အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်၍ ပုဒ်မ ၅၀၅ ဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုခံထားရသော ကျန်းမာရေးဝန်ထမ်းအချို့ ယခုရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာရန်ရှိကြောင်း ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များထံမှ သိရသည်။
“လွှတ်ဖို့ရှိနိုင်ပါတယ်ခင်ဗျ။ လွှတ်ဖို့လည်း စီစဉ်ထားပေးပါတယ်။ လွှတ်ဖို့လည်း ရှိနိုင်ပါတယ်။ ပြောလို့တော့ မရသေးဘူး။ ဘယ်နှယောက်ပါမယ်ဆိုတာ ကျွန်တော်လည်း အကုန်မသိသေးဘူး” ဧရာဝတီတိုင်းရဲတပ်ဖွဲ့ ၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေက ယမန်နေ့ (ဇူလိုင် ၃၁) တွင် Myanmar Now ကို ပြောသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဧရာဝတီတိုင်းရဲတပ်ဖွဲ့ထံ ပေးပို့သည့် စာအရ နာမည်ကျော် ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အပါအဝင် CDM ဆရာဝန်နှင့် သူနာပြုများအပါအဝင် အခြားဌာနဆိုင်ရာဝန်ထမ်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၇ ဦးကို ဩဂုတ် ၂ ရက်မတိုင်မီ အမှုမှ လွှတ်ပေးရန် ညွှန်ကြားထားသည်။
အဆိုပါ ၂၇ ဦးအနက် အများစုမှာ ဆူပူစေရန်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများ ဖြစ်သည်။
အဆိုပါ စာရင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ဖေဖော်ဝါရီ ၁၁ ကတည်းက ဖမ်းဆီးခံထားရသည့် အင်္ဂပူမြို့နယ် မဲဇလီကုန်းတိုက်နယ်ဆေးရုံအုပ် ဒေါက်တာပြည့်ဖြိုးနိုင်လည်း ပါဝင်ပြီး ဖြစ်နိုင်ခြေရှိကြောင်း ၎င်း၏ ရှေ့နေက သုံးသပ်သည်။
“သူတို့ဖြေလျှော့တာ ပထမတစ်သုတ်ဖြေလျှော့ပေးတယ်။ ခု နောက်တစ်သုတ်ဖြေလျှော့ပေးတာ။ ပထမတစ်သုတ် ၅၀၅-က တွေ လွှတ်လိုက်တာကြာပြီလေ။ အဲဒါကိုမှ ဝန်ထမ်းတွေကျန်သေးတယ် အရပ်သားတွေပဲ လွှတ်လိုက်တာ” ဟု ဒေါက်တာပြည့်ဖြိုးနိုင်၏ ရှေ့နေ ဦးလှတင်က ပြောသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်၍ ပုဒ်မ ၅၀၅ – က ဖြင့်ပင် အချုပ်အနှောင်ဖြင့် တရားရင်ဆိုင်နေရသည့် အရပ်သား ၂၀၀၀ ကျော်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန် ၃၀ တွင် လွှတ်ပေးခဲ့သည့်ကိစ္စကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။
နေပြည်တော်အချုပ်ထောင်၌ ပုဒ်မ ၅၀၅ ဖြင့်ပင် တရားရင်ဆိုင်နေရသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးသည်လည်း ပြန်လွှတ်ခံရမည့်စာရင်းတွင် ပါဝင်ကြောင်း မိသားစုဝင်များက Myanmar Now ကို အတည်ပြုသည်။
အဆိုပါဝန်ထမ်းနှစ်ဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၉ ဦးနှင့်အတူ ဖမ်းဆီးခံရသူများ ဖြစ်သည်။
သို့သော် ယခုအစီအစဉ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဦးရေမည်မျှလွှတ်ပေးမည်၊ မည်သို့ကန့်သတ်ချက်များရှိသည်ကိုမူ မသိရသေးဘဲ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပေ။
စစ်ကောင်စီလက်ထက်တွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်းကြောင့် ကပ်ရောဂါကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုမြင့်တက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်းများပြန်လာကြရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း မေတ္တာရပ်ခံခဲ့သည်။
ထို့ပြင် CDM ကျန်းမာရေးဝန်ထမ်းများကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားခြင်းကို ဖြေလျှော့ပေးမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ယနေ့ (ဩဂုတ် ၁) တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇူလိုင် ၃၁ စာရင်းအရ ဖေဖော်ဝါရီ ၁ မှစ၍ စစ်ကောင်စီက ဖမ်းဆီးထားသူ စုစုပေါင်း ၅၄၄၄ ဦးရှိကြောင်း သိရသည်။ AAPP ကို တရားမဝင်အဖွဲ့အဖြစ် ကြေညာထားသည့် စစ်ကောင်စီကမူ ၎င်းတို့ဖမ်းထားသည့် လူဦးရေစာရင်းကို ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။