အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုမှသာ အကျပ်အတည်းမှလွတ်မည်ဟု PPST ပြော

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး တွေ့ဆုံဆွေးနွေးနိုင်မှသာ တိုင်းပြည်၌ ကြုံနေရသည့် အထွေထွေအကျပ်အတည်းမှ လွတ်မြောက်နိုင်မည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ပြောရေးဆိုခွင့်ရှိသူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်မှ ဒီအခက်အခဲ အကျပ်အတည်းတွေပေါ့ ကပ်ဆိုးတွေရော အထွေထွေအကျပ်အတည်းတွေကရော လွတ်မြောက်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့၏ PPST အစည်းအဝေးကို ဇူလိုင် ၄၊ ၅ ၌ကျင်းပပြီးနောက် ကြေညာချက်ထုတ်ပြန်ရာတွင်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည့် စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကြီးစွာသော အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

“အထူးပဲပြောလိုတာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဒီနွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ CDM ဝန်ထမ်းတွေရော သက်ဆိုင်သူအားလုံး နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့လိုတယ်”ဟု ခွန်မြင့်ထွန်းက ဆက်ပြောသည်။

လက်ရှိ အခြေအနေအတိုင်း ဆက်သွားပါက တိုင်းပြည်ကျရှုံးပျက်စီးခန်း ရောက်သွားနိုင်မည့် အလားအလာများစွာရှိနေပြီး နိုင်ငံရေးအခန်းကဏ္ဍထက် စစ်ရေးပိုရှေ့ရောက်မည်ကို စိုးရိမ်ကြောင်း၊ PPST သည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

PPST ၏ ကြေညာချက်တွင် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေး အာဆီယံအထူးသံတမန်ခန့်အပ်ခြင်းကို ကြိုဆိုကြောင်း ဖော်ပြခဲ့သလို ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂအပါအဝင် NCA အသိသက်သေနိုင်ငံများနှင့် ကြားဝင်စေ့စပ်နိုင်ရေးကို PPSTက ကြိုးပမ်းဆောင်ရွက်နေသည်ဟု ခွန်မြင့်ထွန်းက အသိပေးသည်။

“သို့သော်လည်းပဲ နိုင်ငံတကာမှာလည်း သူ့အကျိုးစီးပွားနဲ့သူ လုပ်ကြတာဖြစ်တဲ့အတွက် အာဆီယံရဲ့ ဆုံးဖြတ်ကြေညာချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးဆိုတာမျိုးမပါဘူး။ ဒါကြောင့်မို့လို့ ဒီနိုင်ငံတကာ ကြားဝင်စေ့စပ်ရေးကိစ္စတွေက ကျွန်တော်တို့ တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီနိုင်ရေးဖြစ်အောင်တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်း ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် ကာကွယ်ဆေးများ မြန်မာပြည်သူတို့ ရနိုင်ရန် နိုင်ငံတကာအကူအညီများ ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟုလည်း PPST က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့သည့် စစ်တပ်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ရလဒ်ကိုပယ်ဖျက်ကြောင်း ပြီးခဲ့သည့် လအတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေတွင် စစ်တပ်၏ ရက်စက်စွာဖိနှိပ်မှုကို လနှင့်ချီ ကြုံခဲ့ရပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အရပ်သား ထောင်ပေါင်းများစွာသည် ပြန်၍ဆန့်ကျင်တော်လှန်ရန် နယ်စပ်ဒေသတွင် စစ်ပညာသင်ကြားနေကြသလို ပြည်တွင်း၌ပင် ရရာလက်နက်ဖြင့် ခုခံနေသူတို့လည်း ရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button