ရခိုင်ပြည်နယ်တွင် သြဇာ ဆက်လက်လွှမ်းမိုးရန် ကြိုးစားနေသည့် ရက္ခိုင့်တပ်တော် (AA)၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး သတင်းပေးပို့ကြရန် ယမန်နေ့ (သြဂုတ် ၂၃) တွင် ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူသတိပေးခဲ့သည်။
ဇူလိုင်နှင့် ဩဂုတ်လအတွင်း AA သည် ကိုဗစ်နိုင်တင်းထိန်းချုပ်ရန်အတွက် ပြည်နယ်တွင်း နေအိမ်တွင်နေထိုင်ရေး (Stay at Home) ကာလသတ်မှတ်ခြင်း၊ ပြဿနာများကို ဖြေရှင်းရန်အတွက် တရားစီရင်ရေးဌာန ဖွင့်လှစ်ထားခြင်းတို့နှင့် ပတ်သက်သည့် ကြေညာချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း ကျောက်ဖြူမြို့ ခလရ (၃၄)မှ တပ်ရင်းမှူးက ထိုသို့သတိပေးခဲ့ခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ULA/AA က ရပ်ကွက်တွေမှာ တရားစီရင်နေကြတာကို သိလားလို့ မေးတယ်၊ မသိဘူးလို့ ကျွန်တော်တို့ ဖြေခဲ့တယ်။ ပြီးတော့ အခြေစိုက်ရုံး၊ ရပ်ကွက်ရုံးတွေမှာ AA က တရားစီရင်မယ်ဆိုရင် သူတို့ (စစ်တပ်) ကို သတင်းပို့လို့ ပြောခဲ့တယ် ”ဟု အမည်မဖော်လိုသည့် ၎င်းက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အခြားရပ်ကွက်ချုပ်ရေးမှူးများကို ဆက်သွယ်ရာတွင် “နိုင်ငံရေးသတင်းဖြစ်သောကြောင့်”မီဒီယာများ၏ မေးမြန်းမှုကို မဖြေဆိုကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသဖြင့် အင်တာဗျူးဖြေဆိုရန် ငြင်းဆိုကြသည်။
ဒေသအခြေစိုက် နိရဉ္ဇရာသတင်းဌာနသတင်းတစ်ပုဒ်တွင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများကို ယမန်နေ့က တပ်ရင်း (၃၄) သို့ ခေါ်ယူကာ သတိပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုဗစ်နိုင်တင်းထိန်းချုပ်ကာကွယ်ရေးနှင့် တရားစီရင်ရေးကိစ္စရပ်များသည် ပြည်သူတို့၏ လိုအပ်ချက်ကို ဆောင်ရွက်ခြင်းသာဖြစ်ပြီး စစ်တပ်က အုပ်ချုပ်ရေးမှူးများကို ထိုသို့သတိပေးခြင်းမှာ အကျပ်ကိုင်သည့်ပုံစံ သက်ရောက်နေသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။
“ဒါဟာ ခြုံလို့ပြောရရင် ပြည်သူ့အကျိုးအတွက် လုပ်တာဖြစ်လို့ ဘယ်အဖွဲ့အစည်းဘက်က လုပ်လုပ်၊ အစိုးရဘက်က လုပ်တာဖြစ်စေ၊ AA ဘက်က လုပ်တာဖြစ်စေ ဒီအပေါ်မှာ ကန့်ကွက်တာတွေ၊ အနှောင့်အယှက်ပေးတာတွေ၊ တားမြစ်တာတွေကို မလုပ်သင့်လို့ ယူဆတယ်။ အဲလိုဆိုရင် နှစ်ဖက်ကြားမှာနေရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စိတ်အနှောင့်အယှက်ဖြစ်မယ်၊ တစ်စုံတစ်ရာအန္တရာယ်ကျရောက်မယ်လို့ ထင်လာရင် နုတ်ထွက်လာကြမယ်။ ဒီလိုဆိုရင် ဒေသတည်ငြိမ်အေးချမ်းရေးဟာ ပိုပြီးအခက်အခဲရှိလာမယ် ”ဟု ၎င်းက ဆိုသည်။
AA သည် ရခိုင်ပြည်နယ်တွင် ဒေသခံများအပေါ် ဩဇာသက်ရောက်မှုကြီးလာပြီး ပြီးခဲ့သည့် Stay Home ကာလများတွင် အများစုက လိုက်နာကြသည်။ စစ်တွေဒေသနေရာတချို့ကို လိုက်နာရန် ပျက်ကွက်သည်ဟုဆိုကာ AA က အသံဗုံးခွဲပြီး သတိပေးခဲ့သည်။
AA က အုပ်ချုပ်ရေးယန္တရားတည်ဆောက်နေသည့်အချိန်တွင် စစ်တပ်က စစ်အင်အားတိုးချဲ့ခြင်း၊ ပင်လယ်ပြင်တွင် လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံတို့က ယူဆလာသည်။
ဤအခြေအနေနှင့် ပတ်သက်ပြီး AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။
စစ်တပ်နှင့် AA သည် ပြီးခဲ့သည့် ၂၀၁၈ ၊ ဒီဇင်ဘာတွင် စတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ၊ နိုဝင်ဘာလ ပထမအပတ်တွင် တိုက်ပွဲရပ်တန့်သွားရာ လက်ရှိအချိန်ထိဖြစ်သည်။
သို့သော် စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များတစ်သိန်းကျော်မှာ မိမိနေရပ်သို့ လက်ရှိအချိန်အထိ မပြန်နိုင်ကြသေးပေ။
AA နှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသေးဘဲ စစ်အင်အားတိုးချဲ့နေရာမှ ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများကို ပေါ်ပေါ်ထင်ထင် ခေါ်ယူသတိပေးခဲ့ခြင်းမှာ အပစ်ရပ်ထားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။ Donate here > https://www.userroll.com/site/register/m1f6pen



