တစ်ယောက်ယောက်ကို လူတွေအခက်အခဲ ကြုံတွေ့နေရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
ရွှံ့ဗွက်တွေနဲ့ လူသွားလမ်းတွေ၊ လေထဲမှာ ပျံ့နေနဲ့ မီးခိုးငွေ့တွေတွေကြားက ခနော်ခနဲ့ ယာယီနေရာထိုင်ခင်းတွေ ပြည့်ကျပ်နေတဲ့၊ တောင်ကုန်းထူထပ်တဲ့၊ ကူတူပါလွန်ဒုက္ခသည်စခန်းမှာ အခုဆိုရင် ညအချိန်ရောက်လာပါပြီ။
နေရပ်စွန့်ခွာလာသူတွေရှိတဲ့နေရာကို အပေါ်စီးက မြင်နေရတဲ့၊ ညစ်ပတ်နေတဲ့ နေရာတစ်ခုက ဖျင်ကြမ်းစပေါ် ထိုင်စောင့်နေတုန်း မူဟာမက်ရာဖစ်ရောက်လာပြီး တင်ပျဉ်ခွေထိုင်လိုက်ပါတယ်။
အသက် ၃ဝ အရွယ်၊ ပသိုင်းမွှေးတိုတို၊ စကား ခပ်အေးအေးပြောတတ်တဲ့ သူ့ဘေးမှာတော့ လူ့တချို့ ရပ်နေပါတယ်။ သူတို့လည်း ဟာမက်ရာဖစ်လိုပဲ ရခိုင်ကနေ ရောက်လာသူတွေပါ။
သူဟာ ARSA ရဲ့ ဒုတပ်မှူးတစ်ဦးဖြစ်ကြောင်း၊ သြဂုတ် ၂၅ ရက်မှာ သူ့ရွာက လူ ၅ဝ နဲ့အတူ စစ်တပ်ကင်းစခန်းတစ်ခုကို အလစ်ဝင်တိုက်ခဲ့ကြောင်း ရာဖစ်က ပြောပါတယ်။
“ဖြည်းဖြည်းချင်းသေတာထက် မြန်မြန်သေရတာ ပိုကောင်းတာပေါ့ဗျာ။ ကျုပ်တို့ နေ့တိုင်းနှိပ်စက်ခံရတယ်။ အခြားရွေးစရာလမ်းမရှိတော့လို့ အခုလို တိုက်ရတာပါ” လို့ ရာဖစ်က ပြောပါတယ်။
“အကျိုးဆက်က ဒီလိုဖြစ်လာမယ်ဆိုတာလည်း သိပြီးသားပါ။ ကျုပ်တို့ ညီညီညွတ်ညွတ်နဲ့ အခုလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ”
ARSA အဖွဲ့များ ပြိုင်တူတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ တိုက်ခိုက်မှုများ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ပါတယ်။ ထိုအချိန်ကစပြီး ရွာများစွာ မီးရှို့ဖျက်ဆီးခံရခြင်း၊ ရိုဟင်ဂျာမွတ်စလင် ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်ခြင်းတို့ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ထွက်ပြေးရသူတွေထဲမှာ ARSA အဖွဲ့ဝင်များလည်း ပါကြောင်း၊ ဘယ်နှဦးလောက် အသက်ရှင်နေသေးသည်ကို မသိရှိရကြောင်း၊ သို့သော် ခေါင်းဆောင်အင်အား ထိခိုက်မှု မရှိသေးကြောင်း ရာဖစ်က ပြောပါတယ်။
သူတို့အဖွဲ့မှာ လက်နက်၊ လေ့ကျင့်မှုနဲ့ လူအင်အားမကောင်းပါဘူး။ အခုလို တိုက်ခိုက်မှုတွေဟာ ARSA တိုက်ခိုက်ရေးသမားတွေနဲ့ ရိုဟင်ဂျာတွေအတွက် ကိုယ့်သေတွင်း ကိုယ်တူးသလိုပါပဲ။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေက သူတို့ကို ဘယ်လို နှိပ်စက်ညှဉ်းပန်းနေသလဲဆိုတာ ကမ္ဘာက သိအောင် ဒီလိုလုပ်ဖို့ လိုတယ်လို့ ဒီအဖွဲ့ရဲ့ တိုက်ခိုက်ရေးသမားဖြစ်တဲ့ အဘူအာလမ်က ပြောပါတယ်။
“ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်အဖြစ် လာနေရလိမ့်မယ်လို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်တို့က စစ်တပ်ကို တိုက်တဲ့အခါ သူတို့က ကျုပ်တို့ကို ပြန်တိုက်မယ်။ အဲဒီအခါမှာ ရိုဟင်ဂျာတွေ ဘာဖြစ်နေသလဲဆိုတာ ကမ္ဘာက မြင်ပြီး အသိအမှတ်ပြုလာမယ်” လို့ သူက ပြောပါတယ်။
“မြန်မာစစ်တပ်ကို တိုက်ဖို့ ကျွန်တော်တို့မှာ လက်နက်အင်အားမရှိဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့က တုတ်နဲ့ တိုက်တာပဲဖြစ်ဖြစ် လုပ်လိုက်ရင် ဒီမှာဘာတွေဖြစ်နေလဲဆိုတာ ကမ္ဘာပေါ်ကလူတွေ နားလည်သွားလိမ့်မယ် ဆိုတာလည်း သိထားပါတယ်” လို့ သူကပြောပါတယ်။
