တောင်တွင်းကြီး- မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁ဝ ရက်နေ့ညက မွတ်စလင်တို့၏ နေအိမ်၊ ဆိုင်ခန်းတို့ကို မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိရသည့် လူအုပ်ကြီးက ဝင်ရောက် ဖျက်ဆီးကြရာ ထိုမြို့တွင် အနှစ် ၂ဝ ကျော် နေထိုင်လာသူ ကိုမြင့်စိုးလေးအတွက် ကမ္ဘာပျက်သလို ဖြစ်သွားသည်။
မြို့တွင်း လှည့်လည်နေသော လူအုပ်ကြီးက သူ၏ ဖုန်းနှင့်ကုန်မာဆိုင်ရှေ့ရောက်လာပြီး လေးကြိမ်တိုင် ဝင်ရောက်ဖျက်ဆီးသည်ကိုလည်း ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။
ထိုညက ဆိုင်ပိတ်ရန် ပြင်ဆင်နေစဉ် နှမဖြစ်သူက အနားမှအိမ်တစ်လုံး ခဲဖြင့်ထုခံနေရပြီဟု ဖုန်းလှမ်းဆက်သည်။ ထိုအချိန်တွင် မျက်နှာအုပ်ပြီး ရုပ်ဖျက်ထားသူ ၃ဝ ကျော်က အစ္စလာမ်ဘာသာဝင်တို့၏ ဆိုင်ကြီးဆိုင်ငယ်များကို ဖျက်ဆီးနေသဖြင့် သူလည်း ဆိုင်တံခါးသော့ခတ်၊ မီးအမှောင်ချကာ တိတ်တိတ်လေး နေလိုက်ရသည်ဟု ကိုစိုးမြင့်လေးက ပြောသည်။
ဆိုင်ကယ်၊ ဆိုင်းဘုတ်၊ ခုံ၊ ဆိုင်တံခါးတို့ကို ထုရိုက်သံများ ၁ဝ မိနစ်နီးပါးခန့် ထွက်ပေါ်လာပြီးနောက်တွင် မွတ်စလင်ဖြစ်သူ မည်သူ့အိမ်ကို သွားရောက် ဖျက်ဆီးကြမည်ဟု လူအုပ်ထံမှပြောဆိုသံကို သူကြားနေရသည်။
“ဒုတိယအကြိမ်ပြန်လာတော့ ကျွန်တော်က ဆိုင်နောက်က ကျွန်တော့်အဘွားအိမ်ထဲမှာ ပုန်းနေပြီ။ ဆိုင်ရှေ့ လူ ရဝ လောက် ရောက်လာတယ်။ ကျွန်တော်က အိမ်အပေါ်ထပ်က ခဏတက်ကြည့်တာမှာ အိမ်အပေါ်ကိုပါ ခဲတွေနဲ့ပစ်၊ လေးခွတွေနဲ့လှမ်းပစ်ရော” ဟု ကိုစိုးမြင့်လေးက ဆိုသည်။
“တတိယအကြိမ်လာတော့ သူတို့မှာ ဆိုင်တံခါးကိုဖွင့်ဖို့ သံတူရွင်းတို့၊ ရဲတင်းတို့ပါလာတယ်။ ဆိုင်ကို အတင်းဖွင့်တယ်။ နောက်ဆုံးတစ်ခေါက်မှာ ဆိုင်ထဲက ပစ္စည်းတွေပါ စိတ်တိုင်းကျ မွှေနှောက်ယူသွားတာ”
ပဋိပက္ခ ဖြစ်လာတော့မည်ဟူသော ကောလာဟလ ဒေသအများအပြားတွင် ထွက်လာပြီး ရက်အနည်းငယ်အကြာတွင် တောင်တွင်းကြီးမြို့ ဆူပူ အကြမ်းဖက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တောင်တွင်းကြီးရှိ ဘာသာပေါင်းစုံအဖွဲ့များ၊ ပရဟိတလုပ်ကြသည့် မြို့မျက်နှာဖုံးများ စုပေါင်းစည်းဝေးပြီး လူငယ်ထုအကြား အချင်းမများရေး ထိန်းသိမ်းကြရန် စီမံကြသော်လည်း ထိုညဘက် လမ်းပေါ် ရောက်လာသော လူအုပ်က မည်သည့် အကြောင်းပြချက်မျှ မပေးဘဲ မွတ်စလင်တို့၏အဆောက်အအုံတချို့ကို ရုတ်တရက် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
