သတင်း

ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ် 

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ရန် ဘရူနိုင်းနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အထူးသံတမန်အဖြစ် အာဆီယံက ခန့်အပ်လိုက်ကြောင်း သံတမန်ရင်းမြစ်များကို ကိုးကား၍ Reuters သတင်းဌာနက ယနေ့ (ဩဂုတ် ၄) ရေးသားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လအတန်ကြာ အချေအတင်ဆွေးနွေးပြီးနောက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်းနိုင်ငံမှ ဒုနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံအထူးသံတမန်အဖြစ် ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း Virasakdi Futrakul ကို သဘောတူထားပြီးဖြစ်သော်လည်း ထပ်မံအဆိုပြုမှုများ ရှိလာသည့်အတွက် ရှေ့မတိုးဖြစ်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဩဂုတ် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မူဘောင်အတွင်းမှနေ၍ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်းလည်း ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ကို ဖြုတ်ချကာ အာဏာသိမ်းယူပြီး ခြောက်လအကြာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ခန့်အပ်ရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်များအကြား အချေအတင်ဆွေးနွေးမှုများရှိခဲ့ပြီး၊ ဘရူနိုင်းဒုနိုင်ငံခြားရေးဝန်ကြီးအပါအဝင် ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ကလည်း တစ်ဦးစီအဆိုပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊ အမေရိကန်နှင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက အာဆီယံ၏ သံတမန်နည်းလမ်း ကြိုးပမ်းအားထုတ်မှုများအပေါ် ဆက်တိုက်ဖိအားပေးခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ခြောက်လပြည့်မိန့်ခွန်း ထွက်ပေါ်လာပြီးနောက် မြန်မာစစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲအကြောင်းပြကာ အချိန်ဆွဲနေခြင်းသာဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ဖိအားပေးဆောင်ရွက်ရန် အမေရိကန်က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဘရူနိုင်းနိုင်ငံမှ ဒုနိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ကြောင်း သံတမန်သတင်းရပ်ကွက်က ဆိုသော်လည်း ဩဂုတ် ၂ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် အထူးသံတမန်၏အမည်ကို ကြေညာနိုင်ခဲ့ခြင်း မရှိသည့်အပြင် အာဆီယံက တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူများကို ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းသတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံတကာက အပြင်းအထန်ဖိအားပေးခဲ့ရာ မြန်မာ့အရေးနှင့် ပတ်သက်၍ ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးပြုလုပ်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံခေါင်းဆောင်များက သဘောတူဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဘုံသဘောတူညီချက်များတွင် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ညှိနှိုင်းဆွေးနွေးရန်၊ ကြားဝင်ဆောင်ရွက်ပေးမည့် အာဆီယံအထူးသံတမန်ခန့်အပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ခွင့်ပြုပေးရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရသူ ဘရူနိုင်းနိုင်ငံမှ ဒုနိုင်ငံခြားရေးဝန်ကြီးသည် အာဆီယံအတွင်းရေးမှူးနှင့်အတူ ဇွန်လဆန်းပိုင်းက နေပြည်တော်သို့ လာရောက်ခဲ့သူဖြစ်သည်။

၎င်းသည် နေပြည်တော်ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည့်အပြင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတို့အပြင် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်လည်း တွေ့ဆုံခဲ့သည်။

Show More

Related Articles

Back to top button