
စစ်ကောင်စီတပ်များ ကချင်ပြည်နယ်၊ ဗန်းမော်တွင် ရောက်ရှိနေရာ ဒေသတွင်း မည်သည့်နေရာသို့ ထိုးစစ်ဆင်မည်ကို မခန့်မှန်းနိုင်သေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
“အလော့ဘွမ်ကို တက်လာမလား၊ လိုင်ဇာကို တက်မလား၊ မိုင်ဂျာယန်ဘက်ကို ထိုးမလား၊ ဒါကတော့ ခန့်မှန်းလို့တော့ မရပါဘူး။ ဒါပေမယ့် အောက်ပိုင်းကနေ ကချင်ပြည်နယ်ဘက်ကို တက်လာတယ် ဆိုတာလောက်ပဲ ပြောလို့ရမှာပါ ” ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
စစ်တပ် စခန်းချထားသည်မှာ နှစ် ၃၀ ကျော်ကြာမြင့်လာပြီဖြစ်သည့် အလော့ဘွမ်ဗျူဟာကုန်းမှာ မြန်မာ-တရုတ် နယ်စပ် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်ဒေသတွင် တည်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ် ၂၅ တွင် KIA က ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။
ထိုသို့သိမ်းလိုက်ပြီးသည့်နောက် ဧပြီလတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများဖြင့် အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း KIA က ထိုစစ်စခန်းကို ယနေ့အချိန်ထိ ဆက်လက်တပ်စွဲထားဆဲဖြစ်သည်။
ဧပြီနောက်ပိုင်းတွင် စစ်ကောင်စီက အလော့ဘွမ်ကို ထပ်မံ ထိုးစစ်ဆင်ခြင်းမရှိသေးဘဲ ကချင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့လာခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“(စစ်ကြောင်း) ထိုးတာကတော့ တောင်ခြေရင်းမှာပေါ့၊ မြို့သစ်ကုန်းကနေ ထိုးတာကတော့ ခဏခဏ ထိုးကြည့်တာပေါ့နော်။ ဒါပေမယ့် တောင်ကုန်းတွေကို သူက မတက်နိုင်တဲ့အခါကျတော့ ပြန်ဆုတ်ပြီးတော့ ဖြစ်နေတာ။ လေယာဉ်ပျံနဲ့ ပစ်နေတာတွေ ဒါမျိုးတွေလုပ်တာ” ဟု ဧပြီအတွင်း စစ်ကောင်စီ၏ ထိုးစစ်အခြေအနေကို ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်အခြေစိုက် KIA တပ်မဟာ ၄၊ မုံးကိုးအခြေစိုက် တပ်မဟာ ၆ နှင့် တာမိုးညဲအခြေစိုက် တပ်မဟာ ၁၀ ဒေသများတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ၏ ထောက်ပို့တပ်များနှင့် ဗန်းမော်အခြေစိုက် KIA တပ်မဟာ ၃ တို့အကြား ရွှေကူမြို့အနီး မြစ်ကျဉ်းနှင့် ထီးချိုင့်ဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ကုန်းလမ်းမှ တက်လာသည့် စစ်ကောင်စီ ထောက်ပို့တပ်များဖြင့်လည်း အင်းတော်ကြီးအခြေစိုက် တပ်မဟာ ၈ နှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
KIA ဌာနချုပ်ရှိရာ လိုင်ဇာကို ထိန်းချုပ်နိုင်ရန်အတွက် အလော့ဘွမ်စစ်စခန်းကို စစ်ကောင်စီက ပြန်လည်ရရှိရန် ကြိုးစားနေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများနိုင်သည်ဟု CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်လာသူ တပ်အရာရှိများ၊ စစ်ရေးလေ့လာသူများက သုံးသပ်သည်။
စစ်ရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က လိုင်ဇာကို ထိန်းချုပ်နိုင်ရေးအတွက် အလော့ဘွမ်တောင်ကုန်းကို ပြန်လည်ရရှိရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရေးလှုပ်ရှားမှုများ တရုတ်နယ်စပ်သို့ ရောက်ရှိသွားနိုင်သည့်အတွက် မြန်မာစစ်တပ်အတွက် အခက်အခဲရှိနေသည်ဟု သုံးသပ်သည်။