ညတွင်းချင်း ထိန်းသိမ်း လိုက်နိုင်သည့် အကြမ်းဖက်မှုတွင် နေအိမ် ၃ လုံး၊ ဆိုင်ခန်း ၅ ခန်းတို့ ဖျက်ဆီးခံလိုက်ရသည်ဟု အစိုးရက နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်သူများ
အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မျက်မြင်တွေ့ရှိသူ ၂ဝ ကျော်ကို Myanmar Now က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ကနဦးတွင် အကြမ်းဖက်သူအများအပြားက မျက်နှာကို ဖုံးအုပ် သို့မဟုတ် အမည်းရောင်သုတ်ပြီး ရုပ်ဖျက်ထားကြောင်း၊ နောက်ပိုင်း တွေ့ရသော လူအုပ်စုတွင် ပါဝင်သူတို့က ရုပ်ဖျက်ထားခြင်း မရှိကြောင်း၊ တုတ်၊ ဓားကိုင် ဖျက်ဆီးနေသူတချို့သည် မြို့ပေါ်တွင် နေထိုင်ကြသော အသက် ၂ဝ ဝန်းကျင် အမျိုးသားများဖြစ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
အကြမ်းဖက်ရာတွင် ပါဝင်သူများမှာ အုန်းတော ၂၊ ရွှေကြာယင် အုပ်စု၊ ရွှေအိုးအုပ်စု စသည့် အရပ်များတွင် နေထိုင်ကြသည်ဟု မြို့ခံတချို့က ဆိုကြသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထိုအရပ်များသို့ သွားရောက် လေ့လာစဉ် ၎င်းတို့ ပုံမှန် လှုပ်ရှား သွားလာလျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။
ဒေသခံတစ်ဦးဖြစ်သူ ဒေါက်တာကျော်ဆွေက အကြမ်းဖက်မှုဖြစ်စဉ်၏ နောက်တွင် စနစ်တကျ စီစဉ်သူ ရှိမည်ဟု သုံးသပ်သည်။
“သူတို့မှာ ဘယ်အိမ်ကိုပဲလုပ်ဆိုတဲ့ အမိန့်မျိုး ပါတယ်။ နောက် ဘယ်နေရာလုပ်နေတုန်း၊ ရဲတပ်ဖွဲ့တွေက လာတဲ့အချိန် ဘယ်နေရာကို ဘယ်လိုရှောင်ပြီး ဘယ်ရပ်ကွက်က အစ္စလာမ်အိမ်ကို သွားလုပ်ရမယ်ဆိုတဲ့ဗျူဟာ ပါတယ်။ သိပ်ကို စနစ်ကျလွန်းတယ်။ စဖြစ်တာမှာလည်း အရင် မိတ္ထီလာ၊ မန္တလေး၊ ရခိုင်တို့ကလို ဘာအကြောင်းပြချက်မှမရှိဘဲ ဖြစ်တာ။ ဒါကိုကြည့်မယ် ဆိုရင် ဒီဟာက သေသေချာချာကို အကွက်ချလုပ်တာ သိသာတယ်” ဟု သူက ဆိုသည်။
“စစ်တပ်တွေပါ ထပ်ရောက်လာပြီး ဝင်ထိန်းတော့ ပထမဆုံးအုပ်စုဖြစ်တဲ့ မျက်နှာကို ပုံဖျက်ထားတဲ့အုပ်စုက ကိုယ်ယောင်ဖျောက်သွားပြီ။ မြို့ခံတွေပဲပါတဲ့အုပ်စုတွေပဲ ကျန်တော့တာ”
