ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပီတာအောင်သည် အခြား ၄ ဦးနှင့်အတူ ဇူလိုင် ၃၀ တွင် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သူ၏ မိတ်ဆွေတစ်ဦးက ပြောသည်။
နန့်စန်မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်တပ်က ဦးပီတာအောင်၊ ကိုမောင်လွတ်၊ ကိုဇင်သော်ဟိန်း၊ ကိုစိုင်းလူ၊ ကိုမောင်သက် တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုအမျိုးသမီးက Myanmar Now ကို ပြောသည်။
“အခုလောလောဆယ် ဘာသတင်းမှ ထပ်မကြားတော့ဘူးပေါ့နော်၊ အဲဒီလိုမျိုးဖြစ်နေတာ။ သူ (ဦးပီတာအောင်) ဟိုဘက်မှာ အဖမ်းခံရတော့ ကျွန်မတို့လည်း အလန့်တကြားဖြစ်သွားတာပေါ့နော်။ ကျွန်မတို့က သေသေချာချာတော့ မပြောနိုင်ဘူး။ ဒီအချိန်က အဖမ်းခံရရင် အနည်းနဲ့အများတော့ စစ်ကြောရေးတော့ ရောက်မှာပဲ” ဟု ထိုအမျိုးသမီးက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု၍ အနိုင်ရခဲ့သော အသက် ၃၀ အရွယ် ဦးပီတာအောင်ကို ထိန်းသိမ်းထားမှုအခြေအနေနှင့် ပတ်သက်ပြီး နမ့်စန်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။
ဦးပီတာအောင်တို့ အဖမ်းခံရပြီး နောက်တစ်နေ့မှစ၍ ပျံ့နေခဲ့သော Facebook ပို့စ်တစ်ခုတွင် ဦးပီတာအောင်အပါအဝင် အမျိုးသား ၅ ဦးကို နမ့်စန်-မိုးနဲ မြို့အဝင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့သည်ဟု ဖော်ပြထားသည်။
မော်တော်ယာဉ်အတွင်းမှ ပစ်ခတ်သဖြင့် စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး ရဲလင်းအောင် ဦးခေါင်းကျည်ထိ သေဆုံးပြီး၊ တပ်ကြပ်ကြီးသန်းစိုးဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူတို့က ပစ်ခတ်ခြင်း ဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။
ကားအတွင်းမှ ပြန်လည်ပစ်ခတ်သူများမှာ ဦးပီတာအောင်နှင့်အဖွဲ့ ဟုတ်မဟုတ်ကို Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ယင်းနေ့က မိုးနဲ-နမ့်စန် မြို့အဝင်စစ်ဆေးရေးဂိတ်အကျော် နမ့်စန်ဆေးရုံကြီးရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်းနေရာအနီးအဖမ်းခံရသည့် NLD အမတ် ဦးပီတာအောင်တို့နှင့် သက်ဆိုင်မှုမရှိကြောင်း မျက်မြင်တွေ့ရှိသည့် ဆေးရုံဝန်ထမ်းများကို ကိုးကား၍ နမ့်စန်ဒေသခံတစ်ဦးက ပြောသည်။
PDF ဟု ဆိုကာ စစ်တပ်က ဖမ်းဆီးလာသည့် လူငယ်နှစ်ဦးကို နမ့်စန်ရဲစခန်းသို့ ကားဖြင့် ခေါ်လာချိန်တွင် နောက်မှ လိုက်လာသည့် အခြားကားတစ်စီးက လိုက်လံပစ်ခတ်ရာမှ စရဖတပ်ကြပ်နှစ်ဦး ဦးခေါင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“နောက်မှသိရတာက မိုးနဲကနေ ဖမ်းလာတာ PDF လည်း မဟုတ်ဘူးပေါ့နော်။ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုပေါ့။ အဲဒီအဖွဲ့အစည်းက လူနှစ်ယောက်ဖြစ်နေတယ်။ သူတို့လူ လွတ်အောင်ပေါ့ နောက်ကနေ လိုက်ပစ်တာ၊ လိုက်ပစ်ရင်းနဲ့ မမီဘူး။ မမီတော့ မြို့ထဲဝင်ခါနီး ဆေးရုံရှေ့ရောက်တော့မှ ပစ်ထည့်လိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။
ဆေးရုံဝင်းအတွင်း ကင်းပုန်းဝပ်နေသည့် စစ်သားတချို့လည်း ပြေးထွက်ကာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ထိုအမျိုးသားက ဆိုသည်။