ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ပိုင်ဆိုင်သည့် ဘူးဂါးလျှပ်စစ်ကုမ္ပဏီမှ ဝန်ထမ်းခြောက်ဦးကို စစ်ကောင်စီက ဩဂုတ် ၉ ရက်ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘူးဂါးလျှပ်စစ်ကုမ္ပဏီရုံးတွင် တာဝန်ကျနေသည့် ဝန်ထမ်းများကို စစ်ကောင်စီက စစ်ဆေးပြီးနောက် ခြောက်ဦးကို ရွေးချယ်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အထက်ပါဝန်ထမ်းက ဆိုသည်။
“ဘာသဘောကြောင့်လုပ်သလဲတော့ ကောင်းကောင်းတော့ နားမလည်ဘူး။ အခါတိုင်း အဲဒီလိုမျိုးဖြစ်ရပ်တွေ မရှိဖူးဘူး။ ပြီးရင် ကျွန်တော်တို့ရုံးက ၅၈ တပ်ရင်းနဲ့ဆို အရမ်းကြီးတော့ မဝေးဘူး။ ဘူးဂါးလျှပ်စစ်လုပ်ငန်းဆိုတာကလည်း KIO ပိုင်တဲ့ လုပ်ငန်းဆိုတော့ ဘယ်လိုမျိုး သံသယတွေ တစ်ခုခုရှိလို့များလား အတိအကျတော့ မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ဝိုင်းမော်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ကုမ္ပဏီတာဝန်ရှိသူများက သွားရောက်ဆွေးနွေးနေကြောင်း အထက်ပါဝန်ထမ်းက ဆက်ပြောသည်။
ဘူးဂါးလျှပ်စစ်ကုမ္ပဏီသည် ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့ကို လျှပ်စစ်ဓာတ်အားပေးနေသည့် ကုမ္ပဏီဖြစ်ပြီး ဘူးဂါးလျှပ်စစ်ရုံးမှာ ဝိုင်းမော်ရှိ စစ်ကောင်စီ၏ ခလရ (၅၈) တပ်ရင်းနှင့် မလှမ်းမကမ်းတွင် ရှိသည်။
အဆိုပါ ခလရ(၅၈) တပ်တွင် ဇူလိုင် ၂၉ ရက်နှင့် ယခုလဆန်းပိုင်းအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည်ဟု သိရသည်။
ဇူလိုင် ၂၉ ရက်က ပစ်ခတ်မှုမှာ KIA က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း ယခုလဆန်းပိုင်းအတွင်း ပစ်ခတ်မှုများတွင် KIA မပါဝင်ကြောင်း၊ စစ်ကောင်စီတပ်က တပ်လှန့်ခြင်း သို့မဟုတ်၊ ထိုးစစ်ဆင်လို၍ KIA အမည်တပ်ကာ တိုက်ပွဲဖော်ခြင်းလည်းဖြစ်နိုင်သည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်ရှိ မြို့နယ်များ၌သာမက ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းဒေသအချို့တွင် စစ်ကောင်စီတပ်စခန်းများ၊ စစ်ကြောင်းများ၊ ယာဉ်တန်းများကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။



