အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဏာသိမ်းခေါင်းဆောင် ရွေးကောက်ပွဲစနစ် ပြောင်းလဲလို

စစ်တပ်စိတ်ကြိုက်ဖန်တီးထားသည့် အခြေခံဥပဒေကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က ထိုဥပဒေနှင့် သဟဇာတမဖြစ်သည့် လုပ်ရပ်တစ်ခု ထပ်လုပ်ဦးမည်ဟု ဆိုသည်။

မဲများသူအနိုင်ရသည့် ရွေးကောက်ပွဲစနစ် (First Past the Post – FPTP) ကို ဖျက်သိမ်းပြီး အချိုးကျကိုယ်စားပြုစနစ် ( Proportional Representation – PR) ကို ပြောင်းလဲကျင့်သုံးရန် ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြောင်း ဩဂုတ် ၂၄ စစ်ကောင်စီသတင်းစာများတွင် ဖော်ပြထားသည်။ 

လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို အလေးထားနိုင်ရန် အချိုးကျကိုယ်စားပြု (PR ) စနစ်ကို ပြင်ဆင်သွားမည်၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် သဘောထားများကိုက်ညီမှုတွင် လိုအပ်ချက်ရှိနေသည်ဟု သူက ဆိုသည်။ 

ထို့ပြင် ရွေးကောက်ခံကိုယ်စားလှယ်များကို ထိန်းချုပ်နိုင်သည့် Right to Recall ဥပဒေ အတည်မပြုနိုင်သည့် အချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့သည်ဟု ဆိုသည်။

PR စနစ်ကို အမြန်ကျင့်သုံးရန် စစ်တပ်လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းသည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း စတင်တောင်းဆိုခဲ့သည်။

လူအများအပြားထောက်ခံသည့် NLD ပါတီ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေတွင် ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုအဆိုကို ပြည်ခိုင်ဖြိုး၏ မိတ်ဖက်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ အမျိုးသားအမတ် ဒေါ်ခင်ဝိုင်းကြည်က စတင်တင်သွင်းခဲ့ပြီး တပ်ကိုယ်စားလှယ်များ၊ ပြည်ခိုင်ဖြိုးအမတ်များ၊ NDF အမတ်များက ထောက်ခံမှုဖြင့် အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိခဲ့သည်။ 

PR စနစ်ကျင့်သုံးလျှင် NLD အပြတ်အသတ်နိုင်မည်မဟုတ်ဟု ယူဆသူ အများအပြားရှိခဲ့သည်။

သို့သော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် PR စနစ်ကို မပြောင်းလဲနိုင်ခဲ့ဘဲ မဲအပြတ်အသတ်အနိုင်ရသည့် NLD ပါတီက အစိုးရဖွဲ့နိုင်ခဲ့သည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ လပိုင်းအလိုတွင်လည်း ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးက PR အရေး ထပ်မံတောင်းဆိုခဲ့သည်။၂၀၂၀ စက်တင်ဘာ ၁၄ ပါတီဗဟိုကော်တီအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ဦးသန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးသည် NLD ကို မရှုမလှရှုံးနိမ့်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးအတွက် အမတ်နေရာ ၃၃ နေရာသာ ရရှိခဲ့သည်။ NLD ပါတီက ၃၉၆ နေရာထိ ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်သည့် အမတ်အရေအတွက်ကို ကျော်သွားသည်။

နိုင်ငံတကာနှင့် ပြည်တွင်း လေ့လာစောင့်ကြည်ရေးအဖွဲ့များက တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ပြည်ခိုင်ဖြိုးခေါင်းဆောင်များက မျှတမှုမရှိကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၂၀၀ နီးပါး အကြာတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ထုတ်ဖော်ပြောကြားလိုက်သော PR စနစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အံဝင်ခွင်ကျမရှိ၍ ကျင့်သုံးရန် ခက်ခဲနေသည်ဟု ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမား ဦးအောင်ကျော်ဇံက ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံကိုက PR စနစ်အတွက်လုပ်ထားတာ မဟုတ်ဘူး။ FPTP ဆိုတဲ့ ရသူအကုန်ယူဆိုတဲ့ စနစ်အတွက် လုပ်ထားတာဖြစ်နေတဲ့အတွက်ကြောင့် ဒါကို ဖျက်ပြီးမှ ပြန်ပြင်ရမလား၊ ဒီနေရာမှာ အစားထိုးရမလားဆိုတာကို မသဲကွဲဘူး” ဟု စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပါတီနှင့် သဘောထားချင်းမတိုက်ဆိုင်၍ နုတ်ထွက်ထားသူ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ဇံက ပြောသည်။ 