ရာဇဝတ်မှုများအတွက် စွပ်စွဲချက်
ARSA အဖွဲ့အနေနဲ့ အခြားဒေသခံတွေကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ သတ်ဖြတ်ခံထားရတဲ့ ဟိန္ဒိူဘာသာဝင်တွေရဲ့ အလောင်းတွေကို စစ်တပ်က စက်တင်ဘာ ၂၄ မှာ တွေ့ခဲ့ပြီး ARSA ရဲ့ လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အာလမ်ကတော့ ရိုဟင်ဂျာတွေဟာ အခြားလူမျိုးစုတွေနဲ့ ပြဿနာဖြစ် တိုက်ခိုက်တာမရှိဘူး၊ ဟိန္ဒူတွေ သတ်ဖြတ်ခံရမှုမှာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။
“ကျုပ်တို့ စွပ်စွဲခံရတာပါ။ ကျုပ်တို့နဲ့ သက်တူရွယ်တူ ဟိန္ဒူသူငယ်ချင်းတွေ အများကြီးရှိပါတယ်။ သူ့တို့နဲ့တွေ့တဲ့အခါ ‘မင်းတို့က ငါတို့ရန်သူမဟုတ်ဘူး၊ ငါတို့ရန်သူက အစိုးရ။ မင်းတို့ကို ငါတို့ ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး၊ မရိုက်နှက်ခဲ့ဘူး၊ မသတ်ခဲ့ဘူး’ ဆိုတာ ပြောပြတယ်။ တကယ်တော့ ကျုပ်တို့တွေဟာ အတူ ခံနေရသူတွေပါပဲ”
“ဘာသာမတူသူတွေဟာလည်း ညီအစ်ကို၊ မောင်နှမတွေလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေကြရမယ့် အချိန်မဟုတ်ဘူး။ ကျုပ်တို့က ကျုပ်တို့အခွင့်အရေးအတွက် တိုက်ခိုက်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ အခြားဘာသာဝင်တွေကို ပစ်မှတ်ထားတိုက်တာ မဟုတ်ဘူး။ အစိုးရကိုပဲ တိုက်ခိုက်တာပါ” လို့ သူက ဆက်ပြောပါတယ်။
ဘယ်ဘက်ရဲ့ စကားကိုမှ အတည်ပြုဖို့ မဖြစ်နိုင်ပါ။ ဝါဒဖြန့်ချိရေး စစ်ပွဲဖြစ်နေသလို နှစ်ဖက် အသိုက်အဝန်း ရဲ့ ပြောဆိုနေမှုတွေကို အတည်ပြုနိုင်ဖို့ ရခိုင်ပြည်နယ် မြောက်ပိုင်းကို စာနယ်ဇင်းသမားတွေ လွတ်လွတ်လပ်လပ် သွားခွင့်မရပါဘူး။
ARSA အဖွဲ့ အုပ်စုကွဲသွားချိန်မှာ ရိုဟင်ဂျာတွေကတော့ မြန်မာနိုင်ငံထဲကို ပြန်မသွားနိုင်ပါဘူး။ တိုက်ခိုက်မှုတွေက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူးလို့ ယာဖစ်က ပြောပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကို ရောက်ရင်တော့ သူတို့အဖွဲ့ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ယာဖစ်က ပြောပါတယ်။
“မြန်မာစစ်တပ်နဲ့ အာဏာပိုင်တွေက ဆက်ပြီး နှိပ်စက်ညှဉ်းပန်းနေဦးမယ်ဆိုရင် ကျုပ်တို့ ဆက်တိုက်သွားမှာပါ။ အခြားရွေးချယ်စရာမရှိဘူး။ ကျုပ်တို့အဖွဲ့လည်း ဆက်ရှိနေဦးမယ်။ တကယ်လို့ ညှဉ်းပန်းတာတွေ ရပ်သွားမယ်ဆိုရင်တော့ ကျုပ်တို့အဖွဲ့ကို ဖျက်သိမ်းသွားမှာပါ” လို့ ယာဖစ်က ပြောပါတယ်။
ရိုဟင်ဂျာတွေရဲ့ ညီညွတ်မှုနဲ့ သူတို့အတွက် ထူထောင်ခဲ့
ARSA နဲ့ အစ္စလာမစ်အုပ်စုတွေ အကြား ဆက်စပ်မှုတွေရှိတဲ့အကြောင်းတွေ ထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှတ်တမ်းတွေနဲ့ လူမှုမီဒီယာတွေမှာ မြင်တွေ့ရသူ ARSA ရဲ့ လူသိများတဲ့ ခေါင်းဆောင် အတာအူလာအဘူအာမာဂျူနန်နီဟာ ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့မှာ အတော်ကြာနေထိုင်ခဲ့ပြီး အခြားစစ်သွေးကြွ အုပ်စုတွေရဲ့ အထောက်အပံ့ကို ရဖို့ကြိုးစားခဲ့တယ်လို့ သူရဲ့ လှုပ်ရှားမှုတွေအကြောင်းကို အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့တယ်။
