သတင်း

စစ်ကောင်စီ စောင့်ကြည့်နေသော်လည်း နွေဦးထီ ရောင်းမလောက်ဖြစ်နေ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ “အောင်လံလွှင့်ချီ နွေဦးထီ” ငွေလွှဲပြောင်းမှုများကို ထိန်းချုပ်ရန် စစ်ကောင်စီ၏ ဗဟိုဘဏ်က တင်းတင်းကျပ်ကျပ်စောင့်ကြည့်နေသော်လည်း နေ့စဉ်ရောင်းချနိုင်သည့် အရေအတွက်ကို ကျော်လွန်ကာ နွေဦးထီလက်မှတ်များ ရောင်းချနေရသည်။

NUG အစိုးရ၏ ရှေ့ပြေးစီမံချက်တစ်ခုဖြစ်သည့် နွေဦးထီကို အီလက်ထရွန်နစ်စနစ်ဖြင့် ဩဂုတ် ၁၅ တွင် စတင်ရောင်းချခြင်းဖြစ်ပြီး ကနဦးတွင် တစ်ရက်လျှင် စောင်ရေငါးသောင်းရောင်းရန် သတ်မှတ်ထားသော်လည်း ဩဂုတ် ၁၅ တွင် လက်မှတ် ၆၇,၀၀၀၊ ယမန်နေ့တွင် ၇၂,၀၀၀ စောင်အထိ ရောင်းချခဲ့ရကြောင်း နွေဦးထီ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

နွေဦးထီ၏ ထီလက်မှတ်ရောင်းရငွေ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းများကို ထောက်ပံ့ကူညီမည်ဖြစ်သောကြောင့် စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် နွေဦးထီ ၁၀ စောင်ထိုးထားကြောင်း ရန်ကုန်မြို့တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ဝယ်လိုအားက တော်တော်ကြီးကို များတယ်။ ကျွန်မတို့သူငယ်ချင်းတွေဆိုရင် မရတာကများတယ်။ အဲ့ဒီနေ့က ကျွန်မတစ်ယောက်ပဲ ကံစပ်သွားတယ်လို့ ပြောရမလား။ စမ်းလုပ်ကြည့်ရင်းနဲ့မှ ရသွားတာ။ တူတူဝယ်နေသူတွေ မရကြဘူး” ဟု ၎င်းက ဆိုသည်။

နွေဦးထီကို ၁၅ ရက်တစ်ကြိမ် ထီဖွင့်မည်ဖြစ်ကာ ထီတစ်စောင် ၂,၀၀၀ ကျပ်ဖြင့် ထီလက်မှတ်ရောင်းရငွေ ၃၀ ရာခိုင်နှုန်းကို ဆုကြေးပေးမည်ဖြစ်သည်။ 

နွေဦးထီထိုးသူများသည် ထီပေါက်လိုသည့် ရည်ရွယ်ချက်ထက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သူများကို ငွေကြေးအထောက်အပံ့ပေးနိုင်ရန်ဖြစ်ကာ ထီပေါက်ပါက ဆုကြေးကို ပြန်လှူဒါန်းမည့်သူအများအပြားရှိကြောင်း ၎င်းက ဆိုသည်။

အွန်လိုင်းငွေပေးချေမှုများမှတစ်ဆင့် ထီဝယ်ယူကြသောကြောင့် NUG အစိုးရ၏ စီမံခန့်ခွဲမှုအောက် စီးဝင်မည့် ထီရောင်းရငွေများကို စစ်ကောင်စီက ထိန်းချုပ်မည်ကို စိုးရိမ်သော်လည်း အထက်ပါ အမျိုးသမီးက ဆိုသည်။

နွေဦးထီထိုးခြင်းနှင့် ပတ်သက်၍ အကောင့်ပိတ်သိမ်းခံရသည်ဟု မကြားမိကြောင်း၊ ထိုးသူများပြားခြင်းကြောင့် လက်မှတ်မရသူများအနေဖြင့်လည်း နောက်ရက်တွင်ဖွင့်မည့်ထီကို စောင့်ဝယ်ရန် ပြင်ဆင်ထားသူများရှိကြောင်း ထီဝယ်ယူသူများထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားသည့် အောင်ဘာလေထီကိုမူ ပြည်သူများ၏ သပိတ်မှောက်မှုကြောင့် စီးပွားပျက်သည်အထိ ဈေးကွက်ပျက်နေကြောင်း အောင်ဘာလေထီရောင်းချသူများက ပြီးခဲ့သည့်ဇူလိုင်လအတွင်း Myanmar Now ကို ပြောဆိုထားသည်။

စစ်ကောင်စီလက်ထက်တွင် ထီရောင်းအား အကြီးအကျယ်ကျဆင်းနေပြီး ပုံမှန်ထီမဖွင့်နိုင်သည့်အပြင် ထီဆု‌ကြေးနှင့် ဆုအရေအတွက်ကိုလည်း လျှော့ချခဲ့ရသည်။ 

ပုံမှန်ထီဖွင့်ရက်ဖြစ်သည့် မတ် ၁ ရက်တွင် ထီဖွင့်နိုင်ခြင်းမရှိဘဲ မတ် ၁၅ ရက်သို့လည်းကောင်း၊ ဧပြီ ၁ ထီဖွင့်ရက်ကို မေ ၁ ရက်သို့လည်းကောင်း ရွှေ့ဆိုင်းထီဖွင့်ခဲ့ရကာ ယခင်က ကျပ်သိန်းတစ်သောင်းခွဲအထိ အမြင့်ဆုံးထီဆုကြေးချီးမြှင့်နိုင်ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် အမြင့်ဆုံးအဖြစ် ကျပ်သိန်းငါးထောင်အထိသာ ချီးမြှင့်နိုင်တော့သည်။

NUG အစိုးရ၏ နွေဦးထီဖွင့်လှစ်ပြီးနောက် စစ်ကောင်စီသည် အောင်ဘာလေထီဆုခွဲဝေမှု ထီရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းထက်တိုးမြှင့်ရန်နှင့် ဆုကြေး‌ငွေထုတ်ယူခွင့် ကန့်သတ်ချက်မထားဘဲ ထုတ်ပေးမည်ဖြစ်ကြောင်း မက်လုံးပေးကာ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။ 

ထို့အပြင် တရားမဝင်ထီများနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီလှိုင်က ပြောဆိုထားသည်။ 

နွေဦးထီနှင့် ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများကို စောင့်ကြည့်ရန်နှင့် တွေ့ရှိက အကြောင်းကြားရန် ပြည်တွင်းဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများကို စစ်ကောင်စီ၏ ဗဟိုဘဏ်က ဩဂုတ် ၁၃ ကတည်းက ညွှန်ကြားထားသည်။ 

Show More

Related Articles

Back to top button