“အလော့ဘွမ်က လိုင်ဇာနဲ့ နိမ့်တဲ့တောင်ကြောတစ်ကြောပဲ ကြားမှာ ရှိတော့တယ်။ အဲ့ဒီနေရာကနေပြီးတော့ KIA ဗဟိုဌာနချုပ်ရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်တဲ့ဟာတွေ အများကြီးရှိတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၆ လအတွင်း စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်ဖြင့် အလော့ဘွမ်ကို ၃ ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အလော့ဘွမ်စခန်းရှိ KIA တပ်များတွင် ကျည်နှင့် ရိက္ခာသာ အလုံအလောက်ရှိပါက ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်များကသာ အကျအဆုံးများမည်ဟု ယူဆကြောင်း ပြောသည်။
လိုင်ဇာဌာနချုပ်မှာ စခန်းအရှင်အဖြစ် ထားရှိထားခြင်းသာဖြစ်ပြီး ရွှေ့ပြောင်းနိုင်သည့် စခန်းများလည်း အဆင်သင့်ဖြစ်နေသည်ဟု ကြားသိထား၍ စစ်ကောင်စီက လိုင်ဇာအထိ ထိုးစစ်ဆင်မည်ဟု မယူဆကြောင်း ၎င်းက ပြောသည်။
“လိုင်ဇာကို သွားအနှောင့်အယှက်ပေးချင်တယ်။ ပေါချောင်ကောင်းရရင်တော့ သိမ်းမှာပေါ့ဗျာ၊ KIA ကို အရှိုက်ထိုးနိုင်တယ်ဆိုပြီး နိုင်ငံတကာကို ပြသနိုင်တဲ့ကိစ္စဖြစ်တာကို” ဟု ၎င်းက ပြောသည်။
အလော့ဘွမ်ကို စစ်ကောင်စီက ထပ်မံထိုးစစ်ဆင်ခြင်းမရှိသေးသော်လည်း KIA နှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကျဆုံးစာရင်းကို မထုတ်ပြန်သေးပေ။
ဇူလိုင် ၂၉ ညပိုင်းက ဝိုင်းမော်ရှိ ခလရ ၅၈ တပ်၊ မိုးကောင်းစစ်ဆေးရေးဂိတ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုရုံး စကခ (၃) တို့ကို KIA က တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထိုနေ့ညတွင် KIA ဌာနချုပ် လိုင်ဇာဘက်ကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။
ဩဂုတ် ၃ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ်အတွင်း နာရီပေါင်းများစွာကြာအောင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး KIA ဌာနချုပ် လိုင်ဇာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို အတည်ပြုထားသည်။
ဩဂုတ် ၁၈ ညပိုင်းက ဝိုင်းမော်မြို့နယ် အခြေစိုက်တပ်ရင်း ခလရ ၅၈ က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့ပေါ်ရှိ ရပ်ကွက် ၃ ခုကို ကျည်ကျပြီး လူနေအိမ်တစ်လုံး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။
KIA က လာရောက်တိုက်ခိုက်နိုင်၍ တိုက်ပွဲဖြစ်နိုင်ခြေရှိပြီး ဘေးလွတ်ရာသို့ ရှောင်ကြရန် မဒိန်ရွာနှင့် လဘန်ရွာများကို ခလရ ၅၈ က ဩဂုတ် ၁၅ တွင် အသံချဲ့စက်ဖြင့် လိုက်လံဆော်သြခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က အပစ်ရပ်ကြေညာချက်ကို အကြိမ်ကြိမ် သက်တမ်းတိုးနေသော်လည်း ဒေသအများအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။ တိုက်ပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးတွင် တာဝန်ထမ်းဆောင်ခဲ့သူ CDM ဗိုလ်မှူးဟိန်းသော်ဦးက စစ်ကောင်စီက အလော့ဘွမ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး စစ်ဆင်ရေးသဘောတရားအရ ကျည်အသုံးစရိတ်နှင့် စစ်ဆင်ရေး ကုန်ကျစရိတ်များ တွက်ချက်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း Myanmar Now ကို ပြောသည်။
