သတင်း

စစ်နှင့် ကိုဗစ်ဒဏ်သင့် ကရင်နီလူထု အကူအညီလိုအပ်

ကယား(ကရင်နီ) ပြည်နယ်အတွင်း စစ်တပ်၏ ထိုးစစ်ဆင်မှုနှင့် ကိုဗစ်နိုင်တင်း (Covid-19) တတိယလှိုင်းဒဏ်ခံစားနေရသည့် ဒေသခံပြည်သူများအတွက် ကူညီပေးကြရန် လက်နက်ကိုင်အဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြည်တွင်း၊ ပြည်ပလူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံတကာအစိုးရများထံ မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

ကရင်နီဒေသ၌ စစ်တပ်သည် ကျေးရွာများရှိ နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးကာ ပစ္စည်းများယူဆောင်ခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဒေသတွင်း ကိုဗစ်နိုင်တင်းကာကွယ်ရေး တစ်နိုင်တစ်ပိုင်ဆောင်ရွက်ထားသည်များကို တားမြစ်ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု KNPP က ဩဂုတ် ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ 

ထို့ကြောင့် ကရင်နီလူထုအနေဖြင့် အသက်အိုးအိမ်အန္တရာယ်အပြင် အငတ်ဘေး၊ ကျန်းမာရေးများပါ စိုးရိမ်နေကြရသောကြောင့် ပြည်တွင်းပြည်ပ နိုင်ငံတကာမှ သိရှိနိုင်ရန်နှင့် အကူအညီပေးနိုင်ရေးတို့အတွက် ပန်ကြားခြင်းဖြစ်ကြောင်း KNPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

KNPP ထိန်းချုပ်နယ်မြေတွင် စစ်ရှောင်နေရသူ ထောင်ဂဏန်းရှိပြီး စစ်ရှောင်အများစုမှာ တောတောင်များနှင့် နီးစပ်ရာ ကျေးရွာများတွင် တိမ်းရှောင်နေကြရခြင်းဖြစ်သည်။ 

ဒုက္ခသည်အရေအတွက် အများအပြားကို ကူညီပေးနေရသည်ဟု KNPP အတွင်းရေးမှူး(၁) ခူးဒန်နီယယ်က ပြောသည်။  

“စစ်ဘေးရှောင်တွေကို လိုက်ကူညီပေးနေတာတော့ရှိတယ်။ ဥပမာ လိုအပ်တဲ့ စားဝတ်နေရေးအချို့၊ နောက် အမိုးအကာတွေ ဆေးဝါးတွေ၊ အဲဒီလိုမျိုးတော့ လိုက်ကူပေးနေတာတော့ ရှိတယ်။ အကာအကွယ်ပြုတဲ့အဆင့်ထိတော့ ကျွန်တော်တို့လည်း မလုပ်နိုင်သေးဘူး။ အဓိကတော့ သူတို့အမိုးအကာတွေ မိုးတွင်းဖြစ်နေတဲ့အတွက် အမိုးအကာတွေလိုတယ်။ ရိက္ခာတွေလိုတယ်။ ပြီးတော့ ဆေးဝါးလိုတယ်” ဟု ၎င်းက ပြောသည်။ 

ဖရူဆို၊ ဒီးမော့ဆိုမြို့နယ်တို့တွင် တိုက်ပွဲများပြန်ဖြစ်နေသောကြောင့် အန္တရာယ်စိုးရိမ်ပူပန်နေကြပြီး စစ်ရှောင်ရန် ပြင်ဆင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ 

တိုက်ပွဲများကြောင့် ဩဂုတ် ၁၃ ညပိုင်း၌ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်မှ ဒေသခံ တစ်ထောင်ကျော်ခန့် စစ်ရှောင်နေရသည်ဟု ကြားသိရကြောင်း ထိုမြို့နှင့် ကပ်လျက်တည်ရှိသည့် လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ 

ထို့ပြင် လွိုင်ကော်မြို့၌  ညတိုင်းလိုလို ပစ်ခတ်သံကြားရပြီး လတ်တလော မြို့အခြေအနေ တည်ငြိမ်နေသော်လည်း တိုက်ပွဲများပြင်းထန်လာနိုင်၍ စစ်ရှောင်ရန် ပြင်ဆင်ထားရကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။ 

“အဘက်ဘက်ကတော့ ခက်ခဲနေတာပါပဲ။ ကိုဗစ်ကလည်း ခက်ခဲတယ်။ စစ်ဘက်ကလည်း စိုးရိမ်နေရတယ်။ နှစ်ခုလုံး စိုးရိမ်နေကြရတော့ ပြည်သူတွေက အိမ်ထဲမှာပဲနေကြတယ်” လွိုင်ကော်မြို့အခြေအနေကို ပြောသည်။ 

