သတင်း

သတင်းသမား ဦးစည်သူအောင်မြင့်အဖမ်းခံရ၊ မိသားစုနှင့် အဆက်ပြတ်နေ 

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်၏ အခြေအနေကို ၅ ရက်ကြာသည်အထိ စုံစမ်း၍ မရသေးကြောင်း မိသားစုနှင့် ရှေ့နေအဖွဲ့က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ဦးစည်သူအောင်မြင့်ကို ဩဂုတ် ၁၅ ညနေပိုင်းက သူတိမ်းရှောင်နေသည့် ရန်ကုန်မြို့ တိုက်ခန်းတစ်ခုတွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

စစ်တပ်က ဦးစည်သူအောင်မြင့်ကို စစ်ကြောရေးစခန်းတစ်ခုသို့ ခေါ်သွားသည်ဟု အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဗဟန်းရဲတပ်ဖွဲ့ကို ကိုးကားပြီး Myanmar Now ကို ပြောသည်။

“ဖမ်းဆီးတော့ တစ်ခါတည်း စစ်ကြောရေးကို ခေါ်သွားတယ်လို့ ပြောတယ်။ (စစ်)တပ်က ခေါ်သွားတာပေါ့နော်။ ကျန်တာတော့ ဘာမှ မသိရဘူး”ဟု ဦးသန်းဇော်အောင်က ပြောသည်။

ဦးစည်သူအောင်မြင့်နှင့်အတူ တိုက်ခန်းပိုင်ရှင်တစ်ဦး၊ BBC Media action ၏ ခံစားကြည့်ရုပ်သံအစီအစဉ်မှ အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့သည်ဟု ဗဟန်းရဲစခန်းထံမှ သိရကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းအနေဖြင့် ပန်းဘဲတန်းရဲစခန်းနှင့် ဗဟန်းရဲစခန်းတို့၌ သွားရောက်စုံစမ်းခဲ့ခြင်းဖြစ်ပြီး ဗဟန်းရဲစခန်းကသာ အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၁၅ က ဖမ်းဆီးခံခဲ့ရသည့် သတင်းသမားနှစ်ဦး၏ အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

Frontier Myanmar, VOA တို့၏ ပင်တိုင်ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်သည် သုံးသပ်ချက်ဆောင်းပါးများကို အွန်လိုင်းနှင့် ရုပ်သံတွင် တင်ဆက်လေ့ရှိသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ဦးစည်သူအောင်မြင့်ကို ဆူပူအောင်လှုံ့ဆော်သည်ဟု စွပ်စွဲ၍ ပုဒ်မ ၅၀၅ (က)ဖြင့် ဧပြီ ၂၄တွင် အမှုဖွင့်ထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သတင်းမီဒီယာများကို ကန့်သတ်ထိန်းချုပ်ပြီး သတင်းထောက် ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် Mizzima, DVB, 7Day, ခေတ်သစ်နှင့် Myanmar Now သတင်းဌာနတို့ကို မတ် ၉ တွင် သတင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပိတ်သည်ဟု ကြေညာခဲ့သလို ဧပြီ ၂၉ တွင် ကချင်ပြည်နယ်အခြေစိုက် 74 Media နှင့် မြစ်ကြီးနားသတင်းဂျာနယ်တို့ကိုပါ စစ်ကောင်စီက ထပ်မံပိတ်သိမ်းခဲ့သည်။ 

ဦးစည်သူအောင်မြင့်၏ မိသားစုဝင်တစ်ဦးကလည်း ငါးရက်ကြာသည်အထိ မည်သည့်အကြောင်းမျှ စုံစမ်းသိရခြင်းမရှိ၍ စိတ်ပူနေသည်ဟု ပြောသည်။

Show More

Related Articles

Back to top button