“ရိုဟင်ဂျာတွေရဲ့ ဒုက္ခတွေကို ပါးစပ်လေးနဲ့ပဲ စာနာပြနေပြီး ထိရောက်တဲ့ အကူအညီတွေမပေးခဲ့တဲ့ ဂျီဟတ်အဖွဲ့တွေကို ယုံကြည်မှု လုံးဝမရှိတော့ဘဲ စိတ်အားထက်သန်တဲ့ အမျိုးသားရေးဝါဒီတစ်ဦးအဖြစ် နိုင်ငံကနေ ထွက်လာခဲ့တာဖြစ်တယ်လို့ အတာအူလာကို ပါကစ္စတန်မှာ ၂ဝ၁၂ ခုနှစ်တုန်းက မြင်ခဲ့ရတဲ့ စစ်ဘက်သတင်းရင်းမြစ်များက ပြောပါတယ်” လို့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
အခုတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နေရာကို ပြည်ပတိုက်ခိုက်ရေးသမားတွေ ခေါ်လာလိမ့်မယ်လို့ ကျွမ်းကျင်သူ အချို့က ယူဆနေပေမယ့် ARSA ကတော့ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်အဖွဲ့တွေနဲ့ ဆက်နွှယ်မှုမရှိသလို အစ္စလာမစ်နယ်မြေထူထောင်မှုတွေ၊ ဘာသာရေး အသုံးချ တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
ဒီအဖွဲ့ရဲ့ အရင်နာမည်က Harakah al-Yaqin ဖြစ်ပြီး အခြားအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ သီးခြားစီအမြင်ခံရဖို့၊ ကမ္ဘာ့အသိုင်းအဝိုင်းက ထောက်ခံမှုကို ရရှိအောင်နဲ့ မြန်မာနိုင်ငံအတွင်းက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တစ်တန်းတည်းမြင်အောင် ARSA အမည်ကို ဒီနှစ် မတ်လက ပြောင်းလိုက်တာဖြစ်ပါတယ်။
“ကျုပ်တို့အဖွဲ့ကို ရိုဟင်ဂျာတွေနဲ့ ဖွဲ့စည်းပေါင်းစုထားတာပါ။ ကျုပ်တို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတယ်။ ဒါဟာကျုပ်တို့ရည်မှန်းချက်ပါ” လို့ အာလမ်က ပြန်လည်ချေပပြောဆိုပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က အကူအညီ၊ ငွေကြေး၊ လက်နက်တွေ ပေးနေသလားဆိုတာတော့ သူတို့နှစ်ယောက်လုံး မသိပါဘူး။ ARSA ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရှာယစ်ဖ်ကတော့ စစ်တကောင်းဒေသမှာ နေပုံရပါတယ်။
ARSA အဖွဲ့ သူတို့နယ်မြေမှာ လှုပ်ရှားမှုမရှိဘူးလို့ နယ်မြေရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အခိုင်အမာ ပြောပါတယ်။
သူတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိကြောင်း သူတို့က ပြောပါတယ်။ သူတို့ရဲ့ လက်ရှိအခက်အခဲဒုက္ခတွေဟာ သူတို့မဲပေးခွင့်မရခဲ့တဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကထက် ပိုမိုဆိုးရွားတယ်လို့ သတ်မှတ်ထားပါတယ်။
“ကျုပ်တို့ကတော့ သူ့ကို (ဒေါ်အောင်ဆန်းစုကြည်ကို) ရှုတ်ချပါတယ်။ သူတို့ ပါတီရွေးကောက်ပွဲမှာ အနိုင်ရပြီးကတည်းက အစိုးရက အရင်တုန်းကထက် ကျုပ်တို့ကို ညှဉ်းပန်းတော့တာပါပဲ” လို့ ရာဖစ်က ပြောပါတယ်။
ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် ဒီလိုဆက်ဆံခံရမှုတွေကြောင့် တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပါးစပ်နဲ့ ငြင်းခုံမှုတွေ ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အာလမ်က ပြောပါတယ်။
“ဘယ်သူတွေ ပျော်ပျော်၊ ဝမ်းနည်းနည်း၊ ကျုပ်တို့ကတော့ ညှဉ်းပန်းနှိပ်စက်ခံနေရတာပါပဲ။ လက်ရှိအခြေအနေတွေကြောင့် ကျုပ်တို့ခံစားရတယ်။ ဒါကြောင့် သူတို့ဘယ်လို ခံစားရတယ်ဆိုတာ ဂရုမစိုက်နိုင်တော့ပါဘူး” လို့ အာလမ်က ပြောပါတယ်။