သတင်း

ဝိုင်းမော်မြို့ကို စစ်ကောင်စီတပ်က နာရီအတန်ကြာ ပစ်ခတ်

ယမန်နေ့ (ဩဂုတ် ၃) ညပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နာရီပေါင်းများစွာကြာအောင် တစ်ဖက်သတ်ပစ်ခတ်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

“တပ်ဆိုတော့ လိုအပ်ရင်တော့ တပ်လှန့်တာရှိတာပဲ။ သူတို့လည်း မနေ့က တပ်လှန့်တာတွေ၊ အကြောက်လွန်၊ သတိလွန်လို့ အချင်းချင်းပစ်တာတွေ၊ ခတ်တာတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ၏ စခန်းတစ်ခုခုကို တိုက်ခိုက်လိုသောကြောင့် ထိုမြို့နယ်ရှိ ခြေလျင်တပ်ရင်း ၅၈ က အယောင်ပြပစ်ခတ်ခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

အသက် ၅၀ ဝန်းကျင်ရှိသည့် ဝိုင်းမော်မြိုမိမြို့ဖတစ်ဦးကလည်း ယမန်နေ့ ည ၇ နာရီခွဲခန့်မှစ၍ လက်နက်ကြီးသံများစတင်ကြားခဲ့ရပြီး ည ၉ နာရီခန့်တွင် လက်နက်ငယ်နှင့် စက်သေနတ်သံများပါ ကြားလာရသည်ဟု ပြောသည်။

“တစ်ညလုံးနီးပါးကို အိပ်မရဘူး။ ပစ်နေတဲ့စခန်းနဲ့ ကျွန်တော့်အိမ်နဲ့က မဝေးတော့ အိမ်တောင်တုန်တယ်” ဟု ၎င်းက ဆိုသည်။

ပစ်ခတ်သည့် တပ်ရင်း ၅၈ အနီး လဘန်ကျေးရွာမှ နေအိမ်တချို့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆန်များထိမှန်ခဲ့ကြောင်း၊ ဝက်ခြံတစ်ခုကို လက်နက်ကြီးထိမှန်စဉ် ဝက်တချို့သေဆုံးခဲ့ကြောင်း တပ်စခန်းအနီးနေထိုင်သည့် အမည်မဖော်လိုသူ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပစ်ခတ်မှုများအပြင်းအထန်ဖြစ်ပွားနေချိန် ည ၁၀ နာရီခန့်တွင် စစ်ရဟတ်ယာဉ်တစ်စီး ဝိုင်းမော်မြို့ပေါ်တွင် သုံးကြိမ်ခန့် ပျံသန်းခဲ့ကာ တင့်ကားနှင့် သံချပ်ကာကားများလည်း မြို့အတွင်း လှည့်ပတ်မောင်းနှင်ခဲ့သည်ဟု ဝိုင်းမော်ဒေသခံတချို့က ပြောသည်။

ပစ်ခတ်သံများကို ယနေ့ (ဩဂုတ် ၄) မနက် ၃ နာရီခန့်အထိ ကြားရသော်လည်း မိုးလင်းသည့်အခါ ဝိုင်းမော်မြို့အတွင်း ပြည်သူတို့ သွားလာလှုပ်ရှားမှုများ ယခင်ရက်များအတိုင်းဖြစ်သည်ဟု သိရသည်။

ဝိုင်းမော်မြို့တွင် ယင်းကဲ့သို့ ပစ်ခတ်မှုများဖြစ်ပွားနေချိန်တွင် စစ်တပ်က တရုတ်-မြန်မာနယ်စပ်အနီးရှိ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ယနေ့ မနက် ၁ နာရီခန့်က ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်နှင့် မလှမ်းမကမ်းတွင် တည်ဆောက်ထားသည့် ကိုဗစ်နိုင်တင်းစင်တာအနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသည့်သတင်း ကြားသိရခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဇူလိုင် ၂၉ မှ  ၃၁ အတွင်း ကချင်နှင့် ရှမ်းမြောက်ဒေသမှ စစ်တပ်စခန်း ၆ ခုထက်မနည်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် စစ်ယာဉ်တန်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။  

“နှစ်ဖက်နယ်ခံတပ်တွေကြား ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေပါပဲ။ ဖားကန့်ဘက်မှာလည်း တိုက်ပွဲတွေရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က တပ်တွေလှုပ်ရှားလာလို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေပါပဲ။ တပ်ရင်းတွေကို ထိုးစစ်ဆင်တဲ့ တိုက်ပွဲတွေကတော့ မရှိပါဘူး။ လမ်းမှာချထားတဲ့ ဂိတ်တွေကိုတော့ လာရှင်းတာတော့ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ 

မိုးညှင်းခရိုင်၊ နမ်စီအောင်ဒေသသို့ ဝင်ရောက်လာသည့် စစ်ယာဉ်တန်းကိုလည်း ဇူလိုင် ၃၀ က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။ 

လိုင်ဇာအနီး တပ်စွဲထားသည့် ခရာဘွမ်၊ ဘွမ်ရေဘွမ် တပ်စခန်းများမှ ဇူလိုင် ၃၀ မနက်ပိုင်းတွင် KIA ဌာနချုပ်နယ်မြေသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း KIA တိုက်ခိုက်ခဲ့သည့် တပ်စခန်းများမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့အနီးရှိ စီးဒီယံတပ်စခန်း၊ ၎င်းစခန်းနှင့် မိုင်အနည်းငယ်သာကွာသည့် မရန်ကထောင်စစ်ဆေးရေးဂိတ်၊ မိုးကောင်းမြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံး၊ ဝိုင်းမော်မြို့နယ်ရှိ တပ်ရင်း ၅၈၊  ရှမ်းမြောက်ဒေသ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းရှိ မူဆယ် – ကွတ်ခိုင်လမ်းပိုင်းမှ နမ့်ခိုင်နှင့် နမ့်ပေါ် တပ်စခန်းတို့ ဖြစ်သည်။ 

စစ်ကောင်စီက အရပ်သားအန်တုသူများနှင့် ပတ်သက်ပြီး နေ့စဉ်ထုတ်ပြန်နေသော်လည်း တိုင်းရင်းသားဒေသ တိုက်ပွဲအခြေအနေများကို သတင်းအမှောင်ချထားသည်။

နှစ်ဖက်တပ် ထိခိုက်ဒဏ်ရာရမှု အခြေအနေအသေးစိတ်ကို မသိရသော်လည်း ဝိုင်းမော်နှင့် နမ္မတီးတိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားများသေဆုံးခဲ့သည်ဟု ကချင်ဒေသခံတချို့က ပြောသည်။

Show More

Related Articles

Back to top button