အကြမ်းဖက်မှုပေါ်ပေါက်ပြီး ၄ ရက် ကြာသည်အထိ မွတ်စလင် အများအပြားသည် နေအိမ်တွင် နေထိုင်ရန် မဝံ့ရဲသဖြင့် တခြားနေရာများတွင် ရွှေ့ပြောင်းနေထိုင်နေကြသည်ကို တွေ့ခဲ့ရသည်။
အထိအခိုက်မရှိဟု အစိုးရက သတင်းထုတ်ပြန်ထားသော်လည်း ပထမဆုံး တိုက်ခိုက်ခံရသည့် ဦးထိုက်နေအိမ်မှ အသက် ၈ဝ ကျော် အမျိုးသမီးတစ်ဦး ကတ်ကြေးဖြင့် အထိုးခံရပြီး ၄၅ နှစ်အရွယ် အမျိုးသမီး၏ ခြေသလုံးတွင်လည်း ဒဏ်ရာရခဲ့သည်ဟု ကိုစိုးမြင့်လေးက ဓာတ်ပုံမှတ်တမ်းများ ပြပြီး ပြောပြသည်။
Myanmar Now သတင်းထောက်များ အဆိုပါနေအိမ်သို့ သွားရောက်ခဲ့ရာတွင် အိမ်စောင့်အဖြစ်ရှိနေသူတို့က ကြောက်ရွံ့နေပြီး မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ရဲတပ်ဖွဲ့၏ လုံခြုံရေးပေးမှု
တောင်တွင်းကြီးရဲတပ်ဖွဲ့က ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည်ဟု ယူဆရသူ ၇ ဦးကို ထိန်းသိမ်း စစ်ဆေးခဲ့သည်။ ၎င်းတို့ကို သေစေမှုအတွက် သို့မဟုတ် နာကျင်စေမှုအတွက် ပြင်ဆင်ပြီး ကျူးလွန်သည့် အကျိုး ဖျက်ဆီးမှု ပုဒ်မ ၄၄ဝ၊ အားပေးကူညီမှု ပုဒ်မ ၁၄၄၊ ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇၊ ရုန်းရင်းဆန်ခတ်စသည်တို့ကို နှိမ်နင်းနေသော ဝန်ထမ်းတို့ကို လက်ရောက်မှုပြုခြင်း၊ ဟန့်တားခြင်း ပုဒ်မ ၁၅၂၊ ရုန်းရင်းဆန်ခတ်မှုဖြစ်စေရန် ကြံရွယ်ပြီး ရမ်းကားလိုသော သဘောဖြင့် ရန်စခြင်း ပုဒ်မ ၁၅၃ တို့ဖြင့် အရေးယူထားကြောင်း တောင်တွင်းကြီးမြို့ ရဲစခန်းထံမှ သိရသည်။
မြို့နယ်ရဲတပ်ဖွဲ့ အရာရှိတို့ကို ဆက်သွယ်မေးမြန်းရာ အစိုးရက သတင်းထုတ်ပြန်နေကြောင်းသာ ပြောပြီး နောက်ဆက်တွဲ အခြေအနေများ ပြောပြခြင်း၊ မှတ်ချက်ပေးခြင်း မပြုကြပေ။
မြို့လယ် ဗလီကို အကာအကွယ်ပေးရန် ရဲတပ်ဖွဲ့ဝင်များ စတင်နေရာယူစဉ် အကြမ်းဖက်သူတို့က ဗလီရှေ့ရှိ သုံးဘီးဆိုင်ကယ်ကို တွန်းလှဲဖျက်ဆီးပြီး မီးရှို့ရန် ကြိုးစားကြောင်း၊ ရဲတပ်ဖွဲ့၏တားမြစ်သံကို ဗလီအတွင်းမှ ကြားခဲ့ရကြောင်း ဗလီမှ ကျောင်းထိုင်ဖြစ်သူ ဦးဇော်ထွန်းက ပြောသည်။
“ဟေ့ကောင်တွေ မင်းတို့ မီးတော့မရှို့ကြနဲ့၊ ဒါပဲပြောတာ။ လုပ်တဲ့သူတွေကိုတော့ လမ်းမီးရောင်လေးနဲ့ပဲမို့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့် အဲ့ဒီလူတွေဟာ မျက်နှာမှာ အဝတ်စည်းပြီး ပုံဖျက်ထားသူတွေမဟုတ်ဘူးဆိုတာတော့ တွေ့ရတယ်” ဟု ဦးဇော်ထွန်းက ဆိုသည်။
