
ယခုလအတွင်း စစ်ကောင်စီတပ်က ကရင်တိုင်းရင်းသားများနေထိုင်သည့် ဒေသအသီးသီးကို ထိုးစစ်ဆင် တိုက်ခိုက်လာနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ယနေ့ (သြဂုတ် ၂၃) တွင် ပြောသည်။
“(KNU က) အသင့်အနေအထားမှာ ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့် အစွမ်းကုန် ခုခံပိုင်ခွင့်ဆိုတာကလည်း ကျွန်တော်တို့ ဗဟိုကော်မတီက ဆုံးဖြတ်ထားတဲ့ဟာပဲ။ အဲ့ဒါကြောင့်မို့လို့ ကိုယ့်နယ်မြေနဲ့ ပတ်သက်လို့ ကျွံလာပြီဆိုတာနဲ့ ဘာမှ အမိန့်စောင့်စရာ မလိုဘူး။ စစ်သားက စစ်သားအလုပ်ပဲ လုပ်မှာလေ။ ဒါက ရှင်းရှင်းလေးပဲ ”ဟု ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။
စစ်ရေးလှုပ်ရှားမှုအနေဖြင့် နယ်မြေများကို ယခင်ကတည်းက သတ်မှတ်ပြီးဖြစ်၍ စစ်တပ်က နယ်မြေကျော်လွန်လာလျှင် တိုက်ပွဲများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆိုသည်။
KNU ၏ သထုံခရိုင် တပ်မဟာ (၁) ၊ တောင်ငူခရိုင် တပ်မဟာ (၂) ၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃) ၊ ဖာပွန်ခရိုင် တပ်မဟာ (၅) တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖာပွန်ဒေသတွင် တိုက်ပွဲ အများဆုံးဖြစ်ပွားနေသည်။
KNU ၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့က စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ဩဂုတ်လအတွင်းမှစ၍ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေ၌ စစ်ရေးလှုပ်ရှားမှု ရှိလာပြီး ဒူးပလာယာခရိုင် (မွန်ပြည်နယ်၊ ရေးမြို့နယ်) တပ်မဟာ (၆) နယ်မြေတွင် ထိုးစစ်ဆင်မှုများ ရှိလာသည်။
ထိုးစစ်ဆင်ခံနေရသည့် တပ်မဟာ (၆) နယ်မြေ
ယနေ့ (ဩဂုတ်၂၃) မနက်တွင် တပ်မဟာ (၆) နယ်မြေ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရွာသားများ ထွက်ပြေးနေရသည်ဟု ဒူးပလာယာခရိုင်၊ အတွင်းရေးမှူး ပဒိုစောလစ္စတန်က Myanmar Now ကို ပြောသည်။
ကော့ကရိတ်မြို့ တောင်ဘက် ၂ မိုင်အကွာ ကမိုင်ကုန်းနှင့် အံဖကြီးရွာများ အနီးတဝိုက်ကို ယနေ့ မနက် ၁၁ နာရီ ဝန်းကျင်မှစ၍ တစ်နာရီခန့်ကြာအထိ စစ်တပ်က လက်နက်ကြီး အလုံး ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
” ကျွန်တော်တို့က ဒီဘက်ကို မလာပါနဲ့။ ဒီကာလက အပစ်အခတ်တွေရပ်စဲထားလို့ မကျူးကျော်ပါနဲ့လို့ ပြောတယ်၊ ဟန့်တားထားတယ်။ အခုတော့ ဆက်မတိုးသေးဘူး။ တိုးမယ့်အလားအလာရှိလားတော့ မပြောတတ်ဘူး။ အဲဒါကို သူတို့(စစ်တပ်)က လက်နက်ကြီးနဲ့ပစ်နေတာ။ အခုတင်ပဲ ရပ်သွားတယ်”ဟု ပဒိုစောလစ္စတန်က ယနေ့ ညနေ ၃ နာရီခန့်တွင် ပြောသည်။
“KNU ကတော့ သွားပြီးတော့ မပစ်ဘဲလေ။ ကိုယ့်နေရာနဲ့ ကိုယ်နေတာ။ သူတို့ကတော့ ရွာဘက်ကို ဦးတည်ပြီး ပစ်နေတာ။ ရွာသားတွေ ထွက်ပြေးနေရတာပေါ့လေ”
ကော့ကရိတ်မြို့ဘက်မှ တက်လာသည့် စစ်တပ်စစ်ကြောင်းသည် ကော့ကရိတ်-ကျိုက်ဒုံလမ်းမကြီး၏ အဝင်အထွက်နေရာဖြစ်သည့် ကမိုင်ကုန်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရွာသူရွာသား ထောင်ဂဏန်းခန့် ထွက်ပြေးနေရသည်။
