အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး စမ်းသပ်ပစ်ခတ်

တိုက်ပွဲများရပ်တန့်နေသော ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အင်အားတိုးချဲ့မှုများနှင့် စောင့်ကြည့်မှုများပြုလုပ်နေချိန် စစ်ကောင်စီရေတပ်က ရခိုင်ပင်လယ်ပြင်တွင် ၃ ရက်ကြာ လက်နက်ကြီး ပစ်ခတ်စမ်းသပ်နေသည်။ 

သြဂုတ် ၂၁ မှ ၂၃ အထိ စစ်တပ် စစ်ရယာဉ်က စစ်တွေမြို့နယ် သဲချောင်း၊ ပလ္လင်ပြင် ကျေးရွာအနီး ပင်လည်ပြင်မှ နောက်ဘက် ၁၀ မိုင်ခန့်အကွာသို့ စမ်းသပ်ပစ်ခတ်နေခြင်း ဖြစ်သည်။

ထိုနေရာများသည်  စစ်တွေခရိုင်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော စသည့် မြို့နယ်များနှင့် ထိစပ်နေသော ပင်လယ်ပြင် ဖြစ်ပြီး ထိုနေရာသို့ ငါးဖမ်းစက်လှေများကို သွားလာခြင်းမပြုလုပ်ကြရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှတစ်ဆင့် သတိပေးတားမြစ်ထားကြောင်း သိရသည်။

သြဂုတ် ၂၁ ညနေပိုင်းတွင် စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ရေလုပ်ငန်းလုပ်ကိုင်နေသူများအား ပင်လယ်ပြင်သို့ မထွက်ကြရန် ညွှန်ကြားထားကြောင်း ငါးဖမ်းစက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှထွန်းစိန်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့အကြောင်းကြားလာသည့်အတွက် လက်နက်ကြီးများ ပစ်ခတ်စမ်းသပ်မည့်ဘက်သို့ ထွက်သွားကြသည့် ငါးဖမ်းစက်လှေများကို ဆက်သွယ်အသိပေးခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ငါးလုပ်ငန်းဦးစီးဌာနက ကျွန်တော်တို့က မနေ့ကပြောထားတယ်။ သဲချောင်းကျေးရွာနဲ့ ပလ္လင်ပြင်ကျေးရွာအနီးက ပင်လယ်ပြင်ကနေ နောက်ဘက် ၁၀ မိုင်အကွာကိုပစ်မယ်လို့ ပြောပါတယ်။ အဲဒီဘက်ကို ထွက်သွားတဲ့ ဘုတ် (စက်လှေ) တွေကို လည်း ဖုန်းဆက်ပြီး ကြောင်းကြားထားတယ်” ဟု ဦးလှထွန်းစိန်က ပြောသည်။

 လက်နက်ကြီးပစ်ခတ်သံများကို ယမန်နေ့က မကြာခဏ ကြားနေရသည်ဟု ပေါက်တောမြို့နယ်က  ဆံတော်ရှင်ဘုရားတည်ရှိ ကျွန်းအနီးတွင် ငါးဖမ်းနေသူတစ်ဦးက ပြောသည်။

“လက်နက်ကြီးပစ်သံက ကြားရတဲ့အချိန်ကြားရတယ်။ မကြားရတဲ့အချိန်လည်းမကြားလိုက်ရဘူး။ ဒီနေ့ ၈ ကြိမ် ၉ ကြိမ်လောက် ကြားလိုက်ရတယ်” ဟု အဆိုပါ ငါးဖမ်းသမားက ဆိုသည်။

အာဏာသိမ်းပြီးနောက် နှစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၁၉ တွင် စစ်ကောင်စီက မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာ စခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် စစ်ကောင်စီက အမြောက်ပစ်လေ့ကျင့်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးပိုင်းကို လုပ်ဆောင်နေစဉ် စစ်ကောင်စီတပ်က ဩဂုတ် ဒုတိယပတ်မှစ၍ မြောက်ပိုင်းမြို့နယ်တချို့တွင် လက်နက်၊ ရိက္ခာနှင့် လူအင်အားများ တိုးချဲ့လာသည့်အပြင် လက်နက်ကြီးပစ်ခတ်စမ်းသပ်ခြင်းများပါ လုပ်ဆောင်လာခြင်းဖြစ်သည်။

ထိုသို့ တိုက်တိုက်ဆိုင်ဆိုင် ပစ်ခတ်စမ်းသပ်ခြင်းမှာ စစ်ရေးအရ ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများလည်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စစ်တွေအခြေစိုက် ရခိုင်မျိုးနွယ်စုများအစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။

“နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်ခုအနေနဲ့တော့ လက်နက်တွေကို စမ်းသပ်ပစ်ခတ်တာက လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အခုအချိန်မှာ AA က အုပ်ချုပ်ရေးတွေ၊ တရားရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်လုပ်တယ်ဆိုတာ စစ်ရေးအရ ဖိအားပေးတာမျိုး၊ ခြိမ်းခြောက်တာမျိုးသဘောထား ပါကောင်းလည်းပါနိုင်တယ်။ သမားရိုးကျလုပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ဦးဇော်‌ဇော်ထွန်းက ပြောသည်။

လက်နက်ကြီးပစ်ခတ်စမ်းသပ်ခြင်းကို မည်သည့်အတွက်ကြောင့်ပြုလုပ်သည်ဖြစ်စေ လက်ရှိတွင် ပြည်သူလူထုများအနေဖြင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် စိတ်မသက်မသာဖြစ်နေသည့်အချိန်တွင် ထိုသို့ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းမှာ လူထုအပေါ် စိုးရိမ်မှုများစေကြောင်း ဦးဇော်ဇော်ထွန်းက မှတ်ချက်ပြုသည်။

လက်နက်ကြီးများပစ်ခတ်စမ်းသပ်နေသောကြောင့် ဒေသခံကျေးရွာသားများနှင့် ရေလုပ်သားများကို ပင်လယ်ပြင်နှင့် ကမ်းခြေဘက် မသွားကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းဖြင့်ဆက်သွယ်ကာ အကြောင်းကြားလာကြောင်း ရသေ့တောင်မြို့နယ် မယူကမ်းဒေသ၊ ကုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဌေးက ပြောသည်။

“ကျွန်တော်တို့ ကျေးရွာအုပ်ချုပ်ရေးပိုင်းက စာရေးကြီးဆီကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဖုန်းနဲ့ ပြောတယ်လို့ သိရပါတယ်။ လက်နက်ကြီး စမ်းသပ်ဖို့လို့ ပြောပါတယ်။ ဘယ်အချိန်ပစ်မယ်ဆိုတာကိုတော့ မပြောဘူး။ ရွာက လူတွေကိုတော့ ကမ်းခြေတွေနဲ့ ပင်လယ်ပြင်တွေကို မသွားဖို့မှာထားပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုသို့ စစ်တပ်၏ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မှုနှင့် AA အကြား ဆက်စပ်မှုရှိမရှိ မသိရသေးပေ။ 

AA စစ်ဦးစီးချုပ်က ​​စစ်တပ်၏ စစ်ရေးလှုပ်ရှားလာခြင်း၊ ခြိမ်းခြောက်လာခြင်းတို့ကြောင့် သတိထားစောင့်ကြည့်နေသည်ဟု သြဂုတ် ၁၅ တွင် အမေရိကန်အခြေစိုက် အာရက္ခမီဒီယာနှင့် အွန်လိုင်းဆက်သွယ်မေးမြန်းခန်း၌ ဖြေကြားထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button