ဗလီအတွင်းသို့ ခဲဖြင့် ပစ်ကြသော်လည်း ရဲတပ်ဖွဲ့ဝင်တို့ ဟန့်တားသည့်အတွက် ဗလီလုံခြုံရေးကို စိတ်အေးရကြောင်း၊ သို့သော်လည်း မွတ်စလင်အိမ်များကို တိုက်ခိုက်နေကြောင်း ဖုန်းဆက်ပြောဆိုလာကြရာ လူနည်းစုတို့၏ ဘဝလုံခြုံရေးအတွက် စိတ်ပူခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ထိုညဖြစ်ရပ်ကို မြင်တွေ့ခဲ့သူ တစ်ဦးဖြစ်သည့် ကိုအောင်ကျော်ကျော်က အလစ်အငိုက်ဖမ်း အကြမ်းဖက်မှုအတွက် ရဲတပ်ဖွဲ့က အဆင်သင့်ဖြစ်ခဲ့ပုံ မရကြောင်း၊ ရှိသည့်ရဲတပ်ဖွဲ့အင်အားဖြင့် တစ်မြို့လုံးကို ဖြန့်ထားရန်မှာလည်း မဖြစ်နိုင်သည့်အတွက် မြို့၏ အချက်အချာနေရာများကိုသာ အင်အားပြည့်သုံးပြီး လုံခြုံရေးဆောင်ရွက်ခဲ့ခြင်းဖြစ်မည်ဟု ယူဆကြောင်း ပြောသည်။
မျက်မြင်သက်သေတချို့က တိုက်ခိုက်သူများထဲတွင် မည်သူမည်ဝါ ပါဝင်နေသည်ကို သိသော်လည်း မိမိတို့လုံခြုံရေး စိတ်မချရသည့်အတွက် ရဲတပ်ဖွဲ့သို့ သွားရောက်သတင်းမပေးနိုင်ကြောင်း မှတ်ချက်ပြုသည်။
“တစ်လမ်းလုံးမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့အိမ် ၂ အိမ်လောက်ပဲရှိတာကိုတောင် စာရင်းအတိအကျနဲ့ သိနေ၊ လာဖျက်နေတယ် ဆိုကတည်းက ကိုယ့်မြို့မှာ ထဲထဲဝင်ဝင် သိနေတဲ့သူ ပါမှကိုဖြစ်မယ့်ဟာပဲဗျာ။ ဘယ်အပိုင်းက ဘယ်သူတွေ ဘယ်နေရာကို လာဖျက်ဆီးတဲ့အထဲပါတယ်ဆိုတာ ကျွန်တော်တို့ သိတယ်” ဟု အမည်မဖော်လိုသူ ဗုဒ္ဓဘာသာဝင် တစ်ဦးက ပြောသည်။
၂ဝ၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခ စတင်ဖြစ်ပွားစဉ် တောင်ကုတ်မြို့အသွား အဝေးပေးကားလမ်းပေါ်တွင် မွတ်စလင် ၁ဝ ဦး အသတ်ခံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် တောင်တွင်းကြီးမှ ၆ ဦး ပါဝင်ခဲ့သော်လည်း နေရပ်တွင် ပြဿနာ မဖြစ်ခဲ့ကြောင်း သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်ဆွေက ရှင်းပြသည်။
ထိုအမှု နောက်ပိုင်း ပေါ်ပေါက်လာသော မန္တလေးအရေးအခင်း၊ မိတ္ထီလာအရေးအခင်းတို့က တောင်တွင်းကြီးသို့ ကူးစက်ခြင်း မရှိခဲ့ဘဲ စက်တင်ဘာ ၁ဝ ရက်နေ့ညတွင် ပဋိပက္ခ ရုတ်တရက် ပေါ်ပေါက်လာခြင်းသည် တောင်တွင်းကြီး၏ ဂုဏ်ကို ထိခိုက်သည်ဟု ခံစားမိကြောင်း မြို့မိမြိုဖဖြစ်သူ ဒေါက်တာကျော်ဆွေက ပြောလိုက်သည်။