တိုက်ပွဲအပြီး ကမိုင်ကုန်းရွာအနီးမှ ကော်သနော့ကျေးရွာဥက္ကဋ္ဌ စောကျော်သိန်းနှင့် အတွင်းရေးမှူး စောကျော်ဘိုး တို့ကို စစ်တပ်က ဖမ်းခေါ်သွားပြီး အမျိုးသားများကို ပေါ်တာလိုက်ဆွဲနေသည်ဟု KNU ဒူးပလာယာခရိုင်- သတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ယနေ့ ညပိုင်း၌ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၁ တွင် အင်အား ဆယ်ဂဏန်းခန့်သာရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာရှိ အခြေစိုက်တပ်စခန်းတစ်ခုကို စွန့်ခွာသွားပြီးနောက် တပ်မဟာ (၆) နယ်မြေအတွင်း ကျူးကျော်ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ပဒိုစောလစ္စတန်က ပြောသည်။
ယမန်နေ့ (ဩဂုတ် ၂၂) ညနေ ၃ နာရီခန့်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ရွာဘက်မှ တက်လာသည့် စစ်တပ်သည် ကွင်းကလေးရွာဘက် ချီတက်လာသောကြောင့် KNU အနေဖြင့် အပစ်အခတ်ရပ်စဲထားသဖြင့် ရှေ့တိုးမလာရန် အကြောင်းကြားခဲ့သော်လည်း စစ်တပ်က လိုက်နာခြင်းမရှိဟု ၎င်းက ဆိုသည်။
“သင်္ဃန်းညီနောင်ဘက်က တပ်တွေက ကွင်းကလေးဘက်ကို စစ်ကြောင်းတက်သွားတယ်။ ကျွန်တော်တို့ အောက်ခြေရဲဘော်တွေရှိတဲ့ နယ်မြေဘက်ကို ကျော်တာ။ တိုက်ပွဲတော့ဖြစ်သွားတယ်။ ရင်ဆိုင်တိုက်ပွဲဖြစ်သွားတယ်။ သူတို့ကို အဲဒီနယ်ထဲကို မဝင်ပါနဲ့ တားထားတာ။ ဝင်လို့ပစ်တာပေါ့”ဟု ၎င်းက ဆက်ပြောသည်။
KNU တပ်မဟာ (၆) နယ်မြေတွင် စစ်အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို လက်ခံထားသည်ဟု စွပ်စွဲ၍ ရှင်းလင်းရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု ကြားသိရကြောင်း၊ အဆိုပါအမိန့်ကြောင့် ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ပဒိုစောလစ္စတန်က သုံးသပ်သည်။
အခြားတပ်မဟာများ
ဖာပွန်ဒေသ တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လ ရက်သတ္တပတ် သုံးပတ်အတွင်း စစ်တပ်ဘက်မှ ၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ တွင် စစ်တပ် ခြေမြန်တပ်ရင်း (ခမရ ၄၀၇၊ ၄၀၈) နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့က ကမမောင်း-ဖာပွန်ကားလမ်း လုံခြုံရေးအကြောင်းပြကာ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းမှ ရွာ ၄ ရွာအတွင်း လက်နက်ကြီးကျည် အလုံး ၃၀ ၊ လက်နက်ငယ်ကျည် ၁၀၀၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ (၅) က ထုတ်ပြန်ခဲ့သည်။
ဖာပွန်ဒေသတွင်း ဩဂုတ် ၂၁နှင့် ၂၂ နှစ်ရက်အတွင်း KNLA နှင့် နယ်မြေကျော်လာသည့် စစ်တပ်တို့ တိုက်ပွဲ ၉ ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရကြောင်း၊ KNLA ဘက်မှ အကျအဆုံးမရှိကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် တပ်မဟာ (၁) နယ်မြေအတွင်း ဩဂုတ်လဆန်းမှစ၍ စစ်ရေးတိုးချဲ့မှုများပြုလုပ်နေပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း BGF နှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေသည်။ ဩဂုတ် ၂၁ ညနေ ၄ နာရီကျော်ခန့် ကလည်း ဘီလင်းမြို့နယ်၊ ဝါးသိုးပွာကျေးရွာအနီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စစ်တပ်က ပစ်ခတ်ခဲ့သည်။
