သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်ကို PDF က အလစ်အငိုက် ဝင်တိုက်

အိန္ဒိယ − မြန်မာနယ်စပ် တမူးမြို့မှ လေးမိုင်အကွာရှိ နယ်စပ်စစ်ဆေးရေးဂိတ်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့ (ဩဂုတ် ၂၃) နံနက်၌ တမူး PDF (ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က အလစ်အငိုက် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အဲ့ဒီဘက်မှာ စစ်ကောင်စီတွေက အမြဲလိုလိုတပ်စွဲထားတယ်။ မနက်အစောကြီး ဝေလီဝေလင်းကို အလစ်သွားတိုက်တာ” ဟု တမူး PDF အဖွဲ့ဝင်က Myanmar Now ကို ပြောသည်။ 

ထိုသို့သွားရောက်တိုက်ခိုက်ရာတွင် နံနက် ၅ နာရီခန့်မှ ၁၀ နာရီခန့်အထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ကလေးမြို့ဘက်မှ စစ်ကူလာသည့် စစ်ကားတစ်စီးကို တမူး PDF က  မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ စုစုပေါင်း ၂၀ ခန့် သေဆုံးသည်ဟု ၎င်းက ပြောသည်။

“စစ်တပ်ဘက်က ၂၀ ဝန်းကျင်လောက် သေတယ်။ ထပ်တိုးတွေလည်း ရှိနိုင်တယ်။ မိုင်းခွဲတိုက်ခိုက်တာက လောလောလတ်လတ် ၈ ယောက်ကျသွားတဲ့အပြင်ကို နောက်ထပ် သေနတ်ထိတာတွေရော၊ ဗုံးထိတာတွေရောဆိုတော့” ဟု တမူး PDF အဖွဲ့ဝင်က ပြောသည်။ 

ယနေ့တွင် တမူး PDF ဘက်မှ တစ်ဦးသေဆုံးပြီး ရှပ်ထိဒဏ်ရာရရှိခဲ့သူ နှစ်ဦးရှိကာ ၎င်းတို့ကို ဆေးကုသမှုပေးနေကြောင်းလည်း ၎င်းက ပြောသည်။ 

တမူး PDF က အလစ်အငိုက် ဝင်တိုက်ခဲ့သည့် ၄ မိုင်စစ်ဆေးရေးဂိတ်သည် အိန္ဒိယဘက်မှ မြန်မာဘက်သို့ တင်သွင်းသည့်ပစ္စည်းများ စစ်ဆေးသည့် နေရာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အကောက်ခွန် စသည့် ဌာနပေါင်းစုံဝန်ထမ်းများရှိကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားကိုမူ မသိရှိရပေ။

စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ တမူးမြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးသူအရေအတွက်နှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ယမန်နေ့ (သြဂုတ် ၂၂) တွင်လည်း တမူးမြို့၊ မြို့မ ၁၂ ရပ်ကွက်၊ နန်းဖာလုံအထက်တန်းကျောင်းခွဲတွင် တပ်စွဲထားသည့် စစ်တပ်ကို တမူး PDF က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲကြောင့် တမူးမြို့ပေါ်တွင် လူအသွားအလာမရှိသလောက် နည်းပါးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။  

“တမူးက တိတ်ဆိတ်သွားပြီ။ လမ်းမှာလည်း ခြောက်ကပ်သွားပြီ။ လူတွေလည်း မရှိတော့ဘူး။ ပစ်ခတ်မှုက တမူးကနေ ၄ မိုင်အကွာမှာ ဖြစ်တာပါ။ မနက်တုန်းက ပစ်သံခတ်သံတွေ ကြားရတယ် ” ဟု အဆိုပါ မြို့ခံအမျိုးသားက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ဒေါက်တိုင်များကို နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားမည်ဟု PDF (တမူး) က ဩဂုတ် ၂၂ တွင် ထုတ်ပြန်ကြေညာထားသည်။ 

Related Articles

Back to top button