ခြေမြန်တပ်မများသည့် တပ်မ ၈၈၊ တပ်မ ၁၀၁ တို့အပါအဝင် ဒေသတွင်းအခြေစိုက် တပ်မအငယ်စားများဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်များ မိုးကောင်းအခြေစိုက် စကခ (၃)၊ ဗန်းမော်အခြေစိုက် စကခ (၂၁) တို့ဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“လက်ရှိ နောက်ဆုံးအခြေအနေအရဆိုရင်တော့ သူတို့ ကချင်ကို တပ်မ ၄ နဲ့ ထိုးတယ်လို့ ကြားတယ်။ ပြီးရင် ဒီနောက်ပိုင်းမှာ လျင်လျင်မြန်မြန်နဲ့ပဲ ရွှေ့ပြောင်းနိုင်စွမ်းမြန်တဲ့သဘောနဲ့ သွားနေတာ တွေ့ရတယ်” ဟု အထက်ပါ CDM ဗိုလ်မှူးက သုံးသပ်သည်။
ထို့ပြင် စစ်တပ်က တာဝေးပစ်အမြောက်ဖြင့် တိုက်ခိုက်လာနိုင်ပြီး အပစ်ခံရသည့်သူက ဆုံးရှုံးမှု ပိုများနိုင်သောကြောင့် စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် လိုအပ်သည်ဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
“တာဝေးပစ်တာကိုပဲ ခံနေမလား။ အနီးကပ်ပဲ ရင်ဆိုင်မလား။ ဒါမှ မဟုတ်ရင် သူ့ရဲ့ နောက်ကျောတွေဖြစ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်မလား။ ငြိမ်ခံနေလို့လည်း မရဘူး။ ငြိမ်ခံနေရင် ဟိုကောင်တွေက နေ့စဉ်နဲ့အမျှ ပစ်နေမှာပဲ” ဟု ဆိုသည်။
“သူတို့မှာလည်း တိုက်ပွဲကျတဲ့သူတွေရှိတယ်။ ကုန်သွားတဲ့ ခဲယမ်းတွေကို ဖြည့်တင်းရမှာရှိတယ်။ ဒါတွေကို ဆက်မဖြည့်တင်းနိုင်အောင် လုပ်နိုင်ရင်တော့ ပိုပြီးတော့ အောင်မြင်မှု များလာမှာပေါ့”
CDM အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီသည် တိုက်ခိုက်ရေးအတွေ့အကြုံရှိသည့် တပ်မကြီးများဖြင့် ကချင်ကို ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံအနှံ့တွင် စစ်မျက်နှာဖြန့်ကြက်ထားရသည့် စစ်ကောင်စီ၏ ထိုးစစ်မှာ ထိရောက်မှုရှိမည်ဟု မယူဆကြောင်း ပြောသည်။
“ အဓိကကတော့ ကချင်ကို အမြစ်ပြတ်တဲ့အထိ တိုက်ချင်တဲ့ပုံစံ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းအရ တစ်စုံတစ်ခု အမြတ်ရတဲ့အထိ တိုက်ချင်တဲ့အနေအထားတော့ ရှိတယ်” ဟု တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ မိုင်းပြင်းအခြေစိုက် ခမရ ၅၂၈ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။
“စစ်ကောင်စီအနေနဲ့က လေယာဉ်တွေနဲ့ လက်နက်ကြီးပစ်ကူတွေနဲ့ ယူပြီး တိုက်တာတောင်မှ သူတို့ဘက်က အကျအဆုံးတွေ များလာတဲ့အတွက်ကြောင့် အောင်မြင်နိုင်တဲ့အခြေအနေကတော့ နည်းပါးတယ်လို့ ကျွန်တော်ထင်တယ်”
KIA တွင်လည်း စစ်ရေးအတွေ့အကြုံနှင့် လူအင်အား များပြားသည့်အပြင် ပူးပေါင်းလာသည့် PDF အဖွဲ့များကြောင့် အင်အားကြီးမားနေသည်ဟု သူက သုံးသပ်သည်။