၂၀၁၅ တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို KNU လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲများရပ်သွားသော်လည်း ၂၀၁၈ မှစ၍ စစ်တပ်၏ နယ်မြေကျော်လွန်မှုကြောင့် တိုက်ပွဲပြန်ဖြစ်ပွားခဲ့သည်။
ထို့နောက် ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် KNU နယ်မြေ ၇ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၃) နှင့် တပ်မဟာ (၅) နယ်မြေများကို မတ်လအတွင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၂၀ သေဆုံးခဲ့ရသည်။
NCA ဖြင့် အကောင်းဆုံးကြိုးစားခဲ့ဟု KNU ဆို
KNU အနေဖြင့် ၂၀၁၁ ကတည်းက အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးရေးတို့ကို အကောင်းဆုံးကြိုးစားဆောင်ရွက်ခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့်နည်းဖြင့် နိုင်ငံရေးလမ်းစများကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်ကြောင်း၊ KNU အနေဖြင့် ပြည်သူများနှင့် တစ်သားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
“ ကျွန်တော်တို့က လုပ်စရာရှိတာ လုပ်မှာပဲလေ။ စစ်အာဏာသိမ်းမှုကိုလည်း ဆန့်ကျင်တယ်။ နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်မယ်။ ကိုယ့်နယ်မြေမှာ ကြုံလာရင်လည်း ကျွန်တော်တို့က ရပ်ကြည့်နေမှာ မဟုတ်ဘူး၊ လုပ်စရာရှိတာ လုပ်သွားပါမယ်။ ပြည်သူလူထုကိုလည်း အားပေးပါတယ် ”ဟု ပဒိုစောတောနီးက ပြောသည်။
၁၉၈၈ ကတည်းက စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်က ဖြိုခွင်းနှိမ်နင်းကာ မြို့ပေါ်ဆန္ဒပြပွဲများငြိမ်သွားပါက တိုင်းရင်းသားများကို ထိုးစစ်ဆင်လေ့ရှိကြောင်း၊ ယခုတစ်ကြိမ်တွင်မူ မြို့ပေါ်ဆန္ဒပြပွဲများမှာလည်း ငြိမ်မသွားသည့်အပြင် စစ်တပ်က နယ်မြေကျူးကျော်ထိုးစစ်ဆင်လာမည်ဆိုပါက ခုခံကာကွယ်ရန် ပြင်ဆင်ထားသည်ဟု ပဒိုစောတောနီးက ပြောသည်။
“မြို့ပေါ်မှာလှုပ်ရှားမှုကို နှိမ်နင်းတယ်ဆိုတာ အခုမြို့ပေါ်မှာ ခြောက်လကျော်ပြီလေ။ လှုပ်ရှားမှုတွေက သေမှ မသေသွားဘဲ၊ ရန်ကုန်မှာ နေ့တိုင်းရှိနေတဲ့ကိစ္စ။ အဲ့ဒါကြောင့်မို့လို့ ဟိုမှာလည်း စစ်ဆင်ရေးရှိတယ်။ ဒီမှာလည်း စစ်မျက်နှာထဖွင့်မယ်ဆိုရင်တော့ ဒါကလည်း သူ့သဘောပဲလေ။ ဒီမှာတော့ ကိုယ့်ဘာသာကို ကာကွယ်ပိုင်ခွင့်က အပြည့်အဝရှိနေတာပဲ”
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက အစဉ်တစိုက် ရပ်တည်ပြောဆိုလာခဲ့သော်လည်း အာဏာသိမ်းပြီးခြောက်လကျော်အကြာတွင် တွေ့ဆုံဆွေးနွေးရေးအပေါ် မျှော်လင့်ချက်ထားမရနိုင်တော့ကြောင်း ဩဂုတ် ၁၂ က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုသို့ KNU ဘက်မှ ပြောဆိုမှုများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိဘဲ ကရင်ပြည်နယ်လှုပ်ရှားမှုအခြေအနေများကို သတင်းအမှောင်ချထားသည်။
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။