အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝင်စီးသည့် ပုလဲမြို့တွင် ခေါင်းပြတ်နေသည့် ရုပ်အလောင်းတွေ့

စစ်ကိုင်းတိုင်း၊ ပုလဲ – ဂန့်ဂေါလမ်းပိုင်းတွင် ယနေ့ (သြဂုတ် ၁၅) မနက်ပိုင်းက ခေါင်းတခြားကိုယ်တခြား ဖြစ်နေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ပုလဲမြို့နယ် ဒေသခံများထံမှ သိရသည်။  

နံနက် ၆ နာရီခန့် ပုလဲ – ဂန့်ဂေါလမ်းပိုင်း၊ ကျောက်စလင်းတောင်နှင့် ပျဉ်းပင်ကွေ့အနီး စစ်ကား ၄ စီး၊ စစ်တပ်ထောက်ခံသည့် ပျူစောထီးဟု ယူဆရသော အရပ်ဝတ်များ၏ ရှေ့ပြေး ဆိုင်ကယ် ၁၀ စီးတို့ ထိုနေရာကို ဖြတ်သန်းသွားပြီး နာရီပိုင်းအကြာတွင်  ယင်းရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းကြောင့် ၎င်းတို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ 

“ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၃ ချက်တွေ့တယ်။ ယာဉ်တန်းဖြတ်သွားတဲ့အချိန်မှာ အနီးဆုံး ၅၂ မိုင်ရွာက သေနတ်ပစ်သံတွေ ကြားလိုက်ရတယ်။ သွားကြည့်တော့ (သေသူက) အဲ့ဒီအနီးတဝိုက်ရွာကတော့ မဟုတ်ဘူး ” ဟု ပုလဲမြို့ခံ အမျိုးသားတစ်ဦးက ရုပ်အလောင်းမြင်တွေ့ခဲ့သူများကို  ကိုးကား၍ Myanmar Now ကို ပြောသည်။ 

ပုလဲတွင် နေထိုင်သူ အခြားသတင်းရင်းမြစ်တစ်ခုကလည်း ထိုနေရာသို့ ရောက်ရှိခဲ့သူတို့က သေဆုံးသူ၏ အသက်အရွယ် မခန့်မှန်းနိုင်ကြကြောင်း ပြောသည်။ 

ပုလဲမြို့နယ် ကျေးရွာများ၌ ဩဂုတ် ၁၃ နှင့် ၁၄ တို့တွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ၁၄  နံနက်  ၈ နာရီခန့်တွင် စစ်တပ်ရောက်ရှိလာပြီး နတ်ထိပ်ရွာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် အိမ် ၅ လုံးကို မီးရှို့ခဲ့သည်ဟု ကြားသိရကြောင်း အထက်ပါ ပုလဲမြို့ခံ အမျိုးသားက ဆိုသည်။

“အိမ် ၅ လုံးလောက် မီးရှို့ခံရတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတုန်းက ကြံ့ခိုင်ရေးရဲ့ မဲဆွယ်ရေးမှူးရဲ့ အိမ်ပါ ပါသွားတယ်။ သူက အိမ်မှာမရှိဘူး။ သူ့အိမ်ပါ ပါသွားတယ်။ တစ်ရွာလုံးက သူ ကြံ့ခိုင်ရေးမှူးမှန်းသိတော့ သူက အိမ်မှာ မနေရဲဘူး။ (စစ်တပ်ကတော့) အစိမ်းရယ်၊ အနီရယ် မသိဘူး” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ယင်းနေ့က ရွာထိပ်မှစ၍ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်လာသည့် စစ်တပ်သည် ရွာအတွင်းရှိ နေအိမ်များအား တံခါးများရိုက်ချိုးဝင်ရောက်ကာ ဆိုင်ကယ်များ၊ ဆိုလာပြားများ၊ စလောင်းများကို ရိုက်နှက်ဖျက်ဆီးခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

ပုလဲမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် မကြာခဏ တိုက်ပွဲဖြစ်နေရာ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံး များနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button