သတင်း

ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနေကြောင်း ဗဟိုဘဏ်တာဝန်ရှိသူအတည်ပြု

ဝါဇီစက်ရုံကို ပုံမှန်လည်ပတ်နေပြီး ငွေသားလိုအပ်ချက်နှင့် ငွေကြေးဖောင်ပွမှုနှုန်းကို တွက်ချက်ကာ ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေနေကြောင်း စစ်ကောင်စီခန့် ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက Myanmar Now ကို အတည်ပြုသည်။

မကွေးတိုင်း၊ ချောက်မြို့အနီး ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝါဇီအရပ်ရှိ လုံခြုံရေးနှင့် ဆိုင်သော ပုံနှိပ်လုပ်ငန်းစက်ရုံ (လ.န.စ) တွင် မြန်မာငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေနေခြင်းဖြစ်သည်။

“ဝါဇီက ပုံမှန်အတိုင်းပဲ သူ့အလုပ်သူလုပ်တယ်။ ငွေကြေးမူဝါဒအတိုင်းပဲ လုပ်သင့်လုပ်ထိုက်တာ တွက်ချက်ပြီး လုပ်တာကလွဲလို့ ဘယ်သူ့အတွက်၊ ဘယ်ဝါအတွက်၊ အစိုးရအတွက် ရိုက်တာ ဘာမှမရှိဘူး” ဟု အထက်ပါ ဗဟိုဘဏ်တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဝါဇီစက်ရုံအတွက် ငွေစက္ကူကုန်ကြမ်းနှင့် မင်ရောင်းချသည့် ဂျာမနီကုမ္ပဏီ Giesecke Devrient က ကုန်ကြမ်းရောင်းချမှုကို ရပ်ဆိုင်းခဲ့သဖြင့် လက်ရှိတွင် မည်သည့်နိုင်ငံမှ ကုန်ကြမ်းများ အသုံးပြုနေသည်ကို မေးမြန်းရာတွင် မသိရှိကြောင်း ၎င်းက ပြောသည်။

“လူတွေကသာ အလွယ်တကူ လျှောက်ပြောနေတာ။ ငွေစက္ကူထုတ်တယ်ဆိုတာ အထက်အကြီးအကဲတွေက လိုအပ်ချက်ရှိမှသာ တိုင်ပင်ပြီးလုပ်ကြတာ။ အောက်ကလူတွေ ဘာမှမသိဘူး” ဟုလည်း ဗဟိုဘဏ်တာဝန်ရှိသူက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ငွေစက္ကူကုန်ကြမ်းပြတ်တောက်ခြင်းနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ကြောင့် ဝါဇီစက်ရုံမှာ ပုံမှန်မလည်ပတ်နိုင်ခဲ့ပေ။ ထို့ပြင် စစ်ကောင်စီက ရုရှား သို့မဟုတ် တရုတ်အကူအညီဖြင့် ငွေစက္ကူသစ်များ ရိုက်နှိပ်ထုတ်ဝေရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြီးခဲ့သည့်လများအတွင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

လက်ရှိတွင် ဝါဇီစက်ရုံကို ရုရှား၏ အကူအညီဖြင့် ပြန်လည်ပတ်ခြင်းဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် ဘဏ္ဍာ‌ရေးကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုသည်။

အခွန်ရငွေကျဆင်းပြီး အသုံးစရိတ်တက်လာသောကြောင့် ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းရန် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“သေချာပေါက်ဖြစ်နိုင်တာက ကုန်ဈေးနှုန်းတက်မှာပေါ့။ Inflation(ငွေကြေးဖောင်းပွမှု) ဖြစ်မှာပေါ့။ လုပ်ငန်းတွေက ပုံမှန်မလည်ပတ်နိုင်ဘူး။ ငွေစက္ကူတွေထပ်ပြီး ရောက်လာလို့ရှိရင် ဝယ်အားများမယ်။ ရောင်းအားက သိပ်မရှိဘူးပေါ့။ လုပ်ငန်းမလည်ပတ်တဲ့အတွက်ပေါ့။ ကုန်ဈေးနှုန်းတွေက ဒီထက်ပိုတက်လာနိုင်စရာရှိတယ်” ဟု ဘဏ္ဍာ‌ရေးကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ယင်းအမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းယူပြီး ခြောက်လကျော်အကြာတွင် အမေရိကန်ဒေါ်လာဈေး အဆမတန်မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းလျက်ရှိသည်။ ပြည်တွင်း​ငွေ​ကြေး​ဈေးကွက်တွင် ယမန်နေ့က (သြဂုတ် ၁၂) အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၂၀ ကျပ်အထိ ဈေးပေါက်ခဲ့သည်။

ကျပ်ငွေတန်ဖိုး ၂၉ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာပေါက်ဈေးသည်လည်း နှုန်းရှင်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ၁၀ နှစ်ကျော်အတွင်း ​အမြင့်ဆုံးရောက်ရှိလာသည်။

နိုင်ငံရေးမတည်ငြိမ်​တော့သဖြင့် ကျပ်ငွေအပေါ် ယုံကြည်မှုနည်းလာခြင်းနှင့်အတူ ဘဏ်များမလည်ပတ်နိုင်ခြင်း၊ ဒေါ်လာနှင့် ရွှေကို ပိုမိုစုဆောင်းလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းနှင့် နိုင်ငံခြားဝင်​ငွေ​လျော့နည်းလာခြင်းများကြောင့် ကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းလာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးနှင့် ဘဏ်စနစ်အပေါ် လူထုယုံကြည်မှုကျဆင်းလာပြီး ဘဏ်နှင့်ပတ်သက်သော ကောလာဟလများလည်း မကြာခဏထွက်ပေါ်လျက်ရှိသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော တချို့သော ငွေစက္ကူများ ရုပ်သိမ်းမည်၊ ဘဏ်အချို့ပိတ်သိမ်းမည်ဆိုသော သတင်းများနှင့်ပတ်သက်၍ သတင်းမှားသာဖြစ်ကြောင်း၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်စွာ ဆက်လက်သုံးစွဲနိုင်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ယနေ့ (ဩဂုတ် ၁၃) ထုတ်ပြန်ထားသည်။

ပုံမှန်အားဖြင့် ဘတ်ဂျက်လိုငွေပြ (ဝင်ငွေထက် သုံးငွေပိုများခြင်း) ကို ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း၊ ဗဟိုဘဏ်က ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များထုတ်ရောင်းခြင်းဖြင့် ဖြည့်ဆည်းလေ့ရှိရာ ဖေဖော်ဝါရီနှင့် ဇွန်လတွင် ကျပ် ၂၀၀ ဘီလျံနှင့် ကျပ် ၅၀၀ ဘီလျံတန်ဖိုးရှိ ငွေတိုက်စာချုပ်များကို စစ်ကောင်စီက ရောင်းချခဲ့သော်လည်း အပြည့်အဝရောင်းမထွက်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိ ၆ ရာခိုင်နှုန်းအထိ ရှိနေသည့် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည် နောက်ခြောက်လတွင် သိသိသာသာမြင့်တက်လာနိုင်သည်ဟု ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင်က ဆိုသည်။

ထို့ပြင် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်မည်သော နှစ်ထပ်ကွမ်းဘေးဆိုးကြောင့် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူနှစ်ဆမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

Show More

Related Articles

Back to top button