
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် စိုက်ပျိုးရေးဆေးရောင်းပြီး ပြန်လာသည့် ဇနီးမောင်နှံနှစ်ဦးကို ခင်ဦးမြို့နှင့် ကံသာယာရွာကြားတွင် ယမန်နေ့ည(ဩဂုတ်၂၁) ည ၈ နာရီခန့်က စစ်ကောင်စီက ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။
ပစ်သတ်ခံရသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုမောင်အေးနှင့် အသက် ၃၆ နှစ်အရွယ် သူနာပြုဆရာမ မနွဲ့နွဲ့တို့လင်မယားဖြစ်ပြီး ခင်ဦးမြို့နယ်အတွင်းရှိ ကံသစ်ရွာနေအိမ်သို့ ပြန်လာစဉ် လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ကာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက အတည်ပြုသည်။
ကိုမောင်အေးတွင် ဦးခေါင်းပွင့်ဒဏ်ရာ၊ အမျိုးသမီးတွင် ဝမ်းဗိုက်ထုတ်ချင်းပေါက်ဒဏ်ရာများ တွေ့ရသည့်အပြင် နှစ်ဦးစလုံး၏ မျက်နှာတွင် သေနတ်ဒင်ဖြင့် ရိုက်နှက်ခံရဖွယ်ရှိသည့် ဒဏ်ရာများတွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
“လင်မယားနှစ်ယောက်စလုံးက အလုပ်ပြန်လာတာ။ အဲဒီအချိန်ပြန်နေကျ မနေ့ကကျတော့ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတာ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့နောက် ယနေ့(ဩဂုတ် ၂၂) နံနက်ပိုင်း၌ ခင်ဦးမြို့နယ်ဆေးရုံမှတစ်ဆင့် မိသားစုထံ အလောင်းထုတ်ပေးချိန်တွင် ကိုမောင်အေးတို့ ဇနီးမောင်နှံနှင့်အတူပါသည့် ငွေကျပ် ၁,၄၇၀,၀၀၀ အနက် ကျပ် ၇၀,၀၀၀- ကိုသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်ပေးကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
“သူတို့ အလောင်းပြန်ပေးချိန်ပြောတာတော့ လက်နက်နဲ့ ပြန်ခုခံလို့ လုပ်ရတယ်ပေါ့။ ဒီရိုးသားတဲ့ တောသူတောင်သားတွေက ဘာလက်နက်ရှိမှာလဲ။ ဘာခုခံစရာရှိလဲ။ ငွေ၁၇သိန်းကလည်း ပြန်မပါလာဘူး။ ငွေတွေလိုချင်လို့ သတ်တယ်လို့ပဲ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
အခင်းဖြစ်ပွားစဉ် မျက်မြင်တွေ့ရှိသူ ရှိမရှိကို ဆက်သွယ်စုံစမ်း၍ မရသေးသလို ကိုမောင်အေးတို့ ဇနီးမောင်နှံနှင့်အတူ ပါလာသည့် ငွေကြေးပမာဏနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကိုမောင်အေးတို့ ဇနီးမောင်နှံ၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက ကံသစ်ရွာသုသာန်တွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ၎င်းတို့တွင် အသက်သုံးနှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်သည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ခင်ဦးမြို့တွင် စစ်ကောင်စီ၏ ပစ်ခတ်ဖြိုခွင်းမှုများနှင့် ကြုံရပြီးနောက် ပြည်သူအချို့ အသက်သေဆုံးသည်အထိ ဖြစ်နေရချိန်တွင် စစ်တပ်သတင်းပေး(ဒလန်)ဟု ယူဆသူအချို့ သတ်ဖြတ်ခံရမှုများလည်း ရှိလာနေသည်။
ကိုမောင်အေးတို့ ဇနီးမောင်နှင့် ပစ်သတ်ခံရသည့် ယမန်နေ့(ဩဂုတ်၂၁)တွင် ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့် ထွက်ပြေး၍ စစ်တပ်က ပိုက်စိပ်တိုက်လိုက်ရှာနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။