သတင်း

ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီဖွဲ့ရေးအဆိုကို တပ်မတော်သားအားလုံး မတ်တတ်ရပ် ကန့်ကွက်

ရန်ကုန် – ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့ရေး အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များအားလုံး မတ်တတ်ရပ်ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်မှ ဆန္ဒမဲခွဲပြီး ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်နည်းဥပဒေများအရ လွှတ်တော်အတွင်း ကန့်ကွက်မှုများရှိလာခဲ့လျှင် လုပ်ထုံးလုပ်နည်းအတိုင်း မဲခွဲဆုံးဖြတ်ရမည်ဖြစ်ကြောင်း လွှတ်တော်နာယကဖြစ်သူ ဦးတီခွန်မြတ်က ကြေညာခဲ့ပြီးနောက် မဲဆွဲဆုံးဖြတ်ရာ ယနေ့တက်ရောက်သည့် လွှတ်တော်အတွင်း ထောက်ခံမဲပေးခဲ့သူ ၃၉၄ ဦးရှိခဲ့သည့်အတွက် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် သုံးပုံ တစ်ပုံထက်ကျော်လွန် ထောက်ခံမှုရသဖြင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

သို့ရာတွင် ယနေ့မဲခွဲဆုံးဖြတ်မှုတွင် မဲပေးခွင့်ရှိသူ ၆၀၀ ကျော်ရှိသည့်အနက်မှ ကန့်ကွက်မဲ ၁၈ ဦးအဖြစ် ရှိခဲ့ရာမှ နောက်ဆုံးတွင် ၁၇ ဦးသာ ကန့်ကွက်မဲပေးသည့်စာရင်း ဖြစ်ခဲ့ပြီး မဲမပေးသူ ၂၀၀ နီးပါးရှိခဲ့သည်။

အဆိုရှင်ဖြစ်သူ မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ယခုအရေးကြီးအဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အချက်များ ပြင်ဆင်မည် ဆိုသည်ကို ပြောဆိုနေခြင်းမဟုတ်ဘဲ လွှတ်တော်အတွင်းရောက် ပါတီများအားလုံး စုပေါင်းပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုပြုလုပ်နိုင်ရန်အတွက် ပူးပေါင်းကော်မတီတစ်ခုကို သင့်လျော်သူများနှင့် ပူးပေါင်းဖွဲ့စည်းရန်ကိုသာ တင်ပြနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့ရာတွင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က မိမိတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေခြင်းမဟုတ်ဘဲ ပြင်ဆင်ဖို့ကို သဘောတူပါကြောင်း၊ သို့ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြုလုပ်ရန်ဖြစ်ကြောင်း၊ ယခုလိုမဟုတ်ဘဲ ကော်မတီအနေဖြင့် မည်သည့်ပုဒ်မကိုပြင်မည်၊ ကော်မတီအနေဖြင့် မည်သို့စီစဉ်မည်ကို မသိရပါကြောင်း၊ ယခုကိစ္စကိုလည်း မဲခွဲဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ကြောင်း၊ ဥပဒေကို လက်တစ်လုံးခြားလုပ်သည်ဟု ယူဆသည့်ကိစ္စများဖြင့် ပြောဆိုကန့်ကွက်ခဲ့သည်။

ထိုသို့ ဥပဒေကို လက်တစ်လုံးခြားလုပ်သည်ဆိုသည်ကို လွှတ်တော်နာယကဖြစ်သူကိုယ်တိုင် ကန့်ကွက်ကာ မဲခွဲဆုံးဖြတ်မည်ဟု ကြေညာလိုက်သည့်အချိန်တွင် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်အားလုံး မတ်တတ်ရပ် ကန့်ကွက်ခဲ့ကြသည်။

Show More

Related Articles

Back to top button