သတင်း

မန္တ​လေးမြို့တွင် သံဃာ​များကိုပါ ဂိတ်​စောင့်ချရန် စစ်​ကောင်စီ စီစဉ်

မန္တလေးမြို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များပါ ထားရှိရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို တိုင်းသံဃမဟာနာယကအဖွဲ့က သဘောတူလိုက်ကြောင်း မြို့ခံရဟန်းသံဃာအချို့ထံမှ သိရသည်။ 

ဩဂုတ် ၁၃ က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ဆေးရေးဂိတ်တစ်ခုလျှင် သံဃာအပါး ၃၀ အထိ စောင့်ဆိုင်းပေးရန် စစ်ကောင်စီက တောင်းဆိုခဲ့ရာ ဂိတ်တစ်ခုလျှင် သံဃာသုံးပါးသာ ချထားပေးရန် မန္တလေးတိုင်းသံဃမဟာနာယကအဖွဲ့က သဘောတူခဲ့သည်ဟု ဆိုသည်။ 

မန္တလေးမြို့တွင်း ငါးမြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် သံဃာတော်များ ပါဝင်စောင့်ဆိုင်းပေးရန်ဆိုသော်လည်း မည်သို့သော စစ်ရေးဂိတ်မျိုးဖြစ်သည်ကို မသိရပေ။ 

“နိုင်ငံရေးအသိနည်းလို့ မဘသ( အမျိုးဘာသာသာသနာ) လှိုင်းမိနေတဲ့ ဘုန်းကြီးတွေကို ချသုံးတာပဲ။ ပါကုန်ရင်တော့ သာသနာအသိုက်အဝန်းလည်း အတော်ထိခိုက်ကုန်တော့မယ်။ မဟန (သံဃမဟာနာယက) ခေါင်းဆောင်များ ဒီလိုဆုံးဖြတ်တာ ဆိုးဝါးလှတယ်”ဟု တိုင်းသံဃမဟာနာယကအဖွဲ့နှင့် နီးစပ်သည့် မန္တလေးမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံရနိုင်ခြေကို ဟန့်တားလိုခြင်း၊ တိုက်ခိုက်ခံရပါက သံဃာတော်များထိခိုက်မှုရှိလာလျှင် PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမည်ဖျက်ရလွယ်ကူခြင်း၊ ဘုန်းကြီးအတုအယောင်များကို သုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် စစ်ကောင်စီက ထိုသို့ စီမံခြင်းဖြစ်နိုင်ကြောင်း မန္တလေးမြို့မှ အခြားရဟန်းတစ်ပါးက ဆိုသည်။ 

သံဃာတော်များကို အသုံးချရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုသည် ဘာသာ၊ သာသနာကို ခုတုံးလုပ်ခြင်းသာဖြစ်ပြီး ဂိတ်စောင့်ရမည့်အလုပ်မှာ သံဃာ့ကိစ္စမဟုတ်၍ ငြင်းဆန်ကြရန် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က တိုက်တွန်းသည်။

“သူတို့(စစ်ကောင်စီ)က ဂိတ်မှာစောင့်တာကို လက်ခံလိုက်တဲ့အတွက်ကြောင့် ပဋိပက္ခတွေဖြစ်လာရင် PDF တွေကို လွှဲချမယ်။ ပြည်သူဘက်ကို လွှဲချမယ်။ သံဃာနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ရန်တိုက်တာပဲ။ ဒါကို လက်ခံလိုက်တဲ့ ဘုန်းကြီးတွေဟာ နိုင်ငံရဲ့ သစ္စာဖောက်ဖြစ်ပါတယ်”ဟု ဆရာတော် မင်းသုညက မိန့်သည်။

ရွှေညဝါဆရာတော်၊ မြဝတီမင်းကြီးဆရာတော်၊ ဦးသောဘိတ (အလင်္ကာကြယ်)တို့အပါအဝင် စုစုပေါင်း သံဃာ အပါး ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားချိန်တွင် ၎င်းတို့၏ လုံခြုံရေးအတွက် သံဃာတော်များကို သုံးခြင်းသည် ဘာသာ၊ သာသနာကို စော်ကားခြင်းသာဖြစ်ကြောင်းလည်း ၎င်းက ဆက်မိန့်သည်။ 

မန္တလေးမြို့တွင် သီတင်းသုံးနေသည့် နောက်ထပ် သံဃာတော်တစ်ပါးကလည်း စစ်ကောင်စီခြေလှမ်းသည် သံဃာချင်း ထိန်းချုပ်ရန် ရည်ရွယ်ပုံရသည်ဟု Facebook တွင် ရေးသားထားသည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ စစ်အုပ်စုက အရှင်ဘုရားတို့ ဘုန်းကြီးအချင်းချင်းသာ ထိန်းပေးပါဆိုတဲ့သဘောနဲ့ တိုက်ပေးလာတယ်လို့ ပြောရမှာပါ။ အချင်းချင်းတိုက်ပေးတာဖြစ်တယ်။ ဘုန်းကြီးနဲ့ ပြည်သူ တိုက်ပေးတာဖြစ်တယ်”ဟု အထက်ပါ ဆရာတော်က ရေးသားထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန္ဒပြနေသည့် မန္တလေးမြို့ခံသံဃာများကို ကားဖြင့်တိုက်သေနတ်ဖြင့်ပစ်၍ပင် ဖမ်းဆီးနေပြီး စစ်ကြောရေးစခန်းသို့ ရောက်သွားသည့် ဆရာတော်များမှာ ဝိနည်းနှင့်အညီ သီတင်းသုံး၊ ဆွမ်းဘုဉ်းပေးနိုင်ရေး ဒုက္ခကိုသာမက ရိုက်နှက်နှိပ်စက်ခံရသည်အထိ ဖြစ်နေရသည်။

Show More

Related Articles

Back to top button