ယခင်က လွိုင်ကော်တွင် ကိုဗစ်စစ်ဆေးဂိတ်များ ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထလုပ်ထားသော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်၌ စစ်တပ်က ပြန်ဖြုတ်ခိုင်း၍ ရုပ်သိမ်းထားရကြောင်း ၎င်းက ဆိုသည်။ 

“ကိုဗစ်က အသေအပျောက်ရှိနေတော့ စိုးရိမ်နေရတုန်းပဲ။ တစ်ဖက်က ကြည့်ရင်လည်း စစ်က ဘယ်နေ့ပြေးရမလဲဆိုတာ ကြိုတင်တော့ လျာထားရတာပေါ့။ စားဖို့၊ သောက်ဖို့ ၊ အိပ်ရာလိပ်တွေတော့ အသင့်ပြင်ထားတယ်။ စစ်ဖြစ်လာရင် ရှောင်ရမဲ့နေရာ ရှောင်ရအောင်လို့” ဟု ၎င်း ဒေသခံ အမျိုးသမီးက ပြောသည်။ 

စစ်ကောင်စီက ၂ လ အပစ်ရပ်ကြောင်း ကြေညာထားသော်လည်း ကယားပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံခန့် ဖြစ်သော ကရင်နီဒေသခံ တစ်သိန်းကျော်သည် စစ်ရှောင်နေရကာ အကူအညီများလိုအပ်နေသည်။ 

ကယား(ကရင်နီ) ပြည်နယ်အတွင်း ဇွန် ၂၉ မှ ဩဂုတ် ၁၂ အထိ ကိုဗစ်ပိုးတွေ့ရှိသူ လွိုင်ကော်မြို့မှ ၇၂၉ ဦး၊ ဖရူဆိုမြို့ မှ ၆ ဦး၊ ဘောလခဲမြို့မှ ၃၉ ဦး၊ ဖားဆောင်းမြို့မှ ၂၅၁ ဦးတို့ဖြစ်ပြီး စုစုပေါင်း ပိုးတွေ့ရှိသူ ၁,၀၂၅ ဦးအထိ ရှိနေပြီဖြစ်သည်ဟု ကယားအခြေစိုက် ကန္တာရဝတီတိုင်းမ်တွင် ဖော်ပြထားသည်။ ကိုဗစ်ဖြင့် သေဆုံးသူ ၄၇ ဦး၊ ဆေးရုံဆင်းသူ ၆၀၈ ဦး၊ ဆေးရုံတက်ရောက်ဆဲ ၃၆၉ ဦး ရှိသည်။

ပြည်နယ်ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ဩဂုတ် ၁၄ တွင် ကယားပြည်နယ်အတွင်း ပိုးတွေ့ သူ ၃၁ ဦး ရှိကြောင်း သိရသည်။ 

မေလဆန်းမှစ၍ ကရင်နီဒေသဖြစ်သော ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် ကရင်နီတပ်မတော် (KA) နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခဲ့သည်။

ထို့နောက် ဇူလိုင်လဆန်းမှစ၍ ကယား ၃ မြို့နယ်နှင့် ရှမ်းပြည်နယ် ၂ မြို့နယ်တို့ ပူးပေါင်းထားသော ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် KNPP ပူးပေါင်းကာ စစ်တပ်နှင့် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားနေသည်။ 

ဩဂုတ်လအတွင်း ၈ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲဖြစ်ထားပြီး KA နှင့်အတူ KNDF က ပူးပေါင်းတိုက်ခိုက်ခဲ့ကာ စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး၍ ၂၀ ကျော် ဒဏ်ရာရထားသည်ဟု KNDF ဘက်မှ ဆိုသည်။ KNDF ဘက်မှ သေဆုံးထိခိုက်မှုစာရင်း လတ်တလော အတိအကျမသိရသေးပေ။

ဩဂုတ် ၁၃ မနက် ၁၀ နာရီခွဲအချိန် ဖရူဆိုမြို့အနီး တိုက်ပွဲဖြစ်ပွားရာ စစ်တပ် ဘက်မှ ၅ ဦး သေပြီး  ၃ ဦး ဒဏ်ရာရကာ လက်နက်ကြီးတစ်လက်နှင့် လက်နက်ငယ်တချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း KNDF က ထုတ်ပြန်ကြေညာထားသည်။ 

ကရင်နီဒေသမှာ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ပြီး အိုးအိမ်နှင့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးနေမှုအပေါ် လက်သင့်ခံနိုင်စရာ လုံးဝမရှိကြောင်း KNPP က ထုတ်ပြန်ပြောဆိုထားသည်။

​​ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ ဆီဘူးတွင် KNPP အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)နှင့် ကယန်းပြည်သစ်ပါတီ (KNLP) တို့ အခြေစိုက်သည်။ 

Show More

Related Articles

Back to top button