“ပြည်သူလူထုရဲ့ ဆန္ဒအရပဲဖြစ်သင့်တာပေါ့။ ပြည်သူလူထုကိုယ်စား တရားဝင်ပါတီတွေရဲ့ ဆန္ဒအရပဲ ညှိနှိုင်းဆွေးနွေးပြီးတော့မှ လုပ်သင့်ပါတယ်။ တရားဝင်ပါတီဆိုတာက အခုရှိနေတဲ့ တရားဝင်လှုပ်ရှားနေတဲ့ပါတီတွေကို ဆိုလိုတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေ အားလုံးကို ဆိုလိုတာပါ”  

အာဏာသိမ်းစစ်ခေါင်းဆောင်က ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ဖြင့် ချမှတ်ဆောင်ရွက်နေသည်ဟု ပြောဆိုလေ့ရှိပြီး ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ နောက်ဆုံးအချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲပြန်လည်ကျင်းပသွားမည်ဟု ပါရှိသည်။

အာဏာသိမ်းမှုဆန့်ကျင်သူများ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန့်ကျင် ကန့်ကွက်နေကြစဉ်

၂၀၀၈ အခြေခံဥပဒေကို ဦးထိပ်ထားရမည်ဟု တဖွဖွပြောခဲ့သော စစ်ခေါင်းဆောင်သည် အခြေခံဥပဒေကို ဖျက်လို့ရသည်ဟု အာဏာမသိမ်းမီ ရက်ပိုင်းအလိုတွင် ပြောခဲ့သည်။

မဖြစ်မနေ ပင်စင်ယူရမည့် အချိန်တွင် စစ်ခေါင်းဆောင်က အာဏာသိမ်းရခြင်းမှာ တပ်ချုပ်ရာထူး ဆက်ယူနိုင်ရေးအတွက် အရေးပေါ်အခြေအနေကို ဖန်တီးလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု အများက ယူဆကြသည်။

စစ်အာဏာသိမ်းပြီး အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပွားနေသော၊ ကိုဗစ်ကပ်ဘေးဒဏ် ပြင်းပြင်းထန်ထန်ခံနေရသော မြန်မာနိုင်ငံသည် ကဏ္ဍပေါင်းစုံမှ ယိုယွင်းလျက်ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် သေဆုံးသည့် အရပ်သား ၁၀၀၀ ကျော်လာပြီဖြစ်သည်ဟု ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသမျှ လိုက်လံစုံစမ်းနေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။

ဖမ်းဆီးသတ်ဖြတ်မှုများအတွက် တာဝန်ရှိသော ဗိုလ်ချုပ်မှူးကြီးနှင့် ထိပ်တန်းစစ်ခေါင်းဆောင်တို့ကို ဒေသတွင်း မိတ်ဖက်နိုင်ငံများက ပေါင်းသင်းနေသော်လည်း အနောက်နိုင်ငံများက ပစ်မှတ်ထား ပိတ်ဆို့အရေးယူလျက်ရှိသည်။

စစ်တပ်အတွင်းတွင်လည်း အနိုင်ကျင့်မှု၊ အကျင့်ပျက်ခြစားမှု ကြီးမားလာပြီး လူထုနှင့် ပူးပေါင်းလိုသူ အများအပြားရှိနေရာ CDM ဟု ခေါ်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လာသူ စစ်သည် ၁၅၀၀ ရှိလာပြီဖြစ်သည်။

“ထွက်ပြေးခွင့်ရမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အလံတိုင်ပဲ ကျန်ခဲ့လိမ့်မယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ တပ်ရင်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ဗိုလ်ကြီးတစ်ဦးက ပြောသည်။ တပ်မှ နုတ်ထွက်ရန် စာတင်ထားသည်မှာ ခြောက်လကျော်ရှိလာပြီဖြစ်သော်လည်း ထွက်ခွင့်မရသေးကြောင်းလည်း ၎င်းဗိုလ်ကြီးက ပြောသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button